စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

စစ်ကောင်စီဗိုလ်ချုပ်ကြီးများ၏ ကုမ္ပဏီများ အစိုးရတင်ဒါလုပ်ပိုင်ခွင့်များရနေ

ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချကာ နိုင်ငံ့ခေါင်းဆောင်များကိုဖမ်းဆီးပြီး အာဏာသိမ်းယူထားသည့် စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦး၏ မိသားစုပိုင်ကုမ္ပဏီများသည် ဌာနဆိုင်ရာတင်ဒါအများအပြားကို လုပ်ပိုင်ခွင့်ရရှိနေကြောင်း လေ့လာစုံစမ်းသိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီတွင် ထိပ်တန်းနေရာများရရှိထားသူ ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်သော မိုးမြင့်ထွန်းနှင့် အောင်လင်းဒွေးတို့၏ သားသမီးအမည်များဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများသည် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများရှိ စီမံကိန်းများအပြင် နေပြည်တော်ဧရိယာအတွင်း လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းနှင့် လမ်းတံတားတည်ဆောက်ရေး လုပ်ငန်းများအထိ လုပ်ပိုင်ခွင့်များရရှိထားကြောင်း Myanmar Now က ရရှိထားသည့် အစိုးရတင်ဒါမှတ်တမ်းအချို.၊ ကုမ္ပဏီမှတ်တမ်းများနှင့် သတင်းရင်းမြစ်များကို ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့မိသားစုပိုင်ကုမ္ပဏီများ တင်ဒါရရှိမှု အရေအတွက်အတိအကျကို မသိရသော်လည်း ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမိသားစု ရရှိခဲ့သည့် လုပ်ငန်းတင်ဒါ ၉ ခု နှင့် ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေး မိသားစု လုပ်ပိုင်ခွင့်ရသည့် လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းအချို့အကြောင်း စုံစမ်းသိရှိရသည်။

မိုးမြင့်ထွန်း မိသားစုပိုင် ကုမ္ပဏီများမှာ နယ်စပ်ရေးရာဝန်ကြီးဌာနက ချထားပေးသည့် စီမံကိန်းလေးခု၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အကျဉ်းဦးစီးဌာနက လုပ်ကိုင်သည့် စီမံကိန်းသုံးခု၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်ဓာတ်ကြိုးပြန်လည် ပြုပြင်ရေးစီမံကိန်း အနည်းဆုံးတစ်ခု တင်ဒါအနိုင် ရရှိခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးမိသားစုပိုင် ဆောက်လုပ်ရေးကုမ္ပဏီများမှာမူ နေပြည်တော်ရှိ လမ်းနှင့် တံတားတင်ဒါများ အဓိကရရှိကြောင်း နေပြည်တော်ရှိ ဌာနဆိုင်ရာတင်ဒါများ ချထားပေးမှုနှင့်ပတ်သက်၍ စစ်ကောင်စီနှင့်နီးစပ်သည့် လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“အဓိကကတော့ သူတို့နှစ်ယောက်ပါပဲ။ သူတို့နှစ်ယောက်ရဲ့ကုမ္ပဏီတွေကို ခွဲတမ်းချတယ်။ ယူတယ်ပေါ့။ သူတို့တင်တဲ့ဈေးနဲ့ (တင်ဒါကို) ဖောက်ပေးလိုက်တာပဲ” ဟု ၎င်းက ဆိုသည်။

မင်းအောင်လှိုင်နောက်လိုက် လူယုံတော်ဗိုလ်ချုပ်

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က ၎င်း၏နောက်လိုက် ဗိုလ်ချုပ်များကို စစ်တပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ နှင့် အစိုးရအဖွဲ့ စသည့်နေရာသုံးခုတွင် ခွဲဝေနေရာချထားခဲ့ပြီး အသက် ၅၄ နှစ်ရှိ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုမူ သုံးနေရာလုံးတွင် နေရာပေးထားသည်။ ၎င်း၏ လက်ရှိစစ်ရာထူးမှာ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်သည်။ စစ်တပ်တစ်ခုလုံးတွင် နံပတ်လေးအဆင့်ရှိ ရာထူးဖြစ်သည်။ ၎င်းသည် စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်ကာ အစိုးရအဖွဲ့တွင် ဝန်ကြီးရာထူးထက် အရေးပါသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

