သတင်း

ကြံ့ခိုင်ရေးခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဦးခင်ရီဥက္ကဋ္ဌသစ် ဖြစ်လာဖွယ်ရှိ 

စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်ရန် မကြာမီခေါ်ယူမည့် ပါတီညီလာခံနှင့်အတူ လွန်ခဲ့သည့် သောကြာနေ့က လူဝင်မှုကြီးကြပ်ရေးဝန်ကြီးရာထူးမှ အနားယူခဲ့သူ ဦးခင်ရီသည် ပါတီဥက္ကဋ္ဌသစ် ဖြစ်လာဖွယ်ရှိနေသည်။

လက်ရှိ ပါတီဥက္ကဋ္ဌ အသက် ၆၈ နှစ်အရွယ် ဦးသန်းဌေးမှာ ပါတီတွင်း မကျေနပ်မှုများနှင့် ရင်ဆိုင်နေ ရသည်။ ထို့ပြင် ၎င်းသည် ခါးနာရောဂါကြောင့် ရန်ကုန်ရှိ မင်္ဂလာဒုံစစ်ဆေးရုံတွင် ခွဲစိတ်ကုသပြီး နောက် နေပြည်တော်၌ရှိနေသော်လည်း ရုံးမတက်သည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ 

“ခါးခွဲထားတော့ ရုံးမတက်ဘူးပေါ့။ ခွဲတာ မင်္ဂလာဒုံမှာခွဲတာ။ အခု နေပြည်တော် ပြန်ရောက်နေပြီ။ ကျန်းမာရေးအရ နားသွားမယ့်ပုံစံရှိတယ်” ဟု ပါတီဌာနချုပ်နှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

စစ်ဗိုလ်ချုပ်ဟောင်း ဦးသန်းဌေးသည် ခေါင်းဆောင်မှုညံ့ဖျင်းခြင်း၊ ပါတီရန်ပုံငွေ ကျပ်သိန်းသောင်း နှင့်ချီကာ ပါတီတွင်း အလျဉ်းသင့်သူများကို ချေးငှားထားခြင်းနှင့် ၎င်း၏ဥက္ကဋ္ဌ သက်တမ်းသည် ယမန်နှစ်ကတည်းက ကုန်ဆုံးသွားပြီဖြစ်၍ ငါးနှစ်တစ်ကြိမ် ကျင်းပရသည့် ပါတီညီလာခံ ခေါ်ယူကာ ခေါင်းဆောင်သစ်ပြန်ရွေးရန် ဝေဖန်မှုများလည်း ရှိနေသည်။

ပါတီညီလာခံတွင် စစ်ကောင်စီနှင့် သဟဇာတပိုဖြစ်သော ဗိုလ်ချုပ်ဟောင်းများ ပါတီထိပ်တန်းနေရာ များ ရသွားရန်ရှီပြီး ပါတီဥက္ကဋ္ဌသစ်အဖြစ် တစ်ပြေးနေသူမှာ ဦးခင်ရီဖြစ်သည်။ 

အာဏာရှင်ဦးသန်းရွှေခေတ် ရဲချုပ်ရာထူး၊ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်ခေတ်နှင့် စစ်ကောင်စီလက်ထက်တို့တွင် လဝကဝန်ကြီးရာထူးယူခဲ့သူ ဗိုလ်မှုးချုပ်ဟောင်းခင်ရီမှာ လက်ရှိ ကြံ့ခိုင်ရေးပါတီ၏ ဒုဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သည်။

လဝကဝန်ကြီးအဖြစ်မှ အနားပေးလိုက်သဖြင့် စစ်ကောင်စီဥက္ကဋ္ဌနှင့် မပြေလည်လေသလားဟု ယူဆဖွယ်ရှိသော်လည်း မင်းအောင်လှိုင်ကိုယ်တိုင်ပင် ဝန်ကြီးနေရာမှ အနားယူကာ ပါတီခေါင်းဆောင်အဖြစ် တာဝန်ယူစေခြင်းဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သူတို့က ဆိုသည်။​

ဦးခင်ရီသည် ယနေ့ (ဩဂုတ် ၂၂) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီဌာနချုပ်တွင် ရုံးစ တက်နေပြီဖြစ်သည်။ 

