သတင်း

မိုးဗြဲတွင် လက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် လေးဦးသေဆုံး

ရှမ်း-ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် ယနေ့ (စက်တင်ဘာ ၁၆) နံနက်က စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်လေးဦး ပွဲချင်းပြီး သေဆုံးသွားသည်။ 

ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲအရှိန်မြင့်နေသည့် ထိုဒေသသို့ စစ်တပ်က လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်နေရာ နံနက် ၆ နာရီခန့်တွင် မိုးဗြဲမြို့ မြို့မရပ်ကွက်၊ မွေတော်ဘုန်းကြီးကျောင်းသို့ တစ်လုံးကျသည်ဟု မြို့ခံ လူမူကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ရှောင်များအနက် အသက် ၁၀ နှစ်နှင့် ၇နှစ် အရွယ် ညီအမနှစ်ဦး၊​အသက် ၅၀ အရွယ် အမျိုးသား ၂ဦး သေဆုံးကြောင်း ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထိုဖြစ်စဉ်အတွင်း အပြင်းအထန်ဒဏ်ရာရသူ ၁၃ ဦးရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မိုးဗြဲမြို့ခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။ အသေးစိတ်အခြေအနေနှင့် အချက်အလက်များ မသိရသေးပေ။

“ပိုပြီးလုံခြုံမယ်ထင်လို့ ရပ်ကွက်သူ ရပ်ကွက်သားတွေက အဲမှာ လာနေကြတာပေါ့။ တိုက်ပွဲမဖြစ်ဘူး။ (စစ်တပ်က) ဒီတိုင်း ရမ်းသန်းပြီးပစ်တာ။ မနေ့ညက တစ်ညလုံးလည်း ကြားနေရတယ်။ အခုလော လောဆယ်တော့ ငြိမ်နေသေးတယ်” ဟု ၎င်းက ပြောသည်။ 

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ဘက်မှ မိုးဗြဲသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ကရင်နီတပ်ပေါင်းစုများအကြား စက်တင်ဘာ ၈ ရက်မှစ၍ လေးရက်ကြာ တိုက်ပွဲဖြစ်ခဲ့သည်။ 

မိုးဗြဲမြို့ ပွဲကုန်း (၃) ရပ်ကွက်ရှိ ကက်သလစ်ဘုရားကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်ဘက်မှ  အကျအဆုံးများခဲ့ပြီးနောက် စက်တင်ဘာ ၁၂ ရက်တွင် ထိုဒေသမှ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ယင်းနောက်တွင် နေ့စဉ် လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

“အခုက ခါတိုင်းထုတဲ့ လက်နက်ကြီးမျိုးမဟုတ်ဘူး။ နှစ်ဆင့်ကွဲ သုံးဆင့်ကွဲတော့ အမြဲတမ်း ပိုစိုးရိမ်နေရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးသောင်းနီးပါးရှိသည့် မိုးဗြဲတွင် မြို့ပေါ် ရပ်ကွက် ၁၅ ခုနှင့် အနီးအနားကျေးရွာများမှ စစ်ရှောင် တစ်သောင်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ၎င်းထံမှ သိရသည်။

“ပြည်သူတွေက ခါတိုင်းလိုမဟုတ်ဘဲနဲ့ အပြီးအပိုင် ရှိသမျှ ပစ္စည်းတွေအကုန်လုံးကို သယ်သွားတဲ့ အခြေအနေမျိုးတွေဖြစ်နေတယ်။ ဒီးမော့ဆိုလိုမျိုး ဖြစ်လာနိုင်လားဆိုတော့ စစ်တပ်ရဲ့ စစ်ဆင်ရေးပေါ်မှာပဲ မူတည်လိမ့်မယ်လို့ မြင်တယ်” ဟု ထိုသူက ဆိုသည်။

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စက်တင်ဘာလဆန်းပိုင်းက စစ်တပ် ပစ်သည့် လက်နက်ကြီး ထိမှန်ခဲ့သည့် ပွဲကုန်း ၃ ရပ်ကွက်ရှိ လူငယ်စာကြည့်တိုက်။ ဓာတ်ပုံ – Myanmar Now

အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်အတွင်း မိုးမြဲတွင် တိုက်ပွဲ မကြာခဏဖြစ်လေ့ရှိသည်။ ယခင်က သေနတ်သံများ ငြိမ်သွားလျှင် ဒေသခံတို့ ကိုယ့်အိမ်ကိုယ့်ယာသို့ ပြန်လေ့ရှိကြောင်း၊ ယခုမူ ရက်ပိုင်းအတွင်း စစ်တပ်၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ရသလို ဆက်လက်ပစ်ခတ်နေဆဲဖြစ်၍ ဒေသခံတို့ အိမ်ပြန်ရန် အခက်တွေ့နေကြကြောင်း Kayan Rescue Committee တာဝန်ရှိသူက ပြောသည်။

“တော်တော်များများက အနီးအနားရွာတွေကို ရှောင်ကြတယ်။ တချို့သော တောင်ယာတွေမှာ သွားနေကြတာ များတယ်။ ဒီရက် ထပ်ရောက်ဖို့လည်း အများကြီးရှိတယ်။ အခုက တိုက်ပွဲမဖြစ်တဲ့ ရပ်ကွက်တွေမှာလည်း သူတို့နေရတာ မလုံခြုံတော့ဘူး ခံစားရလို့ အခုထပ်ပြီးတော့ ပြောင်းရွှေ့မယ့် အုပ်စုတွေလည်း ရှိနေတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် စက်သုံးဆီနှင့် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်သည့်ဒဏ်ကြောင့် စစ်ဘေးရှောင်များမှာလည်း ဒုက္ခရောက်နေကြပြီး ယခုနှစ်တွင် တိုက်ပွဲကြောင့် ဆန်စပါး မစိုက်ပျိုးနိုင်သဖြင့် ရိက္ခာပြတ်လပ်နေကြောင်း Kayan Rescue Committee တာဝန်ရှိသူက ဆက်ပြောသည်။

“စားနပ်ရိက္ခာကူညီလှူဒါန်းပေးနေတဲ့ အသင်းအဖွဲ့ တော်တော်များများ နားလိုက်ကြတာရှိတယ်။ မိုးဗြဲမြို့ဟာ ကုန်လမ်းကြောင်းတွေလည်း အများကြီးဝင်တဲ့နေရာဖြစ်တယ်။ စစ်ဖြစ်တော့ ထပ်ပြေးရတော့ အခက်အခဲတွေ အများကြီး ဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့ ပါဝင်သည့် ကရင်နီဒေသတွင် စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ရှိပြီး စစ်အာဏာသိမ်းပြီးနောက် စက်တင်ဘာ ၁၁ အထိ စစ်ကောင်စီတပ်က အရပ်သား ၂၆၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ စာရင်းများအရ သိရသည်။ 

မိုးဗြဲသည် ကယားပြည်နယ် မြို့တော် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နှင့် ရှမ်းပြည်နယ်သို့ သွားလာရာတွင် လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသော မြို့တစ်မြို့ဖြစ်သည်။

စစ်ကောင်စီကမူ နှုတ်ဆိတ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button