သတင်း

ကိုထင်ကျော်ဖမ်းခံရသည့်ကိစ္စ ဗိုလ်ချုပ်ကြီးများကို ICC တင်ရေး ထောက်ခံခဲ့ခြင်းနှင့် မသက်ဆိုင်

အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ထောင်အကြိမ်ကြိမ်ကျခဲ့သူ ကိုထင်ကျော်သည် တပ်မတော် ထိပ်တန်းခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)တွင် အရေးယူပေးပါရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခြင်းကြောင့် ဖမ်းဆီးခံရခြင်း မဟုတ်ဘဲ အခြားအမှုတစ်ခုဖြင့် အဖမ်းခံရတော့မည်ကို သိသောကြောင့် ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံက လူသတ်တရားခံ စစ်ဗိုလ်ချုပ်ကြီးများကို UN နဲ့ ICC မှ အမြန်ဆုံး လာရောက်ဖမ်းဆီးပါ” ဆိုသည့် ပိုစတာကို ကိုင်၍ ကိုထင်ကျော်သည် ယနေ့ (၃၁ရက် သြဂုတ်) မနက်ပိုင်းတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ ဆန္ဒပြခဲ့သည်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ခင်ဗျား လုပ်ရဲရင် ခံရဲရတယ်။ ကျုပ်က လုပ်ရဲရင် ခံရဲတယ်။ ယနေ့ လုပ်ရပ်အတွက် ကျုပ်ထောင်ထဲ ဝင်ရမယ်။ ဒါကြောင့် လုပ်ရဲရင် ခံရဲတယ်”ဟု ဒီမိုကရေစီရေးစဉ်ဆက်မပျက် လှုပ်ရှားမှုအင်အားစုကော်မတီ အဖွဲ့ (MDCF )ခေါင်းဆောင် ကိုထင်ကျော်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ပြောကြားပြီး သိပ်မကြာမီတွင် ရန်ကုန်တိုင်း ကျောက်တံမြို့နယ်ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ သို့သော် ဖမ်းဆီးခဲ့သောအကြောင်းမှာ ICC ကို ကြိုဆိုခြင်းကိစ္စကြောင့် မဟုတ်ဘဲ ရန်ကင်းမြို့နယ်တွင် ပြုလုပ်ခဲ့သော ဖြစ်စဉ်တစ်ခုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ကိစ္စဖြင့် ၎င်းအား တရားစွဲဆိုထားသောအမှုကြောင့်ဟု ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူး ဦးတိုးမြို့က ပြောကြားသည်။

“လောလောဆယ်မှာတော့ သူ့ကိုဖမ်းတာ ရန်ကင်းတရားရုံးက ဖမ်းဝရမ်းလွှဲလို့ ဖမ်းလိုက်တာပါ။ တခြားတော့မရှိပါဘူး” ဟု ဒုရဲမှူး ဦးတိုးမြို့က ဆိုသည်။

ကိုထင်ကျော်၏ဇနီးဖြစ်သူ မသန်းသန်းမော်က သြဂုတ်လ ၃၀ ရက်ညတွင် ရဲစခန်းက သူမ၏အမျိုးသား အိမ်တွင် ရှိ၊မရှိ ဖုန်းဆက်စုံစမ်းသောကြောင့် ကိုထင်ကျော်သည် အဖမ်းခံရတော့မည်ကို ကြိုတင်သိရှိခဲ့ပြီး အသင့်ပြင်ထားခဲ့ကြောင်း ၊ သို့သော် အဖမ်းခံရန် နေအိမ်၌ ရဲကို စောင့်နေသော်လည်း ရောက်မလာသောကြောင့် အဖမ်းမခံရမီ သူ့ဆန္ဒသဘောထားကို လူအများသိအောင် ပြောခဲ့မည်ဟု ဆုံးဖြတ်ကာ ယနေ့မနက်ပိုင်းတွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ရန် ရုတ်တရက် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

“ဖုန်းဆက်ကတည်းက သူအဖမ်းခံရတော့မယ်ဆိုတာကို ကြိုသိပါတယ်။ ညက လာမခေါ်တော့ မဖမ်းခင် သူ့ဆန္ဒသဘောထားကို ထုတ်ဖော်သွားမယ်ဆိုပြီးတော့ တစ်ကိုယ်တော်အနေနဲ့ ဆန္ဒပြဖို့ ချက်ချင်း စီစဉ်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တကွ ထိပ်ပိုင်းအရာရှိကြီးများတွင် တာဝန်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအတွင်း ကိုထင်ကျော်က ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button