သတင်း

တိုက်ပွဲပြင်းထန်နေသော ရခိုင်တွင် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရန် လှုံ့ဆော်

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တစ်ကျော့ပြန်တိုက်ပွဲများဖြစ်လာရာ စစ်တပ်၏ စစ်အသုံးစရိတ်ကို အထောက်အပံ့ပြုသော စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရေး လှုံ့ဆော်မှုများ ရခိုင်ပြည်နယ်အတွင်း မြင့်တက်လာသည်။ 

ဩဂုတ်နောက်ဆုံးပတ်မှ စတင်၍ စစ်တပ်ထုတ်ကုန်များဖြစ်သည့် Myanmar Beer, Andaman Gold, Black Shield စသည့် ယမကာများ၊ ပရီးမီးယား၊ ရူဘီ စသည့် စီးကရက်များ၊ ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် Mytel ဆင်းကတ်တို့ကို ရခိုင်ဒေသအတွင်း မသုံးစွဲကြရန် တက်ကြွလှုပ်ရှားသူများက လှုံဆော်လာကြသည်။

သြဂုတ် ၃၁ တွင် ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်က မြန်မာစစ်တပ်၏ စစ်အသုံးစရိတ်ကို အထောက်အပံ့ပြုသော စစ်တပ်ထုတ်ကုန်ပစ္စည်းများကို လုံးဝ (လုံးဝ) မသုံးစွဲကြရန်နှင့် ရောင်းဝယ်ဖောက်ကားမှုများလည်း မပြုလုပ်ကြရန် ထုတ်ပြန်ခဲ့သည်။

“စစ်တပ်ထုတ်ကုန်တွေကို ရခိုင်ပြည်သူတွေက အမှုမဲ့ အမှတ်မဲ့ သုံးနေကြတယ်။ သူတို့ထုတ်ကုန်ကို ဝယ်သုံးရင် ပေးလိုက်ရတဲ့ငွေတွေနဲ့ပဲ ကိုယ့်ရခိုင်ပြည်သူတွေကို သတ်ဖို့ လက်နက်တွေ၊ ကျည်တွေ ဖြစ်လာတယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်” ဟု အဆိုပါကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နှစ်နှစ် နီးပါးကြာ တိုက်ပွဲ ပြင်းထန်ခဲ့သော ရခိုင်ပြည်နယ်တွင် စစ်အာဏာသိမ်းသည့် ၂၀၂၁ တစ်နှစ်လုံး စစ်ပွဲများ ရပ်တန့်နေခဲ့သည်။ 

သို့ရာတွင် ယခုနှစ်အစောပိုင်း ထိတွေ့တိုက်ပွဲတချို့ ရှိခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာလာကာ ဇူလိုင်နှင့် ဩဂုတ်လအတွင်း တိုက်ပွဲများပြင်းထန်လာရာ စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သလို အရပ်သားသေဆုံးထိခိုက်မှုများရှိလာသည်။ 

ရခိုင်ပြည်သူများအနေဖြင့်  ကိုယ့်အိတ်ထဲမှ ငွေကို ဆိုးကျိုးအတွက် မသုံးရန် လိုအပ်ကြောင်း မြောက်ဦးမြို့ခံ လူငယ်တစ်ဦးက ပြောသည်။ 

“စစ်ကောင်စီဟာ ရခိုင်ပြည်ကထွက်တဲ့ ဓာတ်ငွေ့ရတဲ့ငွေတွေ၊ ရခိုင်ပြည်က တစ်နေ့တစ်နေ့ ထွက်သွားတဲ့ငွေတွေနဲ့ပဲ ရခိုင်ပြည်သူကို သတ်နေတယ်။ မြောက်ဦးမှာဆိုရင် တိုက်ပွဲနဲ့ ဘာမှမဆိုင်တဲ့ ရွာထဲကို လက်နက်ကြီး တမင်ပစ်တယ်။ ကလေးငယ်နဲ့ သက်ကြီးရွယ်အို အမျိုးသမီးပါ သေဆုံးခဲ့ရတယ်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပြန်အသတ်မခံရဖို့ စစ်တပ်ထုတ်ကုန်တွေကို သပိတ်မှောက်ရမယ်” ဟု သူက ဆိုသည်။ 

