သတင်း

ရင်ပေါင်တိုင်ရွာသားများကို သတ်ဖြတ်ပြီးနောက် စစ်တပ်က အနီးရှိရွာများကို ဆက်မီးရှို့

စစ်ကိုင်းတိုင်းတောင်ပိုင်း ယင်းမာမြို့နယ်ရှိ ရင်ပေါင်တိုင်ရွာကို လေကြောင်းဖြင့်ပါ အပြင်းအထန် တိုက်ခိုက်ပြီး သုံးရက်ကြာတပ်စွဲပြီးနောက် စစ်တပ်က ယနေ့ (ဩဂုတ် ၁၆) တွင် နယ်မြေချင်းထိစပ် နေသော ပုလဲမြို့နယ်အတွင်းမှ ချင်ပြစ်ရွာကို ဝင်ရောက်မီးရှို့နေကြောင်း သိရသည်။

ယခုလ ၁၁ ရက်က ရင်ပေါင်တိုင်ရွာကို လေကြောင်းတိုက်ခိုက်မှုအပြင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီးနောက် စစ်တပ်က ဒေသခံများကို သတ်ဖြတ်ခဲ့ရာ လက်ရှိအချိန်ထိ ရုပ်အလောင်း ၁၈ လောင်း တွေ့ရှိပြီးဖြစ်သည်။

အရပ်ဝတ်လက်နက်ကိုင်များ အပါအဝင် အင်အား ၁၃၀ ကျော်ရှိ စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်း သည် ရင်ပေါင်တိုင်ရွာအနောက် ၈ မိုင်ခန့်အကွာရှိ ချင်ပြစ်ရွာကို ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိလာပြီး မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ရောက်ရောက်ချင်း ရွာအရှေ့ဘက်က အိမ် ၂ လုံးကို မီးရှို့ပါတယ်။ ဒီအတိုင်းဝင်လာတာ။ သူတို့က အင်အားများတယ်။ ပျူတွေရော၊ ပျူမတွေရောပါတယ်” ဟု ထိုဒေသတွင် ရှိနေသည့် ပုလဲမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ယခုလ ၁၄ ရက်နေ့တွင် ရင်ပေါင်တိုင်ရွာမှ ထွက်ခွာလာသော စစ်တပ်က အနီးဆုံးရှိ ပုထိုးသာရွာကို လည်း ဝင်ရောက်စီးနင်းခဲ့သည်။ ထိုသို့စီးနင်းစဉ် ကုန်စုံဆိုင်ကြီးတစ်ဆိုင် အပါအဝင် လက်ဖက်ရည် ဆိုင်တစ်ဆိုင်နှင့် လူနေအိမ် ၁၄ လုံး အပြင် လူမှုကူညီရေးအသင်းပိုင်ကားနှင့် အဆောက်အဦတစ်လုံး မီးရှို့ဖျက်ဆီးခဲ့သည်။

နောက်တစ်ရက်တွင် ရွာနောင်နှင့် မုံသွင်ရွာတို့ကို ဆက်လက်စီးနင်းကာ ယနေ့တွင် ချင်ပြစ်ရွာကို ရောက်ရှိလာခြင်းဖြစ်သည်။ 

မုံသွင်ရွာတွင် ညအိပ်ရပ်နားစဉ် စစ်တပ်က ရွာသားတစ်ဦးကို ပစ်သတ်ခဲ့သည်ဟုလည်း သိရသည်။

စစ်တပ်စီးနင်းခံခဲ့ရသည့် ယင်းမာပင်က ရင်ပေါင်တိုင်ရွာမြင်ကွင်းတစ်ခု

စစ်တပ်က အင်အားအများအပြားဖြင့် ဆက်တိုက်ဝင်ရောက်စီးနင်းနေသဖြင့် ပုလဲနှင့်ယင်းမာပင် မြို့နယ်များအတွင်းရှိ ရင်ပေါင်တိုင်၊ ပုထိုးသာ၊ ရွာသစ်၊ ကပ္ပါးရပ်၊ ရွာနောင်၊ မုံသွင်၊ ချင်ပြစ်၊ ရှောက်ရင်းကုန်း စသည့်ကျေးရွာများမှ ရာနှင့်ချီသော ဒေသခံများ ထွက်ပြေးနေရသည်။ 

“နီးစပ်ရာရွာတွေက ဘုန်းကြီးကျောင်းတွေမှာ ရှောင်ရတယ်။ တချို့ကတော့ တောတွေမှာ ခဏရှောင် တယ်။ ယာတောတွေပေါ့။ ယာတောတွေထဲက တစ်ပင်ကောင်း သရက်ပင်၊ တမာပင် တို့တွေရှိတယ်။ အဲ့ဒီအောက်တွေ မှာ ရှောင်ရတာ။ မိုးရွာမှာပဲ စိုးရိမ်နေရတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသူများကို ကူညီပေးနေသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က စစ်ကြောင်းဖြင့်သွားရာ၌ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ရင်ပေါင်တိုင်ရွာ ဒေသခံ ၂၀ ဦးနှင့် ပတ်သက်၍ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ မသိရသေးကြောင်း သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button