သတင်း

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲဆက်၊ ကလေးငယ်အချို့ ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ကို စစ်လေယာဉ် လာရောက်ပစ်ခတ်ပြီးနောက် ယမန်နေ့ (စက်တင်ဘာ ၆) တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့သည်။

စက်တင်ဘာ ၅ တွင် ကား ၁၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို မူဆယ်နှင့် နမ့်ဖက်ကာကြားတွင် KIA က ကြားဖြတ်တိုက်ခိုက်သည်၊ စက်တင်ဘာ ၆ တွင် နမ့်ဖမ်ကာမြို့၊ ဟန်ကိုင်ရွာအနီး တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပြီး ထိုနေရာသို့ လေကြောင်းမှ ပစ်ခတ်ခြင်းဖြစ်သည်ဟု အသက် ၄၀ ခန့်ရှိသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မနက်ကတည်းက ဖြစ်နေကြတာ၊ အဲဒါက KIA တပ်ရင်း (၉) မှာ လာပစ်တာ၊ ညနေခင်းကျတော့ လေယာဉ်နဲ့ ပြန်လာပစ်တာ၊ နမ့်ဖက်ကာတပ်ကလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တယ်” ဟု သူက ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

အဆိုပါ တိုက်ပွဲမှာ ညနေ ၅ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး ည ၇ နာရီခန့်တွင်မူ KIA က ကွတ်ခိုင်မြို့ပေါ်ရှိ စစ်ကောင်စီဗျူဟာစခန်းကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ည ၉ နာရီခန့်အထိ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တချို့ ကွတ်ခိုင်မြို့အထွက် တိုးဂိတ်အနီးရှိ မော်ဟစ်ရွာအတွင်း ကျရောက်ခဲ့သည့်အတွက် ကလေးငယ် ၃ ဦး အပါအဝင် ဒေသခံ ၅ ဦးဒဏ်ရာရခဲ့သည်။

ကူညီပေးသူများနှင့် ဒေသခံတွင်းသတင်းဌာနများ၏ အဆိုအရ ခြေထောက်တွင် ဒဏ်ရာရသွားသူတို့မှာ မော်ဟစ်ရွာမှ ၃ နှစ်အရွယ် ဘရန်ထွယ်နန်၊ ၇ နှစ်အရွယ် နော်ဆန်နန်၊ ၁၂ နှစ်အရွယ် ဆိုင်းခွမ်နန်၊ ၇၂ နှစ်အရွယ် ဒေါ်ခေါင်နော်၊ ၃၃ နှစ်အရွယ် ကိုပြည့်ဖြိုးတို့ ဖြစ်သည်။

ကိုပြည်ဖြိုးနှင့် နော်ဆန်နန် တို့ကို ညတွင်းချင်းပင် ကွတ်ခိုင်ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း ကူညီပေးသူ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့ ဆေးရုံပို့ပေးဖို့ဆိုပြီး နောက်ထပ်သွားခေါ်သေးတယ်၊ အဲဒါ နည်းနည်းပဲထိတာဆိုပြီး မလိုက်လာဘူး၊ ခေါ်နေတုန်းမှာပဲ နောက်ထပ် လက်နက်ကြီး ထပ်ကျလာတော့ ကျွန်မတို့အဖွဲ့တွေလည်း ပြန်လာလိုက်တယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တချို့ တိုးဂိတ်အနီးရှိ ရပ်ကွက် (၁) အတွင်းသို့ ထပ်မံကျရောက်ခဲ့ပြီး နေအိမ်တချို့၊ မော်တော်ယာဉ်တချို့ ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ယနေ့နံနက်တွင်မူ ကွတ်ခိုင်မြို့ပေါ်တွင် မြို့ခံများ ပုံမှန်အတိုင်း သွားလာနေပြီး ပစ်ခတ်သံ မကြားရသေးကြောင်း ဒေသခံများက ပြောသည်။

မကြာခဏ တိုက်ခိုက်ခံရသည့် ကွတ်ခိုင်-နမ့်ဖက်ကာ-မူဆယ်လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ်က အင်အား တိုးချထားပြီး စစ်ရေးဆက်လက်တင်းမာနေသည်ဟု ဒေသတွင်း သတင်းဌာနအချို့က ရေးသားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ ကလည်း ကွတ်ခိုင်နှင့် သိန္နီမြို့ကြားရှိ မန်ပြိန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရှမ်းမြောက်တိုက်ပွဲများနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသလို စစ်ကောင်စီကိုလည်း မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် KIA နှင့် စစ်တပ်တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ စတင် ပြင်းထန်လာပြီးနောက်တွင် ကချင်ပြည်နယ်အထိပါ တိုက်ပွဲများ ကူးစက်ခဲ့သည်။

KIA က တပ်မဟာ (၁၀) ခု ဖြင့် စစ်ရေးလှုပ်ရှားလျက်ရှိရာတွင် တပ်မဟာ(၄)၊ တပ်မဟာ (၆) နှင့် တပ်မဟာ (၁၀) တို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button