၂၀၂၀ ဖေဖော်ဝါရီလက တွေ့ရသော ဘူးသီးတောင်မြို့နယ်အတွင်း မြင်ကွင်းတစ်ခု (ဓာတ်ပုံ – EPA)

ထိုအခြေအနေတွင် စစ်တပ်ထုတ်ကုန်အမျိုးအစား အားလုံးနီးပါးမှာ ရခိုင်ပြည်နယ်အတွင်း ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး၊ ပုံမှန်အတိုင်း သုံးစွဲမှုရှိနေကြဆဲဖြစ်သောကြောင့် အရောင်းသွက်ကြသည်ဟု ဒေသခံများ၏အဆိုအရ သိရသည်။

သို့သော် လိုင်းမမိသည့်ဒေသတွင် Mytel ဆင်းကတ်ကို အသုံးပြုကြခြင်းဖြစ်ပြီး အခြေခံလူသုံးကုန်ပစ္စည်းများမှအစ စားသောက်ကုန်လုပ်ငန်းများ၊ စက်မှုပစ္စည်းလုပ်ငန်းများ၊ ဒီဇယ်ဆီ စသည့်လုပ်ငန်းများမှာ စစ်တပ်နှင့် ဆက်နွှယ်သော ကုမ္ပဏီများဖြစ်နေသည့်အတွက် စစ်တပ်ထုတ်ကုန်များ မသုံးစွဲရန်နှင့် ရောင်းဝယ်ဖောက်ကားမှုများ မပြုလုပ်ရန် နှိုးဆော်ချက်မှာ မြေပြင်အခြေအနေတွင် အောင်မြင်ရန် မလွယ်ကူကြောင်း ဒေသခံတချို့က ဝေဖန်သည်။

အထူးသဖြင့် ထုတ်ကုန်ပစ္စည်းမရှိဘဲ ပြည်မမှ မှာယူနေရသည့် ရခိုင်ပြည်နယ်တွင် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရန် တိုက်တွန်းမှုများကို လိုက်နာရန် ခက်ခဲသည်ဟု ဆိုကြသည်။

သို့ရာတွင် လူထု ထောက်ခံသော၊ သြဇာလွှမ်းမိုးမှုရှိသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ကသာ စစ်တပ်ထုတ်ကုန်များကို လုံးဝ မသုံးစွဲကြရန်နှင့် ရောင်းဝယ်သူများကို အရေးယူမည်ဟု အမိန့်ထုတ်လျှင် ထိရောက်မှုရှိနိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း နိုင်ငံရေးသမားတစ်ဦးက ထောက်ပြသည်။

“ရခိုင်ကလူတွေက ပြည်မက ဝင်လာသမျှကို ဝယ်စားနေရတဲ့အခြေအနေဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဆိုပေမဲ့ ဘင်္ဂလားဒေ့ရှ်က စားသောက်ကုန်တွေ မဝင်ဘူး။ ဆိုတော့ ကုန်သည်တွေ တင်သွားတဲ့ပစ္စည်းတွေကိုပဲ ဝယ်သုံးနေရတဲ့အနေအထား” ဟု သူက ပြောသည်။

“ဆင်းကတ်ဆိုရင်လည်း Mytel မှ နယ်မှာ လိုင်းမိတယ်။ ဘီယာဆိုရင်လည်း မြန်မာဘီယာ ရောင်းအားကောင်းတယ်။ ဒါတွေဟာ စစ်တပ်ထုတ်ကုန်လို့လည်း မသိကြဘူး။ စစ်တပ်ထုတ်ကုန်ကို မသုံးဖို့ လိုင်းပေါ်မှာသာ ပြောနေတာ တကယ့်မြေပြင်မှာ လှုံ့ဆော်တာ မရှိသေးဘူး။  