မိုးမြင့်ထွန်း၏ ဇနီးဖြစ်သူ ဒေါ်ခိုင်ပပချစ်နှင့် ၎င်းတို့၏ သမီးသုံးဦးဖြစ်သော အသက် ၂၈ နှစ်အရွယ် မရတနာမိုးမြင့်၊ ၂၅ နှစ်အရွယ် မမိုးထက်ထက်ထွန်းနှင့် ၂၁ နှစ်အရွယ် မခိုင်မိုးမြင့်တို့သည် ရတနာမိုးထက်အောင်၊ ဖြိုးပြည့်ပြည့်နှင့် ပင်ကံ့ကော်ကုမ္ပဏီအမည်ရ ဆေက်လုပ်ရေးကုမ္ပဏီများတွင် ဒါရိုက်တာများအဖြစ် ပါဝင်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မှတ်တမ်းများတွင် တွေ့ရသည်။

ထိုကုမ္ပဏီများကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဇမ္ဗူဒီပရပ်ကွက် သုံးဆယ်လမ်းနှင့် ယူကလစ်လမ်း ထောင့် ရာဇသင်္ဂဟအိမ်ရာလိပ်စာဖြင့် ၂၀၂၀ ခုနှစ် ဩဂုတ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၁ အောက်တိုဘာမှ ယခုနှစ် ‌မတ်လအထိ နိုင်ငံတော်၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင် ရွက်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပအိုဝ်းဒေသ နယ်စပ်ဖွံ့ဖြိးရေးလုပ်ငန်းတင်ဒါ ရရှိခဲ့သလို လက်ရှိဘဏ္ဍာနှစ် ဆောင်ရွက်မည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ အခြားတင်ဒါများလည်း ရရှိခဲ့သည်။

ထို့အတူ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီးဌာနက ဆောင်ရွက်သည့် တင်ဒါသုံးခု ကို လည်း မိုးမြင့်ထွန်းမိသားစုပိုင် ကုမ္ပဏီသုံးခုက လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ တင်ဒါခေါ်သည့် စီမံကိန်းလုပ်ငန်းများ၏ တန်ဖိုးကိုမူ မသိရပေသော်လည်း ထိုကုမ္ပဏီများသည် အစိုးရလုပ်ငန်းတင်ဒါ ၉ ခုအထိ ရရှိ ထားသည်။

ထိုမျှသာမကပေ။ နေပြည်တော်ဧရိယာအတွင်း လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းရေးစီမံကိန်း၊ စည်ပင်၊ ရဲတပ်ဖွဲ့တို့နှင့်ဆိုင်သော တင်ဒါများကိုလည်း စစ်ကောင်စီအဖွဲ့ဝင် မိုးမြင့်ထွန်းမိသားစု၏ကုမ္ပဏီများပင် လုပ်ကိုင် ခွင့်ရရှိထားသည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းပိုင်ကုမ္ပဏီများ စီမံကိန်းတင်ဒါ ရရှိရေးအတွက် စစ်တက္ကသိုလ်အပတ် စဉ် ၄၉ ကျောင်းဆင်း ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိနှစ်ဦးက အဓိကကြီးကြပ်ပေးနေကြောင်း စစ်ကောင်စီနှင့် နီးစပ်သော စီးပွားရေးသတင်းရင်းမြစ်က ဆိုသည်။

“ပိုက်ဆံလွယ်လွယ် ခပ်ယူတဲ့သဘောမျိုးပဲ လုပ်တာပဲ။ ခက်ခက်ခဲခဲ လမ်းခင်းတာတို့ (နေပြည်တော်မှာ) သိပ်မလုပ်ဘူး။ လမ်းခင်းတဲ့ဟာတော့ ရှားတယ်။ လုပ်ပေးမယ့်သူရှိမှ ပြိုင်မှာပဲ။ အဖွဲ့အကြီးကြီး မဖွဲ့ထားဘူး။ အဲဒီဗိုလ်ကြီး နှစ်ယောက်နဲ့တင် အကုန်လုံးကို ကိုင်ထားတာ” ဟု ထိုသူက ပြောသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ မိသားစုပိုင်ကုမ္ပဏီများတည်ရှိရာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဇမ္ဗူဒီပရပ်ကွက်ရှိ ရာဇသင်္ဂဟအိမ်ရာသို့ ဝင်ရာလမ်း၌ လုံခြုံရေးကင်းများ ထားရှိသည်ကို တွေ့ရသည် (ဓာတ်ပုံ – Myanmar Now)

