သတင်း

တိုက်ပွဲပြင်းထန်နေသော ရခိုင်မြောက်ပိုင်းသို့ စစ်သား ၅၀၀ ခန့် ထပ်ရောက်လာ 

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ယမန်နေ့ (စက်တင်ဘာ ၁၄) က စစ်ကောင်စီတပ်က အင်အား ၅၀၀ ခန့် ရေကြောင်းမှ ဝင်ရောက်လာကြောင်း ဒေသခံမျက်မြင်များက ပြောသည်။ 

ယမန်နေ့က စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းမှ စစ်ကောင်စီတပ်အင်အား ၅၀၀ ခန့် တင်ဆောင်လာသော ကစ္စပနဒီ သင်္ဘောသုံးစီးသည် ဘင်္ဂလားပင်လယ်ရေလမ်းကြောင်းအတိုင်း မောင်တောဘက်သို့ ခုတ်မောင်းသွားကြောင်း ဆိုသည်။

“လူအင်အား၊ လက်နက်အင်အား ရိက္ခာတွေကို ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့ အများပြည်သူပိုင် ကစ္စပနဒီ သင်္ဘောသုံးစီးမှာ အပြည့်တင်ထားတာ တွေ့လိုက်ရတယ်။ စစ်တွေက ရွှေမင်းဂံဆိပ်မှာပါ။ ညအချိန် ထွက်သွားကြတာ ဖြစ်မယ်။ မနက်မိုးလင်းတော့ မတွေ့ရတော့ဘူး” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

စစ်တွေမှ ထွက်ခွာလာသည့် ထိုသင်္ဘောသုံးစီးသည် မောင်တောမြို့နယ် နယ်စပ်ရှိ ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းသို့ ယမန်နေ့ညတွင် ရောက်ရှိလာပြီး စစ်သည်အင်အားတချို့ ချထားခဲ့ကာ ကျန်စစ်သားများကို တောင်ပြိုသို့ ပို့ဆောင်သည်ဟု ကြားသိရကြောင်း မောင်တောဒေသခံတစ်ဦးကလည်း ပြောသည်။

“အဲဒီကညင်ချောင်းစီးပွားရေးဇုန်ကနေ တောင်ပြိုဘက်ကို တချို့က အဲဒီသင်္ဘောနဲ့ ပို့တယ်လို့ ပြောကြတယ်။ တချို့က အဲဒီကညင်ချောင်းစီးပွားရေးဇုန်က ဘုတ်တွေနဲ့ ပို့တယ်လို့လည်း ပြောကြတယ်။ အတိအကျတော့ မသိရဘူး” သူက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် တိုက်ပွဲများဖြစ်နေချိန် စစ်ကောင်စီက ထိုသို့အင်အားတိုးချသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ယမန်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။

စစ်ကောင်စီသည် စစ်အင်အားနှင့် ရိက္ခာကို စစ်‌ရေယာဉ်၊ စစ်ရဟတ်ယာဉ်များနှင့်သာမက အရပ်ဘက်သုံး ခရီးသည်တင်ယာဉ်များဖြင့်ပါ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများကို အသုံးပြုကာ အင်အားဖြည့်တင်းနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ရေးအခြေအနေအရ ကုန်းလမ်း၊ ရေလမ်း ပြေးဆွဲနေသည့်ယာဉ်များကို စစ်ဆေးသွားမည်ဖြစ်ကြောင်း AA က ယမန်နေ့တွင် ထုတ်ပြန်ပြီးနောက် ချက်ချင်းဆိုသလိုပင် စစ်ကောင်စီက ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပြေးဆွဲသည့် ရေယာဉ်များကို ပိတ်ပင်လိုက်သည်။

ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်၍ အများစုမှာ ရေကြောင်းခရီးကိုသာ အဓိက အားထားသွားလာနေကြ၍ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအခက်အခဲများ ကြုံလာနိုင်သည်ဟု ဒေသခံတို့က ဆိုသည်။

စစ်တွေ – တောင်ကုတ်ခရီးစဉ်မှလွဲ၍ ကျန်ခရီးစဉ်များ ရပ်နားထားရန် ရေကြောင်းဦးစီးဌာနက ညွှန်ကြားထားသည်ဟု ရွှေပြည်တန်အမြန်ရေယာဉ်က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေကြောင်းလိုင်းပြေးဆွဲနေသည့် အမြန်ရေယာဉ်ပိုင်ရှင်များနှင့် စက်လှေပိုင်ရှင်များကို ပြည်နယ်စစ်ကောင်စီက ယနေ့ (စက်တင်ဘာ ၁၅) တွင် ဆင့်ခေါ်ခဲ့သည်ဟု သိရသည်။

“ရေကြောင်းလမ်းအားလုံးကို စစ်ကောင်စီက ပိတ်ဆို့လိုက်တာပါ။ အမြန်ရေယာဉ်တွေပါ။ စက်လှေတွေပါ သွားလာလို့ မရပါအောင်ကို ပိတ်လိုက်တာ။ အခု အမြန်ရေယာဉ်ပိုင်ရှင်တွေကိုလည်း ဒီနေ့ စစ်ကောင်စီက အစည်းအဝေးခေါ် ထားတယ်လို့ သိရတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

မောင်တောမြို့မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သော ကညင်ချောင်းစီးပွားရေးဇုန်အနီးရှိ ဂေါင်ညာကျေးရွာအစပ်တွင် ယမန်နေ့ ည ၈ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ကို တွေ့ရကြောင်း မောင်တောဒေသခံ နောက်တစ်ဦးကလည်း ပြောသည်။

“အင်အားတိုးချလာတဲ့ စစ်သားတွေထင်ပါတယ်။ သူတို့က ကညင်ချောင်းဆိပ်ကနေ တက်လာပြီးတော့ မောင်တော – ပြန်လည်လက်ခံရေးစခန်း လှဖိုးခေါင်လမ်းအတိုင်း ကျီးကန်းပြင်ဌာနချုပ်ဘက်ကို ကားနဲ့ သွားပုံရပါတယ်” ဟု ထိုမောင်တောဒေသခံက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button