ဩဂုတ် ၃၁ က ထုတ်ပြန်လာသော ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများကွန်ရက်မှ စစ်တပ်ထုတ်ကုန် မသုံးစွဲရေးလှုံ့ဆော်ချက်တွင်“ စစ်တပ်၏ နေ့စဉ်နှင့်အမျှ ရမ်းသန်းပစ်ခတ်နေသော လက်နက်ကြီးအန္တရာယ်များ၊ ကျေးရွာအနီး ထောင်ထားခဲ့သော မိုင်းအန္တရာယ်ကြောင့် အပြစ်မဲ့ပြည်သူအများအပြား သေကြေပျက်စီးရသည့်အပြင် စစ်ဘေးရှောင်ပြည်သူအရေအတွက် ယခင်ထက်ပိုမိုများပြားကာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင် ကြုံတွေ့ရသည်ဟု ပါရှိသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ယခုကဲ့သို့ ရခိုင်ဒေသနှင့် မြန်မာနိုင်ငံအတွင်း မြန်မာစစ်တပ်၏လူမဆန်သောလုပ်ရပ်များ ရပ်တန့်စေရန် ဖိအားပေးခြင်းများကို ပိုမိုပြင်းထန်စွာလုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း အဆိုပါကွန်ရက်မှ တိုက်တွန်းထားသည်။

ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ စစ်တပ်ထုတ်ကုန်သပိတ်မှောက်ရန် တိုက်တွန်းချက်။

စစ်တပ်ထုတ်ကုန်သပိတ်မှောက်ရေးနှင့် ပတ်သက်ပြီး AA က ထုတ်ပြန်ခြင်း မရှိသေးသော်လည်း AA ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက လူထု၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း Myanmar Now ကို စက်တင်ဘာ ၁ တွင် ပြောသည်။ 

“ဒီဟာကတော့ ပြည်သူတွေအနေနဲ့ သူတို့ဘာလုပ်ရမယ်ဆိုတဲ့ဟာကို သူတို့အမြင်နဲ့သူတို့ လုပ်ကြတာကတော့ ကျွန်တော်တို့အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။ အဓိကတော့ ရန်သူကို ကိုယ်တတ်နိုင်တဲ့နေရာကနေပြီးတော့ ပူးပေါင်းပါဝင်ပြီးတော့ တိုက်ခိုက်ဖို့ပဲ အရေးကြီးပါတယ်” ဟု သူက ဆိုသည်။ 

စစ်တပ်ထုတ် အရက်၊ ဘီယာ၊ အစားအသောက် စသည်တို့ကို မသုံးစွဲရန် ၂၀၂၂ သင်္ကြန်ကာလအတွင်း ULA/AA က တားမြစ်ခဲ့သည်။

ပြည်သူများကို လူသားအဖြစ် အသုံးပြုမှု၊ နေအိမ်များကို မီးရှို့မှုတို့မှာ ရခိုင်ဒေသတွင် ပြီးခဲ့သည့် ၂ နှစ်တာစစ်ပွဲအတွင်း စစ်တပ်က ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့သည်။

ထို့နောက် တိုက်ပွဲရပ်နားနေချိန် ရန်ကုန်-စစ်တွေ ကားလမ်းတွင် ဂိတ်ပေါင်းများစွာချပြီး ရခိုင်ကို ဝင်လာသည့် ကားတိုင်းကို စစ်ဆေးကာ ဆေးဝါးပစ္စည်း၊ အိမ်သုံးပစ္စည်းများမှအစ ရခိုင်ပြည်နယ်စစ်ကောင်စီ၏ နယ်လုံဝန်ကြီးလက်မှတ်ပြနိုင်မှ ဖြတ်သန်းခွင့်ပြုခဲ့သည်။ 

ယင်းအကျိုးဆက်ကြောင့် ရခိုင်တွင် တခြားဒေသထက် ကုန်ဈေးနှုန်း အဆမတန်မြင့်မားသည့်ဒဏ်ကို လူထုက ခါးစည်းခံစားခဲ့ရသည်။

