သတင်း

ကသာမြို့ခံ ၅ ဦးကို စစ်တပ်က ဖမ်းပြီး ပစ္စည်းများ လုယက်ဟုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့တွင် စစ်တပ်က နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းပြီး မိသားစုဝင် ၄ ဦးနှင့် ဧည့်သည်တစ်ဦးကို PDF ထောက်ပံ့မှုစွဲချက်ဖြင့် ဖမ်းဆီးသွားသည်ဟု သိရသည်။

ယမန်နေ့ (ဩဂုတ် ၄) နံနက် ၃ နာရီခန့်တွင် ကသာမြို့မှ စက်လှေနှစ်စီးဖြင့် အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်က မြို့အရှေ့ဘက်ကမ်း ကျောက်ထုံးကြီးရွာမှာ ဦးစန်းအောင်ဆိုသူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ် ရောက်လာစဉ် ဦးစန်းအောင်မှာ ပြတင်းပေါက်မှ ခုန်ချ တိမ်းရှောင်သွားပြီး နေအိမ်တွင် ကျန်ရစ်ခဲ့သည့် မိသားစုဝင် ၄ ဦးနှင့် ခေတ္တတည်းခိုနေသည့် အမျိုးသမီးတစ်ဦးတို့ အဖမ်းခံရသည်။

“ဦးစန်းအောင်က နိုးပြီး တံခါးကနေ ချောင်းကြည့်တဲ့အချိန်မှာ စစ်သားတွေမှန်း သိသွားတာ၊ အိမ်သားတွေပါ နှိုးပြီး ပြေးမယ်ဆိုရင်လည်း ဆူညံပွက်လောရိုက်ကုန်မှာစိုးလို့ သူတစ်ယောက်တည်းပဲ ထွက်ပြေးသွားလိုက်တာ” ဟု မိသားစုနှင့်နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

အဖမ်းခံရသူများမှာ ဦးစန်းအောင်၏ ဇနီးဒေါ်နွယ်နွယ်ဦး၊ သားမက်ဖြစ်သူ ကိုကျော်ရဲ၊ သမီးနှစ်ဦးဖြစ်သည့် မဂျူလိုင်မိုးနှင့် မသိမ့်သရဖီ၊ ခေတ္တတည်းခိုနေသည့် ကသာမြို့ခံ ဒေါ်စုစုသွယ်တို့ဖြစ်ကြောင်း သိရသည်။

စစ်တပ်က နေအိမ်အတွင်းရှိ ပစ္စည်းများနှင့် ငွေကြေးများကိုလည်း ရှာဖွေ ယူငင်သွားပြီး၊ ဧည့်သည်ဖြစ်သူ၏ ဆွဲကြိုးကိုလည်း ဖြုတ်ယူသွားသည်ဟု သိရသည်။ 

“ဆွဲကြိုးကြီးက အကြီးကြီး။ ဆွဲကြိုးကိုလည်း သူတို့ (စစ်ကောင်စီ) ဆွဲဖြုတ်လိုက်ကြတယ်။ ဘယ်သူယူသွားမှန်းလည်း မသိဘူး၊ ပိုက်ဆံအိတ်တွေရောပဲ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ဖမ်းဆီးထားသူများကို စစ်ကောင်စီတပ်က စစ်ဆေးပြီးနောက် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ကသာရဲစခန်းသို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

ဦးစန်းအောင်တို့ မိသားစုမှာ ငွေကြေးချောင်လည်ပြီး ကွန်ပျူတာ စာစီစာရိုက်လုပ်ငန်းနှင့် လိုင်းကားများလည်း ပိုင်ဆိုင်သည့်အတွက် အကွက်ချဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း သူက ပြောသည်။

“သူတို့ကို ထောက်ပို့လုပ်တယ်ဆိုပြီး စွပ်စွဲတာ၊ အဲဒီအိမ်က ပိုက်ဆံလည်းရှိတယ်၊ စာစီစာရိုက်လည်း လုပ်တယ်၊ ငါးအိုးနဲ့ ကျောက်ထုံးကြီးနဲ့ကို လိုင်းပြေးတဲ့ကားတွေလည်း ပိုင်တယ်” ဟု သူက ဆက်ပြောသည်။

ဖမ်းဆီးမှု၊ ပစ္စည်းများ လုယူမှုနှင့် ပတ်သက်ပြီး ကသာမြို့မရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

စစ်သားများ ထိုအိမ်သို့ တိုက်ရိုက်ရောက်သွားနိုင်ခြင်းမှာ ပြည်သူ့စစ် ခေါ် ပျူစောထီးများ၊ ဒလန်များက လမ်းပြခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

Myanmar Now က ရရှိထားသော ဓာတ်ပုံများတွင် နှစ်ထပ်တိုက်အိမ်တစ်လုံးအတွင်း မွှေနှောက်ရှာဖွေခံထားရသည်ကို တွေ့ရသည်၊ လက်ရှိတွင် နေအိမ်ကို ပိတ်ထားကြောင်း သိရသည်။ 

ကသာမြို့အရှေ့ဘက်ကမ်းတွင် အဆိုပါ ၅ ဦးအပြင် ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့လည်း ဖမ်းဆီးခံခဲ့ရသည်ဟု ကသာ-PDF အဖွဲ့မှ ဗိုလ်ဇာမဏီက အတည်ပြုသည်။

ဖမ်းဆီးခံရသည့်အရေအတွက်နှင့် အသေးစိတ်အချက်အလက်များကိုမူ မရရှိသေးကြောင်း၊ ကသာမြို့တွင် စစ်တပ်က စစ်ကြောင်းထိုးခြင်းမရှိသေးသည့်အတွက် တိုက်ပွဲဖြစ်ပွားမှု မရှိသေးဘဲ စောင့်ကြည့်နေဆဲဖြစ်ကြောင်း သူက ပြောသည်။

“လတ်တလောအခြေအနေကတော့ ငြိမ်နေပါသေးတယ်၊ ဟိုတလောကတော့ အင်းတော်ဘက်မှာ ဖြစ်တယ်။ (စစ်ကောင်စီ) စစ်ကြောင်း မထိုးသေးတော့ ဘာမှမဖြစ်သေးဘူးပေါ့” ဟု ဗိုလ်ဇာမဏီက ပြောသည်။

ကသာမြို့မှာ ဧရာဝတီမြစ်ကြောင်းပေါ်တွင် ရှိသည့်အတွက် စစ်ကောင်စီတပ်က ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း ကုန်းကြောင်း၊ ရေကြောင်းမှ သွားလာနေရာ PDF ကလည်း အဆက်မပြတ် တိုက်ခိုက်နေသည်။ 

PDF အဖွဲ့ပေါင်း တစ်နိုင်ငံလုံးတွင် ၄၀၀ ကျော်ရှိနေပြီး စစ်သည်အင်အား ၅၀,၀၀၀ အထက်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button