သတင်း

ပအိုဝ်းပြည်သူ့စစ်ကို တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက်မှုမပြုသေး

ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မတိုက်ခိုက်လို၍ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်ထောဝ်ကျေးရွာအနီးရှိ စစ်ကောင်စီ သီးသန့်အထိုင်ချသည့် စခန်းနှစ်ခုကိုသာ တိုက်ခိုက်ခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း အမှတ် ၁၀၀၈ တပ်ရင်း တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ က ဖြစ်ပွားခဲ့သည့် စစ်သား ၂၀ ထက်မနည်း သေဆုံးခဲ့သည့် ရှမ်းတောင် ပွဲဦးထွက်တိုက်ပွဲတွင် ဘုံရန်သူကိုသာ ပစ်မှတ်ထားခဲ့သည်ဟု ထိုတပ်ရင်းမှ ကိုဗင်းက ပြောသည်။ 

“ဘာပဲပြောပြောလေ သူတို့ (PNO) က ကျွန်တော်တို့ ရှမ်းပြည်နယ်တောင်ပိုင်းက တိုင်းရင်းသားတစ်မျိုးပဲလေ။ ပြည်သူထောက်ပံ့တဲ့ပစ္စည်းနဲ့ တိုင်းရင်းသားအချင်းချင်း မလုပ်ဘူးလို့ ခံယူထားတဲ့အတွက် မလုပ်ခဲ့တာပေါ့။ အဲဒါကိုလည်း PNO တို့ တိုင်းရင်းသားလက်နက်ကိုင်တချို့ကိုလည်း သိစေချင်တယ်။ အဓိက ကျွန်တော်တို့က ဘုံရန်သူကိုပဲ တိုက်ထုတ်ချင်တာပေါ့နော်” ဟု ၎င်းက ဆိုသည်။  

စစ်ဆင်ရေး ဆောင်ရွက်သည့်နေ့က လမ်းတစ်လျှောက်တွင် ပဒေသာမိုင်း အလုံး ၃၀ ခန့် တပ်ဆင်ထားသော်လည်း ဖြတ်သန်းသွားလာသည့် ယာဉ်တန်းများမှာ PNO ယာဉ်များဖြစ်သည့်အတွက် ဖောက်ခွဲမှု မပြုခဲ့ကြောင်း ပြောသည်။  

စခန်းကုန်းနှစ်ခုစလုံးကို ရှမ်းတောင်အခြေစိုက် တပ်ရင်း ၅ ခု စုပေါင်းထားသည့် ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု (United Southern Shan Federal Union – USSFU) အဖြစ် တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တပ်ပေါင်းစုအဖွဲ့ဝင်များဖြစ်သည့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့များဖြစ်သည့် အမှတ် ၁၀၀၅၊ ၁၀၀၈ နှင့် ၁၀၀၉ တပ်ရင်းများ၊ PDF တပ်ရင်းတစ်ခုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း USSFU ထုတ်ပြန်ချက်က ဆိုသည်။ 

ပင်မစခန်းမှာ နောင်ထောဝ်ကျေးရွာ အနောက်မြောက်ဘက်တွင်ရှိပြီး အကျယ်အဝန်း တစ်ဧကခန့်ရှိသည့် ဂိတ်စခန်းတစ်ခုဖြစ်ကြောင်း၊ ဒုတိယစခန်းမှာ ရွာတောင်ဘက် ကပ်လျက်တွင် လက်နက်ကြီးတပ်ဆင်ထားသည့် စခန်းကုန်း ဖြစ်ကြောင်း ကိုဗင်းက ပြောသည်။ 

“ပင်မစခန်းကို ကျွန်တော်တို့ လုပ်မယ်ဆိုရင် နောက်စခန်းကုန်းတစ်ခုက လက်နက်ကြီး ရှိတဲ့အတွက် ဒီလက်နက်ကြီးက ကျွန်တော်တို့ကို အထိနာအောင် လုပ်နိုင်တာဖြစ်တဲ့အတွက် စခန်းကုန်းကိုပါ တစ်ခါတည်း ထိန်းလိုက်တာ” 

တိုက်ပွဲကြာချိန် ၂ နာရီခန့်ရှိပြီး တပ်ပေါင်းစုဘက်က အထိအခိုက်မရှိဘဲ အလျင်အမြန် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ၇၉ ဗုံးသီးပစ်သည့် လက်နက်ပြောင်း ပေါက်ကွဲ ပျက်စီးခဲ့ပြီး လက်နက်ကိုင်သည့် ရဲဘော်တစ်ဦး လက်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။  