ပါတီခေါင်းဆောင်ပိုင်း လိုအပ်ချက်ကြောင့် ဦးခင်ရီကို စစ်ကောင်စီဝန်ကြီးနေရာမှ ပါတီသို့ ပြန်လွှဲပေး ရန် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ပါတီတာဝန်ရှိသူများက တင်ပြခဲ့ကြောင်း လက်ရှိ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို ပြင်းပြင်းထန်ထန်ဝေဖန်နေသူတစ်ဦးဖြစ်သည့် ဘူးလက်လှဆွေဟု လူသိများသူ လွှတ် တော်အမတ်ဟောင်း ဦးလှဆွေက Myanmar Now ကို ပြောသည်။

“ဦးခင်ရီက ရှေ့မီနောက်မီဗျာ။ အထက်ကော အောက်ကော ပြေလည်တဲ့လူဆိုတော့ သူ့ကို ဝိုင်းပြီး တော့ Request (တောင်းဆို) လုပ်တဲ့သဘောရှိတယ်။ အဲ့ဒါကြောင့်မလို့ ဦးခင်ရီကို ပါတီကို ပြန်ပို့ လိုက်တာ” ဟု ၎င်းက ဆိုသည်။

ဦးခင်ရီ ပါတီပြန်ရောက်လာခြင်းကြောင့် ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ် ပိုပြီးနီးစပ်သွားမည်ဟုလည်း ပါတီဗဟိုကော်မတီဝင်လည်းဖြစ်သူ ဦးလှဆွေက ပြောဆိုသည်။

လက်ရှိတွင် ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အချို့ နုတ်ထွက်သွားကာ ပါတီမှခွာရန် ပြင်နေသူများလည်း ရှိသည်ဟု ဦးလှဆွေထံမှ သိရသည်။

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်၊ ဦးလှဌေးဝင်းနှင့် ဦးမြင့်စိုးတို့ ပါတီမှ နုတ်ထွက်သွားပြီးဖြစ်ကာ ပါတီ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးသက်နိုင်ဝင်းသည်လည်း နုတ်ထွက်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

ရဲချုပ်ဟောင်းနှင့် စစ်ဗိုလ်ချုပ်များ ဦးဆောင်သည့် အစိုးရများလက်ထက်တွင် လဝကဝန်ကြီး ဖြစ်ခဲ့သူ ဦးခင်ရီ။ (ဓာတ်ပုံ – ဦးခင်ရီ Facebook)

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌသစ်အဖြစ် မင်းအောင်လှိုင်ရွေးချယ်မည့် ရဲချုပ်ဟောင်းဦးခင်ရီမှာ တပ်ထောက်ခံပွဲများကို ဦးဆောင်စီစဉ်သူဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်း ရေးသားသည့် ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ (ဒုတိယတွဲ) စာအုပ်တွင် ဖော်ပြသည်။

ဦးခင်ရီစီစဉ်ခဲ့သည့် ရန်ကုန်တပ်ထောက်ခံပွဲများမှာ အာဏာမသိမ်းမီက ၁၁ ခု၊ အာဏာသိမ်းပြီးနောက် ၁၁ ပွဲ စုစုပေါင်း ၂၂ ပွဲရှိခဲ့သည်ဟု ဦးစိုးသိန်းက အသေးစိတ် ရေးသားထားသည်။ 

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ဇာတိ ဦးခင်ရီမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် မြောင်းမြမြို့နယ်မှ လည်း ကောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဆိတ်ကြီးခနောင်တိုမြို့နယ်မှ လည်းကောင်း ကြံ့ခိုင် ရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့သည်။ 

ဦးခင်ရီကို လဝကဝန်ကြီးရာထူးမှ အနားပေးကာ ကြံ့ခိုင်ရေးပါတီကို ဦးဆောင်စေခြင်းနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ဘာတွေမွှေဦးမလဲ မသိဘူး။ သူက သစ္စာခံပေါ့။ မင်းအောင်လှိုင်က သူ့ကိုပဲထားမယ်။ ဘုန်းကြီးရူးနဲ့လှေလူး၊ ဓားပြနဲ့ သူခိုး သွားပေါင်းမိတာပဲ” ဟု မှတ်ချက်ပြုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များအကြား သဘောထား ကွဲလွဲမှု များ ပေါက်ပေါက်လာရာ ပြီးခဲ့သည့် ဇွန်လအတွင်းက နှစ်ရက်တာ ကျင်းပခဲ့သော ဗဟိုကော်မတီ အစည်းအဝေးမှာ အခြေအတင် အငြင်းပွားမှုများနှင့် အဆုံးသတ်ခဲ့ရသည်။

