သတင်း

ဖားကန့်တွင် ပြည်သူလုံခြုံရေးတပ် ဖွဲ့ရန် စစ်ကောင်စီကြိုးပမ်း

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ပြင်းပြင်းထန်ထန် ရင်ဆိုင်တိုက်ခိုက်နေရသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ဆိုသည့်အဖွဲ့များ ဖွဲ့စည်းနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။   

အွန်လိုင်းတွင် ပျံ့နှံ့နေသည့်  ညွှန်ကြားစာတွင် မြို့နယ် စစ်ကောင်စီ၊ စစ်တပ်တို့နှင့် ညှိနှိုင်းပြီး မြို့နယ်အဆင့်အဖွဲ့ကို အဖွဲ့ဝင် ၁၃ ဦး၊ ရပ်ကျေးအဆင့်ကို အဖွဲ့ဝင် ၆၇ ဦး ပါဝင်ရမည်ဟု ထိုညွှန်ကြားစာတွင် ဖော်ပြထားသည်။ 

ရပ်ကျေးအဆင့်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူရမည်ဖြစ်ပြီး အရန်မီးသတ်၊ ကြက်ခြေနီကဲ့သို့ လူမှုရေးအသင်းအဖွဲ့များသာမကဘဲ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကဲ့သို့ ဘာသာရေးအသင်းအဖွဲ့များကိုပါ ထည့်သွင်းဖွဲ့စည်းရန် ညွှန်ကြားထားသည်။ 

ထိုညွှန်ကြားစာကို ဖားကန့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ဇူလိုင် ၂၅ ရက်စွဲဖြင့် ပေးပို့ခြင်းဖြစ်ပြီး  ဩဂုတ် ၁၅ အမီ ဖွဲ့စည်းရမည်ဖြစ်ကြောင်း ပါရှိသည်။ 

ဖားကန့်မြို့မှာ KIA နယ်မြေစိုးမိုးထားသည့် ဒေသဖြစ်ပြီး ထိုသို့ ဖွဲ့စည်းရန် မဖြစ်နိုင်ကြောင်း မြို့ခံများက ပြောသည်။

ဖားကန့်ဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း တစ်မြို့လုံးနီးပါးမှာ KIA ဘက်တွင် ရှိကြသည်ဟု ထောက်ပြသည်။

“ဖားကန့်မှာတော့ အဲဒီလို လုပ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ တစ်မြို့လုံးနီးပါးက KIA ထောက်ခံကြတဲ့သူတွေပါ။ လူတွေ စုပြီး လှုပ်ရှားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီမှာက ဒလန် သတ်တာလည်း များပြီး၊ ရဲတွေ စစ်သားတွေကို သတ်တာလည်း များပြီ။ ဒီမှာက နည်းနည်းကြမ်းတယ်။ တခြားမြို့နဲ့ သိပ်မတူဘူး” ဟု ၎င်းက ပြောသည်။ 

“ကျွန်တော်တို့ ဖားကန့်မှာတော့ KIA ပဲ အဓိက နယ်မြေစိုးမိုးထားတာပေါ့။ KIA ရဲ့ အုပ်ချုပ်ရေး အကုန်ရှိတယ်။ တိုက်နယ်မှုး၊ ခရိုင်မှူး၊ မြို့နယ်မှူး အကုန် အုပ်ချုပ်ရေးရှိတယ်။ ဒီမှာ အဓိက KIA နဲ့ ဒီက ရပ်မိရပ်ဖတွေ ပေါင်းပြီးတော့ သူတို့ အုပ်ချုပ်ရေးကို ထူထောင်ထားတာရှိတယ်” 

စစ်ကောင်စီဘက်မှ ထုတ်ပြန်သည့် ညွှန်ကြားစာအား တွေ့ရစဉ်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ၏ အဓိကထောက်တိုင်များကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပြီး မေ ၃၁ မှ ဇွန် ၂၅ အထိ တစ်လအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအပါအဝင် စစ်ကောင်စီလက်အောက် အလုပ်လုပ်သူ ၉ ဦး သတ်ဖြတ်ခံရကြောင်း လူမှုကူညီအရေးအသင်းတာဝန်ရှိသူများက Myanmar Now ကို ပြောထားသည်။  

စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် ဒေသခံ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့်ဒေသများတွင် ပြညထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ အမျိုးသားရေးအစွန်းရောက်များကို စုစည်းပြီး စစ်ကောင်စီက စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားသည်။ 

ထိုလက်နက်ကိုင်အဖွဲ့များကို ပျူစောထီးအဖွဲ့ဟု ဒေသခံများက ခေါ်ဆိုလေ့ရှိသည်။  

မြို့ပြပြောက်ကျားတိုက်ခိုက်မှုများ အရှိန်မြင့်နေသည့် မန္တလေးမြို့ပေါ် နှစ်မြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် အုပ်ချုပ်ရေးမှူးနှင့် တပ်ထောက်ခံသူများကို စစ်ကောင်စီက မကြာသေးမီကမှ လက်နက်တပ်ဆင်ပေးခဲ့သည်။

ပြည်သူ့လုံခြုံရေးအဖွဲ့များဖွဲ့စည်းရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ညွှန်ကြားခြင်းဖြစ်ကြောင်း ပြင်ပသို့ ပေါက်ကြားလာသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ မတ်လ ၂၅ ရက်စွဲတပ် ဌာနတွင်းပေးစာတွင် ပါရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button