“ပထမဆုံးအတွေ့အကြုံဆိုတော့ လူငယ်လေးတွေပါတယ်ဆိုတော့ ဒီလောက်ခက်ခဲနေတဲ့ ကြားထဲကနေ တိုက်နိုင်ခဲ့တယ်ဆိုတော့ မထင်ထားဘူးပေါ့ဗျာ။ အဲဒီလို တိုက်တဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ရယ်၊ အားသာချက်တွေ အခက်အခဲတွေ အများကြီးတော့ ရှိတာပေါ့။ စကစနဲ့ ပူးပေါင်းနေတဲ့ PNO တွေ အချိန်မရွေး ရောက်လာနိုင်တယ်ပေါ့နော်”

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ စစ်တပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပူးပေါင်းစခန်း မေ ၁၂ တွင် တိုက်ခိုက်ခံရပြီး ၁၅ ဦး သေဆုံးကာ ၅ ဦး အရှင်ဖမ်းခံရသည်။    

USSFU ၏ ထုတ်ပြန်ချက်အရ သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ရှိကြောင်း၊ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၆ ဦး မှာ စနိုက်ပါလက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ 

“(အခု) လုံခြုံရေးတော့ ထပ်တိုးထားတယ်ဗျ။ သူတို့ အလွယ်တကူအင်အားဖြည့်လို့ရတဲ့နေရာ ဖြစ်နေတာဗျ။ ထောက်ပို့လမ်းကြောင်းကအစ ချက်ချင်းကို တစ်နာရီအတွင်း အင်အားဖြည့်လို့ရတဲ့ စခန်းကုန်းသီးသန့်ဖြစ်နေတယ်” ဟု ကိုဗင်းက ပြောသည်။ 

နောင်ထောဝ်တိုက်ပွဲသည် ကယား(ကရင်နီ)ပြည်နယ်နှင့် နယ်နိမိတ် ကပ်လျက်မဟုတ်သည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တော်လှန်ရေးအင်အားစုများအနေဖြင့် ပထမဦးဆုံး စစ်မျက်နှာဖွင့်နိုင်ခဲ့သည့် တိုက်ပွဲတစ်ခုဖြစ်သည်။ 

ရှမ်းတောင်လူငယ်များသည် မောင်းပြန်သေနတ် မပြည့်စုံခြင်းနှင့် ကရင်နီတွင် ခိုလှုံပြီး စစ်ရေးလေ့ကျင့်ရခြင်းဖြစ်သည့်အတွက် ယခင်က ကိုယ်ပိုင်စစ်ဆင်ရေးများ မလုပ်နိုင်ခဲ့ကြောင်း ကိုဗင်းက ဆက်ပြောသည်။

ပြီးခဲ့သည့် မေလ ၁၂ က ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ ပင်လောင်းနှင့် ဖယ်ခုံ မြို့နယ်သုံးခု နယ်နိမိတ်ဆုံရာ ညောင်ရွှေမြို့နယ်အပိုင် ထီရီးကျေးရွာရှိ စစ်ကောင်စီနှင့် PNO ပူးပေါင်းစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၂၀ ထက်မနည်းသေဆုံးကာ ၅ ဦးကို အရှင်ဖမ်းမိခဲ့သည်။ 

ဦးအောင်ခမ်းထီ ဦးဆောင်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်သည့် PNO/PNA သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လှုပ်ရှားလျက်ရှိပြီး စစ်အာဏာသိမ်းပြီးနောက် ဒေသခံများကို စစ်သင်တန်းပေးနေသည်မှာ အပတ်စဉ် ၃ အထိရှိပြီဖြစ်သည်။ 

PNO သည် စစ်သင်တန်းအတွက် အတင်းအဓမ္မ လူစုဆောင်းသလို ပြည်သူများထံမှ လစဉ် စစ်အသုံးစရိတ်များ ကောက်ခံနေကြောင်း ကျေးရွာဒေသခံများက ဆိုသည်။ 

ဒေသခံများ၊ တော်လှန်ရေးအဖွဲ့များ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး PNO ၏ သဘောထား သိနိုင်ရေးအတွက် Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ရန် ဆက်လက် ကြိုးစားနေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button