သတင်း

ဖမ်းမိထားသည့် စစ်ကောင်စီတပ်သား ၂ ဦးကို KNDO ပြန်လွှတ်ပေး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်း အရပ်သားအသွင်ယူထားသည့် စစ်ကောင်စီတပ်သား ၂ ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း  စစ်ရာဇဝတ်မှု မကျူးလွန်လိုသောကြောင့် ပြန်လည်လွှတ်ပေးလိုက်သည်ဟု ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း ၄ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သြဂုတ် ၁၉ ရက်နေ့ နံနက် ၈နာရီဝန်ကျင်က သံတောင်ကြီးမြို့အတွင်းရှိ ဘောဂလိလမ်းမပေါ်တွင်  KNDO တပ်ဖွဲ့ဝင်များက လုံခြုံရေးကင်းလှည့်စဉ် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး မျိုးမင်းထွန်း (ကိုယ်ပိုင်အမှတ်- ၉၈၅၀၈၁) နှင့် တပ်သား ထွန်းထွန်းဦး (ကိုယ်ပိုင်အမှတ် ၄၃၁၆၀၄)တို့ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ထိုနေ့ညတွင်ပင် KNDOက ပြန်လွှတ်ပေးခဲ့သည်။

“ကိုယ်ရင်ဆိုင်နေရတဲ့ ရန်သူ(စစ်ကောင်စီ)က သုံ့ပန်းတင်မက ပြည်သူကိုပါ ရက်စက်နေတာကိုလည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က စစ်ကျင့်ဝတ် (Geneva convention) ကို မဖောက်ဖျက်ဘူး။ စစ်ရာဇဝတ်မှု မကျူးလွန်ဘူး။ ဒီလိုသဘောထားမျိုးကို ရန်သူလဲ သိစေချင်တယ်”ဟု အထက်ပါ KNDO တာဝန်ရှိသူက ပြောသည်။

“အကျိုးနဲ့ အပြစ်ကို ယှဉ်ကြည့်ရင် ဖမ်းမိကတည်းက ကိုယ့်ဘက်က အမြတ်ပဲ။ သတ်ပစ်လိုက်တာ လွယ်ပေမယ့် ရမယ့်အပြစ်ကများမယ်။ ထိန်းသိမ်းထားမယ်ဆိုလဲ အကျိုးထက် အပြစ်ကပိုများမယ်လို့ တွက်ချက်ပြီး ဆုံးဖြတ်လိုက်တာပါ”၎င်းက ဆက်ပြောသည်။

တပ်ကြပ်ကြီးမျိုးမင်းထွန်းသည် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၅၈၄မှ ဖြစ်သည်။ ထိုတပ်ရင်းသည် ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ဖြစ်သည်။

တပ်သားထွန်းထွန်းဦးမှာ တနင်္သာရီတိုင်း မြိတ်မြို့အခြေစိုက် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း အမှတ် ၈၁၈ မှ စစ်ကောင်စီတပ်သား တစ်ဦးဖြစ်သည်။

၎င်းတို့သည် ဖာပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ ခေါ်ဒေါ့ခုစခန်း (ပွိုင့် ၃၉၁၇) တွင် ၉လကြာ တာဝန်ထမ်းဆောင် နေကြသူများဖြစ်သည်ဟု အထက်ပါ အရာရှိက ဆိုသည်။

“တပ်သား(ထွန်းထွန်းဦး)က မိုင်းထိထားတယ်။ ဘယ်လက်က ပုပ်ပြီး အနံ့ထွက်နေပြီ။ မျက်စေ့၂လုံးလုံး မမြင်နိုင်တော့ဘူး။ စိုးရိမ်ရတဲ့ အခြေအနေမှာ တပ်ကြပ်ကြီးက ဆိုင်ကယ်နဲ့ သယ်လာတာပါ”ဟုလည်း သူက ပြောသည်။

၎င်းတို့နှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်ပေါ်တွင် ဆာလာအိတ်ဖြင့် ထည့်ထား၍ သယ်လာသည့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်။ သို့သော် ထိုစစ်သားများထံတွင် သေနတ်ပါမလာဟု အထက်ပါ KNDO တာဝန်ရှိသူက ပြောသည်။

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)က ဖမ်းမိသည့် စစ်ကောင်စီတပ်သားနှစ်ဦးနှင့်အတူပါလာသည့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ-KNDO

စစ်ကောင်စီကို ပုန်းကန်၍ ထွက်ပြေးလာမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြိုဆိုမည်ဖြစ်ကြောာင်း KNDO တပ်ရင်း ၄ ထုတ်ပြန်ထားသည်။ လက်နက်နှင့်အတူ ပြည်သူ့ဘက်သို့ ပူးပေါင်းလျှင် အနည်းဆုံး ကျပ်ငွေ သိန်း ၂၀ မှစ၍ လက်နက်အမျိုးအစားအလိုက် ဆုကြေးပေးမည်ဟုလည်း ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က ကြေညာချက်တွင် ဖေါ်ပြသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အကြာတွင် နိုင်ငံအနှံ့စစ်မျက်နှာများစွာနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များထဲမှ တော်လှန်ရေးအဖွဲ့ထံ ဘက်ပြောင်းခိုလှုံသူများရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button