သတင်း

CDM ရဲတပ်သား၏ ဖခင်ကို အကြမ်းဖက်ပုဒ်မဖြင့် စစ်ကောင်စီ တရားစွဲ

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် သားဖြစ်သူ ရဲတပ်သား အဖမ်းမခံရရေး ကူညီသည်ဟု စွပ်စွဲခံရသည့် ဖခင်တစ်ဦးကို စစ်ကောင်စီက ထောင် ၇ နှစ်ချနိုင်သည့် လွတ်မြောက်စေရန် ထိမ်ချန်မှုဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ထားသည်။

ရန်ကုန် စမ်းချောင်းရဲစခန်းမှ အသက် ၂၅ နှစ်ဝန်းကျင် ရဲတပ်သား ကိုကျော်ဇင်သန့်မှာ အာဏာသိမ်းသည့် ၂၀၂၁ တွင် လွတ်မြောက်နယ်မြေတစ်နေရာသို့ သွားရောက်နိုင်ရန် သူ၏ဖခင် ၅၄ နှစ်အရွယ် ဦးသက်နိုင်ဦးက ကူညီပေးခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

ဦးသက်နိုင်ဦးကို စစ်ကောင်စီက ၂၀၂၁ ဩဂုတ်လတွင် ဧရာဝတီတိုင်း မအူပင်မြို့နေအိမ်၌ ဖမ်းဆီးကာ မအူပင်ထောင်၌ ချုပ်နှောင်ထားကြောင်း၊ စက်တင်ဘာ ၁၄ ရက်တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း မအူပင်တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

“PDF (ပြည်သူ့ကာကွယ်ရေးအဖွဲ့) ထဲကို ပို့တယ်ဆိုပြီး အကြမ်းဖက်နဲ့ စွဲလိုက်တာပေါ့နော်၊ ကျန်တာတော့ သက်သေခံဘာမှမရှိဘူး” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးချိန်တွင် ဧည့်စာရင်းစစ်သည်ဟုသာ စစ်ကောင်စီက အကြောင်းပြခဲ့ကြောင်း၊ ထို့နောက်တွင် လက်ကိုင်ဖုန်းကို သိမ်းကာ ဦးသက်နိုင်ဦးကို ဖမ်းဆီးသွားကြောင်း အထက်ပါသတင်းရင်းမြစ်က ပြောသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများကို သီးခြားအတည်မပြုနိုင်သေးပေ။ ထို့အတူ မအူပင်မြို့ ဇာတိ ရဲတပ်သား ကိုကျော်ဇင်သန့်နှင့် မိသားစုဝင်များထံ မေးမြန်းခွင့်ရရန် ကြိုးပမ်းနေဆဲဖြစ်သည်။ ဦးသက်နိုင်ဦးဖမ်းဆီးခံရသည့် ကိစ္စကို စစ်ကောင်စီက နှုတ်ဆိတ်နေသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီး၊ ထောင်ချနေသည်။ ထို့အပြင် စစ်ကောင်စီက ဖမ်းသွားပြီးနောက် ပျောက်ဆုံးနေသည့်၊ သေဆုံးသည်ဟုသာ အကြောင်းကြားပြီး အလောင်းပင်ပြန်မရသည့် ဖြစ်စဉ်များလည်းရှိသည်။

ဆရာဝန်၊ စစ်သား၊ ရဲ စသဖြင့် အစိုးရဌာနအသီးသီးတွင် အာဏာသိမ်းမှုကို ဆန့်ကျင်၍  နှုတ်ထွက်သူ အများအပြားရှိနေရာ စစ်ကောင်စီကလည်း နည်းမျိုးစုံသုံး၍ နှိပ်ကွပ်နေသည်။ တပ်ကို စွန့်ခွာလိုသည့် စစ်သားများကို ကူညီပေးနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့၏ ၂၀၂၁ နှစ်ကုန် စာရင်းအရ စစ်တပ်ကို စွန့်ခွာလာသူများထဲတွင် ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင် ၂,၀၀၀ ခန့်ရှိသည်ဟု သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button