သတင်း

မတ္တရာမြို့နယ် ရေလည်ကျွန်းရွာ စီးနင်းခံရပြီး အပြင်းအထန် တိုက်ပွဲဖြစ်

ယနေ့ (စက်တင်ဘာ ၉) နံနက်က မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်အတွင်း ရေလည်ကျွန်းကျေးရွာကို စီးနင်းရန် ရောက်လာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။

နံနက် ၅ နာရီခွဲခန့်တွင် စက်လှေဖြင့် မြစ်ကြောင်းအတိုင်း တက်လာသည့် စစ်တပ်က ရေလည်ကျွန်းကျေးရွာအနီးရှိ ဒေသခံကာကွယ်ရေးကင်းအဖွဲ့ကို စီးနင်းတိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်း ခြေကုပ်ယူကာ ခုခံသူတို့ ရှိနိုင်မည်ဟု ယူဆရသည့် နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မန္တလေးကနေ စက်လှေအကြီးနဲ့ တက်လာပြီး ပစ်တာ၊ သူတို့ (စစ်တပ်က) လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်တာ၊ အလုံး လေး၊ ငါးဆယ်လောက်ကို ရှိတယ်” ဟု မတ္တရာ PDF တစ်ဦးက ပြောသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း ဗုံးသီးတပ်ထားသည့် ဒရုန်းများဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ကြပြီး မွန်းလွဲ ၂ နာရီကျော်အထိ ဖြစ်ပွားခဲ့သော ထိုတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အရာရှိနှစ်ဦး အပါအဝင် ၁၄ ဦး ခန့် သေဆုံးခဲ့သည်ဟု PDF ဘက်က ဆိုသည်။

“အကြီးတစ်ယောက်၊ ခပ်ငယ်ငယ်တစ်ယောက်နဲ့ ပေါင်း ၁၄ ယောက် သေတယ်ဆိုပြီး ကျွန်တော်တို့ကို သတင်းပို့လာတယ်” ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

ရေလည်ကျွန်းကျေးရွာကို စီးနင်းထားသည့် စစ်ကောင်စီတပ်သည် ဒေသခံ အမျိုးသား ၆ ဦးကို ဖမ်းဆီးခဲ့သည်၊ နောက်ပိုင်းတွင် ၂ ဦးကို ပြန်လွှတ်ပေးပြီး ၄ ဦးကို ဖမ်းခေါ်သွားသည်။ 

ပြန်လွတ်လာသူ ၂ ဦးတွင်လည်း ရိုက်နှက်ထားသည့် ဒဏ်ရာများ၊ ပေါင်ကို ဓားဖြင့် ထိုးဆွထားသည့် ဒဏ်ရာများ ရှိနေသည်ဟု ဒေသခံများနှင့် PDF ထံမှ သိရသည်။

စစ်ကောင်စီတပ် ရွာအတွင်း ဝင်ရောက်လာ၍ ဒေသခံများ ထွက်ပြေးကြရာတွင် အမျိုးသားတစ်ဦးက အသက် ၈၀ အရွယ် အမေဖြစ်သူကို သယ်ပိုး၍ ဧရာဝတီမြစ်ကို ဖြတ်ကူးရာ နှစ်ဦးလုံး ရေနစ်သေဆုံးသွားသည်။

အလားတူ ထိုရွာမှ အသက် ၁၂ နှစ်အရွယ် ကလေးနှင့် မိခင်ဖြစ်သူတို့လည်း သေနတ်ကျည် ထိမှန်ကာ ဒဏ်ရာများရရှိခဲ့၍ ဆေးကုသမှုခံနေရကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် မန္တလေးတိုင်း မတ္တရာမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းမှ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

မွန်းလွဲ ၂ နာရီခွဲကျော်တွင် စစ်ကောင်စီတပ်က စစ်သားရုပ်အလောင်းများကို တင်ဆောင်ကာ စက်လှေဖြင့် မန္တလေးဘက်သို့ ပို့လိုက်သည်၊ တိုက်ပွဲ ရပ်တန့်သွားသော်လည်း ထိုရွာအတွင်း စစ်ကောင်စီတပ်သားများ ဆက်ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၃၁ ကလည်း ရေလည်ကျွန်းကျေးရွာအနီး ရောက်ရှိနေသော စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပြီး ဒေသခံကာကွယ်ရေးတပ်များ ကင်းချထားခြင်း ဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button