အသက် ၅၄ နှစ်အရွယ် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၀ ဆင်းဖြစ်ပြီး ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ထက် အသက် ၁၀ နှစ်ကျော် ငယ်ရွယ်သည်။

၎င်းသည် နေပြည်တော်တိုင်းမှူးဟောင်းလည်းဖြစ်ပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် မင်းအောင်လှိုင်နေရာ ဆက်ခံမည့်သူဟုလည်း တပ်တွင်း ထင်ကြေးပေးခံထားရသည်။

ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ကြီးမောင်မောင်အေး ယခုနှစ်ကုန် အနားယူသွားပါက စစ်ခေါင်းဆောင်၏ မျက်နှာပေးမှုဖြင့် ထိုရာထူးကို မိုးမြင့်ထွန်း ရရှိမည်ဆိုပါ က ၎င်းသည် စစ်တပ်တွင် နံပါတ်သုံး ခေါင်းဆောင်ဖြစ်လာပေမည်။

၂၀၂၁ ခုနှစ်အတွင်းက မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်နှင့်အတူ တွေ့ရသည့် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (တပ်ပိုင်မီဒီယာ)

စစ်ခေါင်းဆောင်က မိုးမြင့်ထွန်းကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ဦးဆောင်စေသည်သာမက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း ခန့်အပ်ထားသည်။ ထို့ပြင် မိုးမြင့်ထွန်းသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဒါရိုက်တာ တစ်ဦးလည်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများကို ရာထူးလက်ဝယ်ဖြင့် ကြီးကြပ်နေသူ၏ မိသားစုပိုင် ကုမ္ပဏီများက ဌာနဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ရရှိနေခြင်းမှာ စစ်ဗိုလ်ချုပ်များအတွက် မထူး ဆန်းတော့ပေ။ အာဏာရှင် ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူများ လုပ်ပိုင်ခွင့်ရလေ့ရှိသည်မှာ ယခင် ကတည်းက ဖြစ်သည်။​

“အခုချိန်က အကျိုးစီးပွား ကြီးကြီးမားမား ဖြစ်တာပေါ့။ နဂိုကတည်းကလည်း အကျိုးစီးပွားတွေက ရှိခဲ့တယ်။ အခုချိန်မှာလည်းရှိတယ်။ သူတို့ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ခေါင်းဆောင်တွေက အကျိုးစီးပွားတွေကတော့ ရစမြဲပါပဲ” ဟု စစ်အာအာဏာသိမ်းမှုကြောင့် စစ်တပ်ကို စွန့်ခွာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် ခိုလှုံပြီး အာဏာဖီဆန်နေသူ တပ်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

စစ်ကောင်စီအတွင်းရေးမှူး၏ သားသမီးပိုင်ကုမ္ပဏီများ

အာဏာသိမ်းစစ်ကောင်စီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ပေးခံရသူမှာ စစ်ဥပဒေချုပ်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဖြစ်သည်။ သူ၏သားသမီးများသည်လည်း ကုမ္ပဏီများ တည်ထောင်ထားကြပြီး လမ်းတံတားစီမံကိန်း တင်ဒါများ လုပ်ကိုင်ခွင့်ရရှိထားသည်။

အောင်လင်းဒွေး၏ သားနှစ်ဦးဖြစ်သည့် အသက် ၂၉ နှစ်အရွယ် ကိုလှိုင်ဘွားအောင်နှင့် အသက် ၂၇ နှစ်အရွယ် ကိုဖြိုးအာကာအောင်တို့သည် အောင်မြင့်မိုရ်လင်းနှင့် မင်္ဂလာအောင်မြေအမည်ရ ဆောက်လုပ်ရေး ကုမ္ပဏီများအပြင် ရွှေရည်ဖြိုးပြည့် ကုန်ထုတ်လုပ်ငန်းကိုလည်း ထူထောင်ထားသည်။