လက်ရှိ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသ၊ မေယုတောင်ကြော ရသေ့တောင်ဒေသတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ရခိုင်တောင်ပိုင်း တောင်ကုတ်အထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာသကဲ့သို့ စစ်ရေးအရှိန်လည်း မြင့်တက်လာလျက်ရှိနေသည်။

ရခိုင်တွင် တစ်ကျော့ပြန်စစ်ပွဲများကြောင့် ဒေသခံပြည်သူလူထု နေရပ်စွန့်ခွာရမှု ဆက်လက်မြင့်တက်နေချိန် လေကြောင်း၊ ရေကြောင်း ပစ်ခတ်မှုများ ပါဝင်သည့် တိုက်ပွဲများ ပေါ်ပေါက်လာသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကျေးရွာများသို့ လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိ ရှိ ပစ်ခတ်နေသည့်အတွက် အပြစ်မဲ့ အရပ်သားပြည်သူများ၊ လူမမည် ကလေးငယ်များပါမကျန် လက်နက်ကြီးကျည် ထိမှန်သေဆုံး နေကြရသည်ကို မြင်တွေ့နေရသည်။

တစ်ဆက်တည်း တိုက်ပွဲနှင့် နီးသည့် ကျေးရွာများမှ ဒေသခံထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

စစ်တပ်ထုတ်ကုန်မျိုးစုံ

စစ်တပ်အာဏာသိမ်းပြီး အကြမ်းဖက်မှုကို အရပ်သား လက်နက်ကိုင် ပြန်ခုခံမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် ရခိုင်ပြည်နယ်ပြင်ပတွင်မူ တော်လှန်ရေးအဖွဲ့အစည်းများနှင့်  ပူးပေါင်းကာ တစ်နိုင်ငံလုံးအနှံ့ စစ်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာချိန် မြန်မာစစ်တပ်၏ထုတ်ကုန်များကို မသုံးစွဲကြရန် ပိတ်ပင်တားဆီးမှုများလည်း ရှိနေသည်။

၂၀၂၁ နိုဝင်ဘာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီးပွားရေးနှင့် ကူးသန်းရေးရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို အကြမ်းဖက်စီးပွားရေးလုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမည်ပျက်စာရင်း ထည့်သွင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ဒဏ် အကြီးကျယ်ခံစားနေရသော စစ်ကိုင်းတိုင်း၊ ကယား (ကရင်နီ)၊ ကရင်၊ မကွေး၊ ချင်းပြည်နယ် အပါအဝင် ဒေသအနှံ့အပြား၌ ဦးပိုင်ထုတ် ယမကာ၊ ဆေးလိပ်မျိုးစုံနှင့်  အာဏာသိမ်းစစ်ခေါင်းဆောင် အစုရှယ်ယာ ပါဝင်သည့် Mytel ဆက်သွယ်ရေးလုပ်ငန်းတို့ကို အဓိက သပိတ်မှောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန် ဒဂုံဘီယာ အနီ ၂၄၀ ဖာကျော်အား ဇွန်လဆန်းက ဖျက်ဆီးခဲ့စဉ်။ (ဓာတ်ပုံ- Pekhon PDF)

စစ်တပ်သည် လူ့အသုံးအဆောင်ပစ္စည်း အောက်ခြေသုံး ဆပ်ပြာမှစ၍ စားသောက်ကုန်၊ ကျန်းမာရေးနှင့် အလှအပရေးရာ၊ လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ချိနေသည်။

အာဏာသိမ်းစစ်တပ်နှင့် ဆက်နွှယ်သည့်ကုန်ပစ္စည်းများမှာ ဆက်သွယ်ရေးလုပ်ငန်း၌ Mytel၊ စားသောက်ကုန်တွင် Premium Gold, Andaman Gold, Andaman Gold Special, Army Rum, Black Shield Stout, မြန်မာဘီယာ၊ ဒဂုံ၊ မန္တလေးတံဆိပ်ဘီယာများ၊ Red Ruby, Seven၊ Milky နို့ဆီ၊ နန်းမြိုင်ကော်ဖီ၊ Dagon Dairy Plant ထုတ်ကုန်များ၊ ရွှေဖီဦး၊ Seven 7 တံဆိပ် နို့ဆီများအပြင် ဆောက်လုပ်ရေးပစ္စည်းများဖြစ်သော ဆင်မင်း၊ ကြံ့တံဆိပ်ဘိလပ်မြေ စသည့် အခြားသော နာမည်များနှင့် ထုတ်လုပ်နေသည် စစ်တပ်ထုတ်ကုန်များလည်း ရှိသေးသည်ဟု သိရသည်။