ပါတီခေါင်းဆောင်မှုအပြင် ရန်ပုံငွေအလွဲသုံးစားပြုလုပ်မှုနှင့် ပတ်သက်၍လည်း ကြံ့ခိုင်ရေးပါတီအတွင်း အကွဲအပြဲများ ဖြစ်ပေါ်နေသည်။

ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ဦးနန္ဒာလှမြင့်က ပါတီရန်ပုံငွေ ကျပ်သိန်းနှစ်သောင်းကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့(CEC) ဆုံးဖြတ်ချက်ဖြင့် ငွေတိုးချေးယူထားသည်ဟု ပါတီတာဝန်ရှိသူ တစ်ဦးဖြစ်သော မင်းကင်းမောင်မြင့်က လူမှုကွန်ရက် Facebook ပေါ်တွင် ရုပ်သံဖိုင်တင်ကာ ထုတ်ဖော်ပြောဆိုထားသည်။ 

“ပါတီရန်ပုံငွေတွေကို ငွေတိုးပေးရအောင် ပြည်ခိုင်ဖြိုးပါတီက အပေါင်ဆိုင် မဟုတ်ဘူး” ဟု ဦးမောင် မြင့်က လူမှုကွန်ရက်တွင် ရုပ်သံထုတ်လွှင့်ကာ ဝေဖန်ထားသည်။

ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်သစ် ပြောင်းလဲလိုသူများတွင် ‘တစ်နပ်စား မြင့်လှိုင်’ ဟု လူသိများသည့် လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ မင်းကင်းမောင်မြင့် (ခ) ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးမောင်မြင့်၊ လွှတ်တော်အမတ်ဟောင်း ဦးသောင်းအေးနှင့် ဘူးလက်လှဆွေတို့မှာ ထိပ်ဆုံးမှ ဖြစ်သည်။ 

ပါတီတွင်း တံခါးပိတ်အစည်းအဝေးများတွင် ဦးသန်းဌေး၏ ခေါင်းဆောင်မှုကို ထောက်ပြပြောဆိုသူ များစွာရှိကြောင်း ဦးလှဆွေက Myanmar Now ကို ပြောသည်။

“တကယ်တမ်းက ပါတီမှာ အစည်းအဝေးတွေလုပ်ရင် မတ်တပ်ရပ်ပြီးထတာ ဦးမြင့်လှိုင်တို့၊ ဦးသောင်း အေးတို့၊ ကိုသိန်းထွန်းတို့ ဒါတွေကလည်း ပါတီစည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ဖို့၊ စည်းကမ်းအတိုင်း မလုပ်ရင် သမိုင်းတရားခံ ဖြစ်သွားမယ်။ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ကုန်မယ် စသဖြင့် အဲ့လိုမျိုးတွေ ပြောကြတာတွေ အများကြီးဗျ” ဟု ဦးလှဆွေက ဆိုသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ မြေတောင်မြှောက်ပေးခဲ့သည့် ကြံ့ခိုင်ရေးပါတီမှာ စစ်ဗိုလ်ချုပ်များ စိတ်ကြိုက်ခြယ်လှယ်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲမှအပ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝင်ရောက်ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲတိုင်းတွင် နေရာအနည်းငယ်စီသာ အနိုင်ရဖူးသည်။

NLD အစိုးရလက်ထက်တွင် စစ်တပ်ထောက်ခံသော ဆန္ဒထုတ်ဖော်ပွဲများနှင့် ထုတ်ပြန်ချက်များကို ကြံ့ ခိုင်ရေးပါတီ ဦးဆောင်လေ့ရှိသည်။အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက်တွင်လည်း တပ် ထောက်ခံပွဲများ၊ NLD ရှုတ်ချပွဲများ ဦးဆောင်ပြုလေ့ရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button