မင်္ဂလာအောင်မြေကုမ္ပဏီတွင် အသက် ၅၄ နှစ်အရွယ် အောင်လင်းဒွေး၏ဇနီး ဒေါ်ဥမ္မာမြင့်လည်း ဒါရိုက်တာအဖြစ်ပါဝင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မှတ်တမ်းများတွင် တွေ့ရသည်။

ထိုကုမ္ပဏီသုံးခုတွင် ဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခုမှာ နေပြည်တော်သိုက်ချောင်းလမ်းဆုံမှ ပုဗ္ဗသီရိမြို့နယ်ရှိ ဆေးရုံအထိ လမ်းတည်ဆောက်ရေး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုံးတက်ရုံးဆင်းလုပ်သည့် စစ်ရုံးချုပ်နှင့်ချိတ်ဆက်နေသော လမ်း တံတား အဆင့်မြှင့်တင်ရေးစီမံကိန်းကို ရရှိထားကြောင်း Myanmar Now ၏ သတင်းရင်းမြစ်က ဆိုသည်။

“လမ်းလုပ်ငန်းမှန်သမျှတော်တော်များများဆိုရင် ဗိုလ်ချုပ်အောင်လင်းဒွေးက ကြိတ်တာ” ဟု သူက ဆိုသည်။

မင်္ဂလာအောင်မြေကုမ္ပဏီသည် ၂၀၂၁ အောက်တိုဘာမှ ၂၀၂၂ မတ်လ အတွင်း ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အကျဉ်းဦးစီးဌာနကခေါ်ယူခဲ့သည့် တည်ဆောက်ရေးလုပ်ငန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနတင်ဒါနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဓနုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စီမံကိန်းတင်ဒါများ အောင်မြင်ထားသည်။

စီမံကိန်းတင်ဒါများ ရရှိနေသည့် အထက်ပါကုမ္ပဏီများအပြင်၊ နေပြည်တော် သိုက်ချောင်းလမ်းဆုံအနီး မြေလေးဧကပေါ်တွင် တည်ထောင်ထားသည့် Royal ကွန်ကရစ်လုပ်ငန်းသည်လည်း အောင်လင်းဒွေး မိသားစုပိုင် ဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးမိသားစုပိုင်ဆိုင်သည့် Royal ကွန်ကရစ်လုပ်ငန်း (ဓာတ်ပုံ – Myanmar Now)

နှစ်စဉ် ဝန်ကြီးဌာနများက ယင်းတို့ဖော်ဆောင်မည့်လုပ်ငန်းများအတွက် တင်ဒါအများအပြား‌ခေါ်ယူလေ့ရှိပြီး အောင်မြင်သည့်ကုမ္ပဏီများကို လူသိရှင်ကြား ထုတ်ပြန်ကာ အချို့ကို ဖုန်းဆက်အကြောင်းကြားလေ့ရှိသည်။ ထိုကဲ့သို့ ယခင်က ပွင့်လင်းမြင်သာစွာထုတ်ပြန်သည့် တင်ဒါအောင်ကုမ္ပဏီများစာရင်းမှာ အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းသွားကြောင်း စီးပွားရေးအသိုင်းဝိုင်းက သတင်းရင်းမြစ်များက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စီမံကိန်းလုပ်ငန်းများကို စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများပိုင် ကုမ္ပဏီများနှင့် နီးစပ်သည့်အသိုင်းအဝိုင်းကသာ ဆက်လက်စိုးမိုးနိုင်ခြေများကြောင်း၊ နယ်စပ်ဒေသရှိ ဆောက်လုပ်ရေး တင်ဒါများတွင် ဒေသခံများမရရှိတော့ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“တော်တော်ထူးဆန်းတယ်။ ဒေသက လုပ်ငန်းရှင်တွေ မရကြဘူး။ ရတဲ့ကုမ္ပဏီတွေကြည့်ရင် သူတို့(စစ်တပ်) ပဲရှိတယ်။ အကုန်လုံးက စစ်တပ်ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေပဲလေ” ဟု ထိုသူက ဆိုသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၂၅ တက်ခဲ့သူ အသက် ၆၀ အရွယ် အောင်လင်းဒွေးသည်လည်း စစ်တပ်၏ ဦးပိုင် ကုမ္ပဏီ ဒါရိုက်တာဟောင်းတစ်ဦးဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် စစ်ဥပဒေချုပ်ဖြစ်လာခဲ့သူ ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးသည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများကို နိုင်ငံတွင်းမှမောင်းထုတ်သည့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ တွင် မြေပြင်အထိ သွား ရောက်ကာ အနီးကပ်အမိန့်ပေးခဲ့သူဖြစ်ကြောင်း အာဏာသိမ်းပြီးနောက် စစ်တပ်ကိုစွန့်ခွာခဲ့သူ ဗိုလ်ကြီးနေမျိုးသက်က ပြောဆိုသည်။

ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေး (ဘယ်) ကို ၂၀၁၉ ခုနှစ်အတွင်းက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ တွေ့ရစဉ် (Zoramthanga/ Twitter)

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် မင်းအောင်လှိုင်အပါအဝင် စစ်တပ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုပိုင်ကုမ္ပဏီများကို အမေရိကန်နှင့် အနောက်နိုင်ငံအချို့က ၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် စီးပွားရေးပိတ်ဆို့မှုများချမှတ်ထားသော်လည်း ထိုကုမ္ပဏီများသည် မြန်မာပြည်တွင်း၌မူ ပိုမို၍ လုပ်ငန်းများချဲ့ထွင်လာနေသည့် အနေအထားဖြစ်သည်။

ခေတ်အဆက်ဆက် လက်နက်အားကိုးဖြင့် နိုင်ငံတော်အာဏာ ရယူသည့်အဓိကအကြောင်းရင်းတွင် စစ်ခေါင်းဆောင်များအနေဖြင့် ကိုယ်ကျိုးစီးပွားကာကွယ်ရန်နှင့် ထူထောင်ချဲ့ထွင်ရန်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဝေဖန်သည်။

အာဏာသိမ်း ဗိုလ်ချုပ်ကြီးများက စီမံကိန်းတင်ဒါများဖြင့် စီးပွားရေးအကျိုးအမြတ် ရယူနေခြင်းမှာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည့်လုပ်ရပ်ပင်ဖြစ်ကြောင်း NUG အစိုးရ၏ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဆိုသည်။

စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအမှားများ၊ နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာကို အတင်းအကျပ်သိမ်းယူမှုများကြောင့် ပြည်တွင်း စီးပွားရေးယိုယွင်းလာနေပြီး အာဏာသိမ်းတစ်နှစ်ကျော်အတွင်း မြန်မာလူဦးရေ၏ ထက်ဝက်နီးပါး ဆင်းရဲနွမ်းပါးသွားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များကို ကိုးကား၍ ၎င်းက ဆိုသည်။

“ပြည်သူလူထုက ဆင်းရဲမွဲတေပြီးတော့ အငတ်တွင်းရောက်သလိုဖြစ်နေတဲ့အချိန်မှာ စစ်ဗိုလ်ချုပ်ကြီး တွေနဲ့ သားသမီးတွေ၊ အသိုင်းအဝိုင်‌တွေက နေ့ချင်ညချင်း မတရားချမ်းသာလာကြတယ်။ စီးပွားရေး အခွင့်အလမ်း ရနေတယ်ဆိုတာက ဒါက တိုင်းပြည်ဘဏ္ဍာ၊ ပြည်သူရဲဘဏ္ဍာကို လုယက်နေတာ” ဟု ဦးကျော်ဇောက ဆိုသည်။

(ယခုဆောင်းပါးတွင် ဖော်ပြထားသည့် ကုမ္ပဏီများ၏ အသေးစိတ်မှတ်တမ်းများကို အောက်ပါအတိုင်းလေ့လာနိုင်ပါသည်။) 

companies_data

Show More

Related Articles

Back to top button