ဒီမိုကရေစီကို လိုလားသော လူငယ်များ ဖွဲ့စည်းတည်ထောင်ထားသည့် Way Way Nay (ဝေးဝေးနေ) အဖွဲ့သည် ၎င်းတို့ ပြုစုထားသော သပိတ်မှောက်ရမည့် စာရင်းများ (၅၀၀ ကျော်) ကို လူမှုကွန်ရက်စာမျက်နှာတစ်ဆင့် မကြာခဏ ထုတ်ပြန်ပေးနေပြီး အများပြည်သူ အလွယ်တကူ သိရှိရှောင်ရှားနိုင်စေရန်အတွက်လည်း App များကို တီထွင်ထားသည်။

Way Way Nay က စစ်တပ်နှင့် ဆက်စပ်သော အာမခံ၊ ဘဏ်လုပ်ငန်းများ၊ ငွေကြေးဝန်ဆောင်မှု၊ အသေးစားချေးငွေလုပ်ငန်းများ၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ ပညာရေး၊ ခရီးသွားနှင့် စားသောက်ကုန် လုပ်ငန်းများ၊ စားသောက်ဆိုင်များ စသည်ဖြင့် ခွဲခြားပြီး သပိတ်မှောက်ရမည့် စာရင်းများကို ပြုစုထားသည်။

လက်နက်ကိုင်အဖွဲ့များ၏ အရေးယူမှု

စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ခြင်း၊ အသုံးပြုခြင်းများ မပြုလုပ်ကြရန် ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကရင်နီတပ်မတော် (KA)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လှုပ်ရှားနယ်မြေများဖြစ်သည့် တောင်တန်းဒေသ၊ မြေပြန့်ဒေသများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်ကို တွေ့ရသည်။

KIO လှုပ်ရှားနယ်မြေများ အပါအဝင် ကချင်ပြည်နယ်နေရာအတော်များများတွင် စစ်ကောင်စီနှင့် ဆက်စပ်နေသော အရက်၊ ဘီယာများကို ယခုနှစ် ဇန်နဝါရီ ၁၀ မှစ၍  ရောင်းဝယ်ခွင့် ပိတ်ပင်ကြောင်း ဇန်နဝါရီ ၄ ရက်တွင် KIA က သတိပေးစာ ထုတ်ခဲ့သည်။

ဇန်နဝါရီ ၂၄ တွင် မြစ်ကြီးနားမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များတွင် ရောင်းချနေသည့် မြန်မာဘီယာ၊ ဒဂုံ၊ ABC စသည့် ဘီယာဖာ ၂၀၀ ကျော်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ကုန်းလမ်း၊ ရေလမ်းများရှိ မြို့ အဝင်/အထွက်ဂိတ် ၅ ခုတွင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ဦးဆောင် စစ်ဆေးနေပြီး စစ်တပ်ထုတ်ကုန်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန် ဆောင်ရွက်ခဲ့သည်။

ယင်းလအတွင်း ကောလင်းမြို့ ရွှေဘို၊ မြစ်ကြီးနား၊ ဗျူဟာလမ်းမပေါ်တွင် ဆင်မင်းဘိလပ်မြေ အိတ် ၈၀၀ သယ်လာသော မော်တော်ယာဉ်ကို ကောကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီးခဲ့သည်။ 

အလားတူ စစ်ကိုင်းတိုင်း၊ ကရင်နီဒေသအတွင်း ထိုသို့ အရေးယူဆောင်ရွက်မှုများ ရှိနေသည်။  

Show More

Related Articles

Back to top button