သတင်း

နေပြည်တော် NLD မြို့နယ်အတွင်းရေးမှူးကို စစ်ကောင်စီသတ်ဖြတ်၊ အလောင်းပြန်မရ

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အတွင်းရေးမှူးကို စစ်ကောင်စီက ဖမ်းပြီးနောက် ၂၄ နာရီမပြည့်မီ သေဆုံးခဲ့ရကာ အလောင်းပင်ပြန်မရဟု နီးစပ်သူများ ထံမှ သိရသည်။

စစ်ကောင်စီရန်ကြောင့် နေပြည်တော်မှ တိမ်းရှောင်နေရသည့် အသက် ၄၅ နှစ်အရွယ် ဦးဇော်မျိုးဝင်း (ခ) ဦးကိုကြီးကို ပြင်ဦးလွင်မြို့၊ ၁၁ရပ်ကွက်ရှိ နေအိမ်တစ်လုံး တွင် စက်တင်ဘာ ၁၂ ည ၉နာရီခန့်က စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။ 

နောက်တနေ့ နံနက်တွင် ပြင်ဦးလွင်သို့ မိသားစုများ လိုက်သွားရာ ရုပ်အလောင်းပင် မမြင်ခဲ့ရဘဲ ဦးကိုကြီး၏ တယ်လီဖုန်း၊ မှတ်ပုံတင်နှင့် အထောက်အထားအချို့ကိုသာ စစ်တပ်က ပြန်ပေးသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မိသားစုနှင့်နီးစပ်သည့်  အမျိုးသားတစ်ဦးက ပြောပြသည်။ 

“သူတို့(စစ်တပ်ဘက်က)ပြောတာက ဆိုင်ကယ်တားတာကို မရပ်ပေးတဲ့အတွက် ပစ်ပြီးတော့ ဖမ်းလိုက် တယ်ပေါ့။ ပြီးတော့ ဆိုင်ကယ် Tool Box ထဲမှာ လက်နက်ခဲယမ်းလေးတွေ ပါတယ် ဆိုပြီး မိသားစုကို ပြောတယ်။ ကျွန်တော်တို့ သိရတဲ့ သတင်းနဲ့ သူတို့ပြောတာနဲ့က လုံးဝ ဆန့်ကျင်ဘက်ပဲ” ဟု ၎င်းက ပြောသည်။ 

ဦးကိုကြီးသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဥတ္တရသီရိမြို့နယ်မှ အနိုင်ရခဲ့သည့် NLD အမတ် ဦးကျော်မင်းလှိုင်၏ ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။ 

၎င်းသေဆုံးသွားချိန်တွင် ဇနီးနှင့် သားနှစ်ဦး ကျန်ရစ်ခဲ့သည်။ သားအကြီးမှာ တက္ကသိုလ်ကျောင်းသား အရွယ် ဆယ်ကျော်သက်အရွယ် ဖြစ်ပြီး သားငယ်မှာ ခုနှစ်တန်းကျောင်းသား ဖြစ်သည်။ 

“(ဦးကိုကြီး)သူ့ရဲ့ ဖုန်းတွေ၊ မှတ်ပုံတင်တွေ၊ ထောက်ခံချက်တွေ ပါရဲ့သားနဲ့ ကာယကံရှင်ရဲ့ မိသားစုကို အကြောင်းမကြားဘဲနဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုလ် ပစ်လိုက်တာ။ ဖျောက်ဖျက်ပစ်လိုက်တာပေါ့” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

မိသားစုနှင့်နီးစပ်သူ အခြားတစ်ဦး၏ အဆိုအရ စက်တင်ဘာ ၁၂ရက်၊ ည ၉နာရီခန့်တွင် ဦးကိုကြီးကို ပြင်ဦးလွင်မြို့ နေအိမ်မှနေ၍ လာဖမ်းသည့်အဖွဲ့မှာ ထုံးဖို/ရေငန် ရဲစခန်းမှဖြစ်ကြောင်း၊ ထိုညတွင်ပင် စစ်ကြောရေး၌ သေဆုံးသွားကြောင်းနှင့် ကိုဗစ် အကြောင်းပြပြီး ညတွင်းချင်း သင်္ဂြိုလ်ပစ်လိုက်သည် ဟု သိရကြောင်း ပြောပြသည်။ 

ဦးကိုကြီးကို စစ်ကောင်စီလက်အောက်ခံ ရဲ သို့မဟုတ် စစ်တပ် မည်သည့် အဖွဲ့က ဖမ်း၍ မည်သည့် နေရာတွင် စစ်ဆေးသည်၊ မည်သို့ သေဆုံးသွားသည်ကိုမူ Myanmar Now က သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အတွင်းရေးမှူး ဦးဇော်မျိုးဝင်း(ခ)ဦးကိုကြီး။ ဓာတ်ပုံ-ပေးပို့

