“ရင်းနှီးတဲ့တရုတ်မိတ်ဆွေတစ်ဦးကတော့ အေးဗျာ တစ်သက်လုံးခိုးပြီး စုလာတာလေးတွေ အခုအသက်ရလာလို့ အငြိမ်းစားယူမယ်ကြံကာမှ အားလုံးပြန်သိမ်းခံရတယ်ဆိုတော့ သေချင်စရာပေါ့ဗျာ” ဟူသော ရေးသားချက်သည် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းထွန်းကြည်အား ဂုဏ်သိက္ခာ ကျဆင်းစေကြောင်းဖြင့် တရားလိုဘက်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန် - ကုန်သွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ထွန်းကြည်၏ မိသားစုက ဗိုလ်ကြီးဟောင်းတစ်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲထားသည့်အမှုကို ဗဟန်းမြို့နယ် တရားရုံးတွင် ယနေ့ (စက်တင်ဘာ ၆) ဒုတိယရုံးချိန်းအဖြစ် ကြားနာခဲ့ပြီး ဆက်လက်စစ်ဆေးရန် ကြားဖြတ်အမိန့်ချခဲ့သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရ အုပ်ချုပ်သည့် စစ်အစိုးရကာလက တန်ခိုးထွားခဲ့သည့် ဝန်ကြီးဟောင်း ဦးထွန်းကြည်ကို ဂုဏ်သိက္ခာကျအောင် အင်တာနက်လူမှုကွန်ရက်တွင် ရေးသည့် Hlaing Zaw Htun အကောင့်ပိုင်ရှင် မရမ်းကုန်းမြို့နယ်နေ ဗိုလ်ကြီးဟောင်း လှိုင်ဇော်ထွန်းကို အရေးယူပေးရန် ကာယကံရှင်၏သမီးက ၂၀၁၇ ခုနှစ် မေလကတည်းက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဩဂုတ်လ ၂ ရက်နေ့က ပထမအကြိမ် စစ်ဆေးခဲ့ပြီး ယနေ့ရုံးချိန်းတွင် တရားသူကြီးက တရားလိုဘက်က တင်ပြသော သက်သေခံအထောက်အထားများကို မူရင်းလက်ကိုင်ဖုန်းနှင့် တိုက်ဆိုင်စစ်ဆေးစေ၍ အမှုကို ဆက်စစ်ဆေးရန် ကြားဖြတ်အမိန့်ချမှတ်ခဲ့သည်။
“ရင်းနှီးတဲ့တရုတ်မိတ်ဆွေတစ်ဦးကတော့ အေးဗျာ တစ်သက်လုံးခိုးပြီး စုလာတာလေးတွေ အခုအသက်ရလာလို့ အငြိမ်းစားယူမယ်ကြံကာမှ အားလုံးပြန်သိမ်းခံရတယ်ဆိုတော့ သေချင်စရာပေါ့ဗျာ”ဆိုသော စာသားနှင့် “တစ်ချိန်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမလားလို့ စိုးရိမ်ခဲ့ရတဲ့ ဦးထွန်းကြည်တို့ဘာတို့တောင် အခု ကန်တော့ခံပြန်ဖြစ် ဘာညာဖောင်ဒေးရှင်းတွေရဲ့နာယက ပြန်ဖြစ်နေကြောင်းနှင့် ယိုသူမရှက် မြင် ကျွန်တော်တော့ရှက်ပါ့” ဆိုသော စာသားတို့ကို Hlaing Zaw Htun ဖေ့ဘွတ်ခ်အကောင့်က ရေးသားသည်ဟု တရားလို ဒေါ်အေးစုကြည်၏တိုင်ချက်တွင် ဖော်ပြထားသည်။


စွပ်စွဲခံထားရသည့် အသက် ၄၀ အရွယ်ဗိုလ်ကြီးဟောင်း လှိုင်ဇော်ထွန်းက ထို ဖေ့ဘွတ်ခ်အကောင့်သည် ၎င်းသုံးစွဲသည့် အကောင့်ဖြစ်ကြောင်းနှင့် ထိုသို့ ရေးသားခဲ့ကြောင်း ဝန်ခံသော်လည်း ဝန်ကြီးဟောင်း ဦးထွန်းကြည်ကို ရည်ရွယ် ရေးသားခဲ့ခြင်းမဟုတ်ဟု Myanmar Now ကို ပြောသည်။
“ကျွန်တော့်မှာ သူတို့ကို ဂုဏ်သိက္ခာညှိုးစေတဲ့ စိတ်လည်းမရှိဘူး။ အသရေပျက်စေလိုခြင်းလည်း မရှိဘူး။ ဘာလို့ဆိုတော့ တစ်ယောက် တစ်ယောက် မြင်တောင် မြင်ဖူးခဲ့တာ မဟုတ်ဘူး။ အခုမှ တရားလိုဆိုတာ ရုံးရောက်မှ မြင်ဖူးတာ”ဟု အာမခံဖြင့်နေနေသည့် ၎င်းက ပြောသည်။


၎င်း၏ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကလည်း “ဖေ့ဘွတ်ခ်အထဲမှာပါတဲ့ ဦးထွန်းကြည်ဆိုတာကို ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)ထွန်းကြည်လို့ အယူအဆလွဲပြီးတော့ တိုင်ကြားတယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
ဦးခင်မောင်မြင့်က ၎င်း၏အမှုသည်အပေါ် စွပ်စွဲချက်များ ခိုင်မာမှု မရှိကြောင်း ရုံးတော်ကို လျှောက်ထားချက်ပေးရန် ပြင်ဆင်နေသည်ဟု ပြောသည်။
တရားလို ဒေါ်အေးစုကြည်နှင့် ၎င်း၏ ရှေ့နေ ဦးဘိုဘိုတို့က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
အနောက်မြောက်တိုင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ယခု အသက် ၈ဝ အရွယ် ဦးထွန်းကြည်သည် ၁၉၉၂ ခုနှစ်တွင် ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အခြား ထိပ်ပိုင်း စစ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးအချို့နှင့်အတူ အနားပေးခံခဲ့ရသူ ဖြစ်သည်။
နောက်တစ်ကြိမ်ကြားနာရန် ရုံးတော်က စက်တင်ဘာ ၁၉ ရက်နေ့သို့ ချိန်းဆိုလိုက်သည်။
(အမှားပြင်ဆင်ချက် - အမှုထပ်မံကြားနာမည့်ရက်ကို ၂ဝ ရက်နေ့ဟု ဖော်ပြခဲ့ပါသည်။ ၁၉ ရက်နေ့ဟု ပြင်ဆင် ဖော်ပြလိုက်ပါသည်)
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












