သတင်း

ကလေးဒေသတွင် တိုက်ပွဲပြင်းထန်၊ တော်လှန်ရေးအဖွဲ့ဝင် ၃ ဦးကျဆုံး 

ဒေသခံကာကွယ်ရေးအဖွဲ့များ အင်အားကောင်းသော မြန်မာပြည်အနောက်ဘက် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် နယ်မြေ စိုးမိုးရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်နှင့် PDF များ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။ 

ကလေးမြို့ နည်းပညာတက္ကသိုလ်တွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်သည် အင်အား ၂၀၀ ဝန်းကျင်ဖြင့် နယ်မြေအတွင်း ဝင်ရောက်လာခြင်းကြောင့် ဩဂုတ် ၂ မှ စ၍ PDF (ကလေး) အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေကြခြင်း ဖြစ်သည်။ 

တိုက်ခိုက်မှုကြောင့် အထိနာသွားသည့် ထိုစစ်ကြောင်းက ယင်းနေ့ နေ့လယ်တွင် သာယာကုန်းရွာတွင် ဝင်ရောက်တပ်စွဲခဲ့သည်။

သာယာကုန်းတွင် စခန်းချထားသည့် ထိုစစ်ကြောင်းအား ဩဂုတ် ၃ နှင့် ၄ ရက်တို့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ရက်လုံး တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။ 

သာယာကုန်းရွာအနီး တိုက်ပွဲပြင်းထန်စဉ် နှစ်မိုင်ခန့်အကွာမှ နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်တပ်နှင့် ကလေးမြို့တွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက) ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့၍ ကာကွယ်ရေး အဖွဲ့များဘက်မှလည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

PDF (ကလေး) တပ်ရင်း ၆ မှ တပ်စိတ်မှူး အသက် ၁၉ နှစ် အရွယ် ကိုဝေမင်းသော်နှင့် ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။ 

“သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ထုတာရယ်၊ ကျွန်တော်တို့ဘက်က လက်လုပ်လက်နက်ကြီးတွေနဲ့ တိုက်ရတာဆိုတော့ လက်လုပ်တွေကြောင့်ရော၊ သူတို့ဘက်က လက်နက်ကြီးပစ်ကူတွေကြောင့်ရော အကျရော၊ ထိခိုက်ဒဏ်ရာတွေရော ရှိခဲ့တာ” ဟု PDF (ကလေး) တပ်ရင်း ၆ ၏ သတင်းပြန်ကြားရေးတာဝန်ခံ ကိုဂျပန်ကြီးက Myanmar Now  ကို ပြောသည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှလည်း၂၀ ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိသည်ဟု PDF ဘက်က ဆိုသည်။ 

စစ်ကောင်စီဘက်က သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် လတ်တလောတွင် သီးခြားအတည် ပြုနိုင်ခြင်းမရှိသေးပေ။ 

စခန်းချထားသည့် သာယာကုန်းရွာအတွင်း စစ်တပ်က ဒေသခံအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်ကိုင်းတိုင်းအနောက်ပိုင်းရှိ ကလေးမြို့နယ်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းပြီး အထူးသဖြင့် တောင်ပိုင်းတွင် PDF များ၊ ကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားကြခြင်း ဖြစ်သည်။

ထို့ကြောင့် ဒေသအတွင်း စစ်ကောင်စီက အင်အားအများအပြားဖြင့်  စိုးမိုးနယ်မြေချဲ့နိုင်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။ 

ဩဂုတ် ၃ ရက်က တိုက်ပွဲအတွင်း သေဆုံးခဲ့သည့်  PDF (ကလေး) မှ တပ်စိတ်မှူး အသက် ၁၉ နှစ် အရွယ် ကိုဝေမင်းသော်။ (ဓာတ်ပုံ-ပေးပို့)

“သူတို့က ထောက်ကြန့်မှာ တပ်စွဲချင်တာ။ ကျွန်တော်တို့က တပ်စွဲမခံဘူး။.. စစ်တပ် ထွက်လာတည်းက တောက်လျှောက်ပစ်ခတ်တိုက်ခိုက်တယ်။ ကျွန်တော်တို့ဘက်က လက်နက်အင်အား၊ ကျည်အင်အားနည်းတယ်။ ဒါပေမဲ့ အကောင်းဆုံး တုံ့ပြန်သွားမှာပါ” ဟု PDF ကလေး တပ်ရင်း (၁) တာဝန်ခံ ကိုနေ့သစ်က ပြောသည်။

PDF လူအင်အား အများအပြားရှိသော်လည်း စစ်တပ်ကို ခုခံတိုက်ခိုက်ရာတွင် လက်နက်ခဲယမ်း မလုံလောက်သည့်ပြဿနာမှာ အဓိကစိန်ခေါ်မှုဖြစ်နေကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။ 

“ပင်ပန်းတဲ့ဒဏ်ကို ခံနိုင်တယ်။ ကျည်ကုန်သွားရင်တော့ ကျွန်တော်တို့လည်း စိတ်မကောင်းစွာနဲ့ ပြန်ဆုတ်ပေးရမှာပေါ့။ အဲ့ဒီအတွက် ကာကွယ်ရေးအဖွဲ့တွကို ကျည်အင်အားတွေဖြည့်တင်းနိုင်ဖို့ လိုအပ်နေတယ်” ဟု ကိုနေ့သစ်က ပြောသည်။ 

တောင်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေသလို ကလေးမြို့မြောက်ပိုင်းတွင်လည်း ယမန်နေ့က စစ်ကောင်စီယာဉ်တန်းအား  ဒေသခံကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး စစ်တပ်က အနီးရှိ ရာဇဂြိုဟ်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်စီးနင်းခဲ့ကာ ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း PDF (ကလေး) က ယမန်နေ့ ညပိုင်းက ထုတ်ပြန်သည်။ 

ထိုကဲ့သို့ ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ရေးပြင်းထန်နေချိန် ယနေ့ နံနက်တွင်လည်း ကလေးမြို့အတွင်း လက်နက်ကြီးပစ်ခတ်သံများထွက်ပေါ်နေပြီး အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ကလေးမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လတ်တလောတွင် တိုက်ပွဲများပြင်းထန်နေသည့်အတွက် ကလေး – ဂန့်ဂေါလမ်းကို ဖြတ်သန်းသွားလာခြင်း မပြု ရန် ဒေသခံကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

အာဏာသိမ်ခဲ့သည့် စစ်တပ်ကို အစောဆုံးလက်နက်ကိုင် ပြန်ခုခံခဲ့သည့် ကလေးမြို့သည် တော်လှန်ရေးတစ်နှစ် ကျော်သည်အထိ ခုခံတိုက်ခိုက်မှုများ အားကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဖိနှိပ်ရန် အပြင်းအထန် ကြိုးပမ်းနေသည်။ 

ကလေးမြို့နယ်တွင် ကျေးရွာပေါင်း ၁၀၀ ကျော်ရှိသည့်အနက် ၇၀ ရာခိုင်နှုန်းကျော၌  နယ်မြေစိုးမိုးထားနိုင်ပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့က PDF (ကလေး) မှ ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button