စစ်ကောင်စီတပ်လက်ချက်ဖြင့် သေဆုံးသွားသူ ဦးကိုကြီးသည် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ လုပ်ကိုင်ခဲ့ပြီး ပျော်ပျော်နေတတ်သဖြင့် လူချစ်လူခင် ပေါများသူ တစ်ဦး ဖြစ်သည်ဟု ၎င်း၏ မိတ်ဆွေများထံမှ သိရသည်။ 

“ပျော်ပျော်နေတတ်တယ်။ နောက်ပြီးတော့ လူကြီး၊ လူငယ် အားလုံးနဲ့ တည့်အောင်နေတတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့။ လူငယ်တွေကိုလည်း လက်ဆင့်ကမ်း တွဲခေါ်တယ်” ဟု ဦးကိုကြီးနှင့် ရင်းနှီးသည့် ဥတ္တရသီရိမြို့နယ်နေ NLD ပါတီဝင်တစ်ဦးက ပြောသည်။ 

စစ်တပ် အာဏာသိမ်းပြီးနောက် နေပြည်တော်မှ NLD ပါတီဝင် အနည်းဆုံး သုံးဦး စစ်ကြောရေးတွင် သေဆုံးခဲ့ရသည်။ ပြီးခဲ့သည့် နှစ်အတွင်းက ဇဗ္ဗူသီရိမြို့နယ်နေ အဂ္ဂမိုးညို ဆိုသူနှင့် ပျဉ်းမနားတွင် နေထိုင်သည့် နောက်ထပ် ပါတီဝင်တစ်ဦးလည်း စစ်ကောင်စီလက်ချက်ဖြင့် စစ်ကြောရေးတွင် သေဆုံးသွားသည်။ 

ဦးကိုကြီး သေဆုံးမှုနှင့်ပတ်သက်ပြီး နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူ တစ်ဦးက “ဒီလိုဖြစ်စဉ်တွေက မတရားအနိုင်ကျင့် ညှဉ်းဆဲသတ်ဖြတ်တာ။ ငါတို့အာဏာရှိရင် လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ စနစ်ကို မကြိုက်လို့လည်း ကျွန်တော်တို့တွေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးထားတာ။ ဒီလို မတရားမှုတွေ ချုပ်ငြိမ်းဖို့ အဆုံးထိ တော်လှန်သွားမယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နေပြည်တော်မှ NLD လွှတ်တော်အမတ်များ ဖြစ်ကြသော ဒက္ခိဏသီရိမြို့နယ်မှ ဦးသန့်ဇင်ထွန်း၊ ဥတ္တရီသီရိမြို့နယ်မှ ဦးကျော်မင်းလှိုင်နှင့် ဦးမောင်မောင်ဆွေတို့ သုံးဦးမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံထားရသည်။ 

ပုဗ္ဗသီရိမြိုနယ်အမတ် ဦးရည်မွန်(ခ)မောင်တင်သစ်မှာမူ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူနေပြီး ကျန်လွှတ်တော်အမတ်များမှာလည်း တော်လှန်ရေးတွင် တစ်နည်းတဖုံ ပါဝင်နေကြသည်။

NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီး နောက်တွင် ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ၆၀၀ ကျော်ကို စစ်တပ်က ပုဒ်မမျိုးစုံဖြင့်ဖမ်းဆီးထားသည်ဟု ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ယခုနှစ်ဆန်းပိုင်းတွင် Myanmar Nowကို ပြောထားသည်။ စစ်ကောင်စီ ဖမ်းထားသူများထဲတွင် လွှတ်တော် အမတ် ၁၀၀ ကျော်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ NLD ရုံး ၁၀၀ ကျော်ကို စစ်ကောင်စီက ဖျက်ဆီးခဲ့ကြောင်း ဦးကျော်ထွေးထံမှသိရသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်လက်ချက်ဖြင့် သေဆုံးခဲ့ရသူ ၂၂၇၆ ဦး ရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ယနေ့(စက်တင်ဘာ ၁၅) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ 

ထို့ပြင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂၄၀၆ဦး၊ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ဦး ရှိသည်ဟု ထိုအခြေအနေများကို မှတ်တမ်းတင်နေသည့် AAPP က ဆိုသည်။ ထိုအရေအတွက်များကို စစ်ကောင်စီက အတည်ပြုလေ့မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button