RCSS/SSA သည် ၎င်းတို့ရန်သူ ဖြစ်သောကြောင့် တပ်ဖွဲ့ပုံရိပ်ကျဆင်းအောင် စွပ်စွဲမှုများ မကြာခဏ လုပ်လေ့ရှိသည်ဟု TNLA က တုံ့ပြန်သည်။
ရန်ကုန် - မြန်မာ-တရုတ် နယ်စပ် နမ့်ခမ်းမြို့ တွင် ဇူလိုင်လအတွင်းက စတင်ပြီး ဆက်ကြေး ကောက်ခံနေသည် ဆိုသည့် ရှမ်းလက်နှက်ကိုင် RCSS/SSA ၏ စွပ်စွဲချက်ကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ် (TNLA) ပြောခွင့်ရ အရာရှိက ငြင်းဆိုလိုက်သည်။
TNLA သည် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမှ စက်သုံးဆီဆိုင်များကို တစ်လ (သို့မဟုတ်) နှစ်လတွင် ကျပ် ၁၀ သိန်း မှ ၁၅ သိန်းအထိ ကောက်ခံကြောင်း၊ စက်သုံးဆီဆိုင်များနှင့် မြို့ခံစီးပွားရေးလုပ်ငန်းများသည် ဆက်ကြေးငွေကို တရုတ်နိုင်ငံထဲရှိ TNLA တို့ထံ သွားရောက်ပေးသွင်းရကြောင်း နမ့်ခမ်းဒေသခံတစ်ဦးကို ကိုးကားပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA ထိန်းချုပ်ထားသည့် Tai Freedom သတင်းဌာန က ဇူလိုင် ၂၆ ရက်တွင် ရေးသားသည်။

RCSS/SSA သည် ၎င်းတို့နှင့် မကြာခဏတိုက်ပွဲဖြစ်ပွား နေသည့် လက်နှက်ကိုင်တပ်ဖွဲ့ဖြစ်သောကြောင့် TNLA ၏ ပုံရိပ်ကျဆင်းအောင် သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း TNLA ၏ ပြောခွင့်ရအရာရှိ ဗိုလ်မှူး တာအိုက်ကျော်က ပြောသည်။
“သူတို့က အဲ့လို ဟိုဟာကောက်တယ် ဒီဟာကောက်တယ် ခနခနရေးနေကြဘဲ။ ရိုးတောင်ရိုးနေပြီ” ဟု ဗိုလ်မှူး တာအိုက်ကျော်ကပြောသည်။


တော်လှန်ရေးကာလဖြစ်သောကြောင့် TNLA အဖွဲ့ထိန်းချုပ်ရာ ဒေသများတွင် “အခွန်” ဟုသတ်မှတ်ပြီး စီးပွားရေး လုပ်ငန်းများထံမှ တစ်နှစ်လျှင်တစ်ကြိမ် ငွေကြေးကောက်ခံလေ့ရှိသော်လည်း ဇူလိုင်လအတွင်းက RCSS/SSA စွပ်စွဲသကဲ့သို့ နမ့်ခမ်းတွင် ငွေကြေးကောက်ခံရန် TNLA ဌာနချုပ်က ညွှန်ကြားထားခြင်း မရှိကြောင်း TNLA ၏ ပြောခွင့်ရအရာရှိ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းမြို့နယ်များဖြစ်သည့် နမ့်ခမ်း၊ နမ်တုံ၊ နမ့်စမ်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ္မတူ၊ သီပေါ စသည့်မြို့နယ်များကို ၎င်းတို့ထိန်းချုပ်နယ်မြေအဖြစ် TNLA က သတ်မှတ်ထားသည်။


နမ့်ခမ်းတွင် TNLA ကဆက်ကြေးကောက်သည့် သတင်းများ ထွက်ပေါ်နေသောကြောင့် စုံစမ်းနေကြောင်း တအာင်း (ပလောင်) အမျိုးသားပါတီ နမ့်ခမ်းမြို့နယ် ဒုတိယဥက္ကဌ ဦးဘသန်းက အတည်ပြုသည်။
“ဖြစ်တယ်ဆိုတဲ့ဘက်က လူတွေကိုလှမ်းပြီးစုံစမ်းခိုင်းထားပါတယ်။ ကျွန်တော်သိတဲ့ ဆိုင်တချို့ကတော့ အကောက်မခံရသေးဘူး” ဟု ဦးဘသန်းက ပြောသည်။
ယမန်နှစ်ကလည်း နမ့်ခမ်းမြို့အတွင်းမှ ဆီဆိုင်နှင့် ကုန်ဆုံဆိုင်အကြီးစားများကို ထိုသို့ကောက်ခံသည့် သတင်းများကို ကြားခဲ့ရသည်ဟု ၎င်းကပြောသည်။
နမ့်ခမ်းမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲမှူးဦးမင်းတင်က ရဲတပ်ဖွဲ့ထံ TNLA က ဆက်ကြေးကောက်ကြောင်း မည်သူကမျှ လာရောက်တိုင်ကြားခြင်းမရှိသေးကြောင်း Myanmar Now ကိုပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း လွယ်တိုင်းလန်းဒေသ အခြေစိုက် RCSS/SSA နှင့် ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် TNLA တို့သည် ယခုနှစ်အတွင်း နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။
ဇူလိုင် ၁၆ ရက်ကလည်း ရှမ်းပြည်မြောက်ပိုင်း နမ္မတူတွင် TNLA ဦးဆောင်သည့် တပ်ပေါင်းစုနှင့် RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၇၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












