သတင်း

မန္တလေးတွင် တစ်ပတ်အတွင်း စစ်ကောင်စီပစ်မှတ် ၆ ခု တိုက်ခိုက်ခံရ

မန္တလေးမြို့တွင် စက်တင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု ၆ ခု ထက်မနည်းဖြစ်ခဲ့ရာ ၂ ဦးသေ၍ ၃ ဦးထက်မနည်း ဒဏ်ရာရသည်ဟု စုံစမ်းသိရှိရသည်။

မြို့နယ် ၆ ခုရှိ မန္တလေးမြို့တွင် ဗုံး၊ သေနတ်သုံး၍ တိုက်ခိုက်မှုများမှာ စက်တင်ဘာ ၂ ရက်မှ ၈ ရက်အတွင်း ချမ်းမြသာစည်၊ အမရပူရ၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်မြို့နယ် ၄ ခုတွင် ဖြစ်ပွားခဲ့သည်။

ယမန်နေ့ (စက်တင်ဘာ ၈) ည ၇နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ် သနပ်ပင်ရပ်ကွက် ကန်တော်ကြီး ဥယျာဉ်အနီး အရက်ဆင်းဝယ်သည့် ရဲတစ်ဦး သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားကြောင်း ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“ရဲနှစ်ဦးက ဆိုင်ကယ်နဲ့လာရင်း တစ်ယောက်က အရက်ဆိုင် အရက်ပုလင်း ဆင်းဝယ်တာ။ အဲဒီအချိန် အပစ်ခံရတာ။ သုံးချက်ပစ်ခံရတယ် ပြောတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူမှာ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) ရဲစခန်းမှ နယ်ထိန်းရခိုင်ကြီး ဆိုသူဖြစ်ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။ သီးခြားအတည်မပြုနိုင်သေးပေ။

စက်တင်ဘာ ၇ ရက်ကလည်း အမရပူရမြို့နယ် စားတော်ကျေးရွာရှိ ရက်ကန်းရုံတစ်ရုံ ဗုံးဖြင့် ပစ်ခံရ၍ တစ်ဦးသေ၊ သုံးဦး ဒဏ်ရာရသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ဆိုင်ကယ်ဖြင့်လာသည့် ဒေသကာကွယ်ရေးအဖွဲ့ (PDF) နှစ်ဦးက လက်လုပ်မိုင်းဖြင့် ပစ်သည်ဟု စစ်ကောင်စီကဆိုပြီး ၆၇ နှစ်အရွယ် အမျိုးသမီးသေဆုံးကာ ရက်ကန်းရုံပိုင်ရှင် ၅၀ အရွယ် အမျိုးသားနှင့် ၃၀ အရွယ် အမျိုးသမီးတို့ ဒဏ်ရာရသည်ဟု ဆိုသည်။

စက်တင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်ကလည်း မဟာအောင်မြေမြို့နယ် ၇၈ လမ်းနှင့် ၃၇ လမ်းထောင့် ယာဉ်ထိန်းရဲရုံးအနီးတွင်လည်း လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးနေသည့် ယာဉ်ထိန်းရဲ ၂ ဦး ဗုံးဖြင့် အပစ်ခံရသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။

စက်တင်ဘာ ၄ ရက်တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ် ဆင်စွယ်ပွတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ၂ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ် ၁၂၅ လမ်းနှင့် ၅၆ လမ်းထောင့်ရှိ အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများအဆောင်နှင့် ၁၃၃လမ်းနှင့် ၅၆ လမ်းထောင့်ရှိ ပြည်ကြီးတံခွန် (ဇ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးကွဲသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တို့ထံမှ သိရသည်။

ထိုဖြစ်စဉ်များအနက် စက်တင်ဘာ ၇ ရက် အမရပူရမြို့နယ် ရက်ကန်းရုံဖောက်ခွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ပြီး စစ်ကောင်စီကို သတင်းပေးနေ၍ တိုက်ခိုက်သည်ဟု မြစ်ငယ် MN PDF က နောက်တစ်ရက်တွင် ထုတ်ပြန်သည်။ 

ထို့အတူ စက်တင်ဘာ ၄ ရက် ဆင်စွယ်ပွတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်မှုကို Truth Keeping Force-Amarapura အဖွဲ့က လုပ်ဆောင်သည်ဟု နေ့တွင်းချင်း သတင်းထုတ်ပြန်ထားသည်။ အခြားဖြစ်စဉ် ၄ ခုမှာမူ လက်သည်မပေါ်သေးသလို သီးခြားအတည်မပြုနိုင်သေးပါ။

အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့် မန္တလေးမြို့တွင် စစ်ကောင်စီက ရဟန်းသံဃာများပင်မချန် ဖမ်းဆီးနှိပ်စက်နေချိန်တွင် မြို့ခံတို့က ဒေသကာကွယ်ရေးအဖွဲ့များ၊ ပြောက်ကျားအဖွဲ့များဖွဲ့၍ ပြန်လည်ခုခံနေသည်။

ခုခံမှုများကို အကြမ်းဖက်မှုဟု စစ်ကောင်စီက တံဆိပ်ကပ်ထားသည်။

ခုခံသူများကို ရင်ဆိုင်ရန် အင်အားမလုံလောက်သည့် စစ်ကောင်စီက မန္တလေးမြို့ပေါ်တွင်လည်း ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ ဖွဲ့ပြီး လက်နက်အနည်းငယ် တပ်ဆင်ပေးနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button