သတင်း

CDF ဇိုတုန် စစ်ဦးစီးချုပ်နှင့် ၂ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရမ်စီးရွာကို စီးနင်းခဲ့သည့် စစ်တပ်က ချင်းဒေသကာကွယ်ရေးအဖွဲ့- ဇိုတုန် (CDF-Zotung) စစ်ဦးစီးချုပ်အပါအဝင် ၃ ဦးကို နှိပ်စက် သတ်ဖြတ်သည်။

ထိုသူတို့မှာ ဇူလိုင် ၂၂ ရက်က ရမ်စီးရွာအနီးတွင် ဖမ်းသွားပြီးနောက် ၅ ရက် အကြာ (ဇူလိုင် ၂၇) တွင် စစ်တပ်က သတ်ဖြတ်ကာ ရုပ်အလောင်းများကို မီးရှို့ခဲ့သည်ဟု CDF-Zotung အဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ဦးစီးချုပ်ဖြစ်သူ ၃၅ နှစ်အရွယ် ဦးထန်ကျဲအို၊ CDF ရဲဘော် အသက် ၂၂ နှစ်အရွယ် ကိုထန်ကျင်းမန်နှင့် အသက် ၃၀ ကျော်အရွယ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မင်းထန်တို့ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

စစ်တပ်ပြန်ထွက်သွားသည့် ဩဂုတ် ၃ ရက်တွင် ရမ်စီးရွာသို့ ပြန်လည်ဝင်ရောက်ချိန်တွင် ရုပ်အလောင်းများကို တွေ့ရခြင်းဖြစ်ကြောင်း CDF ၏ နိုင်ငံရေးဦးဆောင်အဖွဲ့၊ CDF Zo – Supreme Council (အဓိပတိကောင်စီ) အတွင်းရေးမှူး ကိုနီလေးဘွေသောင်က ဆိုသည်။

“စစ်ဦးစီးချုပ်ရဲ့ဦးထုပ်မှာ သွေးတွေ တွေ့တယ်။ သူလွယ်ထားတဲ့ ဓားမြှောင်မှာလည်း သွေးတွေနဲ့ တွေ့တယ်။ အလောင်းမီးရှို့တဲ့နေရာမှာလည်း ဦးခေါင်းခွံက အစိတ်စိတ် အမြွှာမြွှာကွဲထားတာ တွေ့တယ်။ အဲဒီတော့ အများကြီးနှိပ်စက်ပြီးမှ မီးရှို့သွားပုံရတယ်” ဟု ထိုသူက ပြောသည်။

မကွေးတိုင်း ယောနယ်ဘက်သို့ စစ်ကြောင်းထိုးနေသည့် တပ်မ ၆၆ လက်အောက်ခံ စစ်သား ၁၀၀ နီးပါး ပါသည့် စစ်ကြောင်းက ဂန့်ဂေါမြို့နယ်မှ ၂၅ မိုင်ခန့်အကွာ မကွေး – ချင်း နယ်စပ်ရှိ ရမ်စီးရွာကို ဇူလိုင်တတိယပတ်အတွင်း ဝင်ရောက်စီးနင်းစဉ် ထိုဖြစ်စဉ်ပေါ်ပေါက်ခြင်း ဖြစ်သည်။

စစ်ကြောင်းဝင်စဉ် ဖမ်းဆီးခံခဲ့ရသည့် ဒေသခံ ၃၀ နီးပါးရှိသဖြင့် အခြေအနေကို သိရှိနိုင်ရန် စစ်ဦးစီးချုပ်အပါအဝင် ၃ ဦးက ရွာအနီးသို့ သွားရောက်စုံစမ်းစဉ် အဖမ်းခံခဲ့ရကြောင်း ကိုနီလေးဘွေသောင်ထံမှ သိရသည်။

ဖမ်းထားသည့် ရွာသား ၃၀ ကို ယမန်နေ့ (ဩဂုတ် ၃) တွင် စစ်တပ်က ပြန်လွှတ်ပေးခဲ့ကြောင်း၊ ၎င်းတို့ကို ကျေးရွာဘုရားကျောင်းတွင် ချုပ်နှောင်ထားစဉ် ဇူလိုင် ၂၇ ရက်က ညှော်နံ့များရခဲ့သည် ဆိုသောကြောင့် ထိုနေ့တွင် ရုပ်အလောင်းများကို မီးရှို့သည်ဟု ယူဆရကြောင်း ၎င်းက ဆက်ပြောသည်။

ရမ်စီးရွာမှ စစ်ကြောင်းပြန်ထွက်သွားပြီးဖြစ်သော်လည်း ဂန့်ဂေါအခြေစိုက် အမှတ် ၅၁ ခြေလျင်တပ်ရင်း စစ်ကြောင်းတစ်ခု ထပ်မံထွက်လာသည်ဟု သတင်းထွက်ပေါ်နေ၍ ဒေသခံများ ရွာအတွင်း မပြန်ရဲသေးဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်ဟု ကိုနီဘွေးလေသောင်ထံမှ သိရသည်။

ချင်းဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် CDF ဇိုတုန်သည် ယခုနှစ်ဆန်းပိုင်းက အင်အား ၈၀၀ ခန့်ရှိသော်လည်း လက်နက်တပ်ဆင်မပေးနိုင်ခြင်း၊ စားဝတ်နေရေးအတွက် အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြခြင်းကြောင့် အင်အားလျော့နေသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ဦးစီးချုပ် ကျဆုံးသွားသော်လည်း CDF ဇိုတုန်က စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲဝင်ရန် လမ်းကြောင်းမှ သွေဖည်သွားမည်မဟုတ်ဘဲ ဆက်လက် လုပ်ဆောင်မည်ဟု ကိုနီဘွေးလေသောင်က ဆိုသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို ရရာလက်နက်ဖြင့် အစောဆုံး ခုခံတော်လှန်သည့် ချင်းပြည်နယ်တွင် မြို့အလိုက်၊ ဒေသအလိုက် ဖွဲ့စည်းထားသည့် CDF အဖွဲ့များ အားကောင်းနေဆဲဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်တန်းဒေသ ချင်းပြည်နယ်အတွင်းရှိ နေရာအများအပြားတွင် CDF က စစ်ကောင်စီကို ဆက်တိုက် ရင်ဆိုင် တိုက်ခိုက်နေသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်း၍ မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button