သတင်း

ရဲနှစ်ဦးအသတ်ခံရပြီးနောက် မုံရွာမြို့တောင်ဘက် ရွာများကို စစ်တပ်ဝင်စီး 

စစ်ကိုင်းတိုင်းမြို့တော် မုံရွာတောင်ဘက် မိုင် ၂၀ ကျော်အကွာရှိ ညောင်ဖြူပင်ရွာ ရဲစခန်းမှ ရဲ ၂ ဦး ယခုလ ၁၂ ရက်က ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးတဝိုက်ရွာများကို နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

မုံရွာမြို့တောင်ဘက် ချင်းတွင်းမြစ်အရှေ့ဘက် ညောင်ဖြူပင်ရွာတွင် ဈေးဝယ်သွားသည့် ရဲနှစ်ဦးအသတ် ခံရသည့်နေမှစ၍ စစ်တပ်က အနီးဝန်းကျင်ရွာများကို ဝင်စီးနေခြင်းဖြစ်ကာ နဂါးတွင်းရွာမှ အိမ် ၁၆ လုံး၊ ကျွန်းကြီးရွာမှ အိမ် ၃ လုံးနှင့် ပေါက်ရွာမှ အိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အင်အား ၁၀၀ နီးပါးပါ စစ်ကောင်စီ စစ်ကြောင်းသည် ယခုလ ၁၃ ရက်မှစ၍ ညောင်ဖြူပင်ရွာအနီးရှိ ရတနာပုံ၊ ကျွန်းကြီး၊ တဲတိုက်၊ ဂျိုးစုကျေးရွာတို့ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စီးနင်းခဲ့ ကြောင်း၊ ဂျိုးစုရွာအနီးရှိ သရက်ခြံအတွင်း စစ်ရှောင်နေသည့် ပြည်သူအချို့ လက်နက်ကြီးထိမှန်ကာ တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း၊ ဂျိုးစုရွာတွင် စခန်းချ ညအိပ်ပြီးနောက် စစ်တပ်က နောက်တစ်ရက်ဖြစ်သော စက်တင်ဘာ ၁၄ ရက် နံနက် ပိုင်းတွင် နဂါးတွင်းရွာကို ဝင်ရောက်စီးနင်းစဉ် ထွက်ပြေးတိမ်းရှောင်သူ အမျိုးသမီးတစ်ဦး အမောဖောက် သေဆုံးခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

“သူတို့လက်နက်သံကြားရင် ပြေးဖို့ရာကလွဲလို့ ကျွန်တော်တို့ဘာမှမရှိဘူး။ တုံ့ပြန်တာ လုပ်ဖို့နေနေသာသာ သူတို့လာပြီဆိုရင်ကို အိပ်လို့လည်းမရ၊ စားလို့လည်းမဝင်၊ လူကြီးတွေရော၊ ကျန်းမာရေးမကောင်းတဲ့ သူတွေရော အကုန်လုံးကို ဝရုန်းသုန်းကားနဲ့ လမ်းမကြီးကိုပြည့်နေတာ ပြေးကြရတာ” ဟု အသက် ၄၀ အရွယ်ဒေသခံ အမျိုးသားက ဆိုသည်။

နဂါးတွင်းရွာတွင် စစ်တပ်က နေအိမ်များ၊ ဈေးဆိုင်များကို မွှေနှောက်ဖျက်ဆီးကာ မြေဩဇာအိတ်များ ယူဆောင်သွားကြောင်း၊ ရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ပြည်သူများကို ရိုက်နှက်စစ်ဆေးကြောင်း၊ ထို့ပြင် ဆိုင်ကယ်အစီး ၂၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

“ရွာဦးဘုန်းကြီးကျောင်းကို တန်းသွားပြီးတော့ ဘုန်းကြီးတွေရဲ့ ဖုန်းတွေရဲ့ဆင်းမ်ကတ်တွေနုတ်တယ်။ ရွာသားတွေရဲ့ ဖုန်းတွေသိမ်းတယ်၊ ရွှေတိုရွှေစ ငွေက အစ သိန်း ၈၀ လောက် အကုန်ယူချသွားတယ်။  အဲ့ဒီထဲမှာ တွေ့တဲ့သူဖမ်းပြီးတော့ ကျောင်းထဲမှာ ဆိုင်ကယ်တွေကို စုပုံပြီးတော့အကုန်မီးရှို့ပစ်တယ်” ဟု လည်း ဒေသခံတစ်ဦးက ပြောသည်။

ညနေပိုင်း ရွာမှပြန်လည်ဆုတ်ခွာသွားစဉ် ရွာသူရွာသား ၁၆ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ပြီး ကျန်သူများပြန်လွတ်လာသော်လည်း တစ်ဦးဆက်အဖမ်းခံထားရဆဲဖြစ်သည်။​ နဂါးတွင်းရွာမှ စစ်ကြောင်းပြန်ဆုတ်သွားသော်လည်း အနီးအနားကျေးရွာများမှ ဒေသခံအများစု နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ ရှောင်တိမ်းနေရဆဲ ဖြစ်သည်။ 

“စစ်ကြောင်းဆုတ်ပေမယ့် ကင်းပုန်းချန်ထားခဲ့တာတွေရှိတယ်။ မုံရွာ တောင်နယ်က လမ်းပန်းဆက်သွယ် ရေးကောင်းမွန်တယ် သူတို့ဝင်လာရင်လည်း ၁၀ မိနစ်၊ ၁၅ မိနစ် အတွင်းမှာရောက်နိုင်တဲ့နေရာဖြစ်တော့ ရဲရဲတော့ မပြန်ရဲသေးဘူး တချို့ကတော့ လွတ်ရာကျွတ်ရာ ဘုန်းကြီးကျောင်းတွေမှာ ရှောင်နေကြတုန်းပဲ ရှိသေးတယ်” ဟု ဒေသခံ နောက်ထပ်တစ်ဦးကပြောသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့ပတ်ပတ်လည်ရှိ မြို့နယ်များဖြစ်သည့် ဘုတလင်၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ချောင်းဦး၊ မြင်းမူ၊ အရာတော်မြို့တို့တွင် ဒေသခံ ကာကွယ် ရေးအဖွဲ့များ အင်အားကောင်းပြီး မြို့ပေါ်မှအပ ကျေးရွာများတွင် နယ်မြေစိုးမိုးထားသည်။

စစ်ကောင်စီတပ်သားများ၏ ကျေးရွာများကို မီးရှို့မှု၊ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်မှုနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရထံ Myanmar Now က ဆက်သွယ်၍ မရသေးပါ။

ကျေးရွာများကို မီးမရှို့ရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာက ဩဂုတ် ၁၇ ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ်တားမြစ်ခဲ့သည်။ သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ ယင်းလက်အောက်ခံတပ်သားများ ပြည်သူတို့၏နေအိမ်များကို မီးမရှို့ဟု ဆင်ခြေပေးထားသည်။

သို့သော် နေအိမ်များမရှို့ခံကြရသည့် ဒေသခံများနှင့် လွတ်လပ်သော လေ့လာစောင့်ကြည့်ရေးအဖွဲ့များ ကမူ နေအိမ်များ မီးရှို့သူများမှာ စစ်ကောင်စီတပ်သားများဟု ဆိုကြသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ထိ နေအိမ်ပေါင်း ၂၀,၁၅၃ လုံး ဖျက်ဆီးခံခဲ့ရသည်ဟု Data for Myanmar အဖွဲ့က ဩဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button