ဆောင်းပါး

အကျဉ်းထောင်ရောက် ဒေါ်အောင်ဆန်းစုကြည်၏ နေ့စဉ်ဘဝကို ခြေရာခံခြင်း

နေပြည်တော်အချုပ်ထောင် အဝင်အထွက် စိစစ်သည့် ဂိတ်ကို ကျော်လွန်၍ ကွန်ကရစ်လမ်းအတိုင်း တက်ရသည့် ကုန်းတစ်ခုထိပ်တွင် စစ်သား၊ ရဲနှင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများ သူ့နေရာနှင့်သူ လုံခြုံရေးစောင့်ကြပ်နေသည်။ 

ထိုအထဲတွင် ခါးတစ်ဝက် အမြင့်အထိ ကာရံထားသည့် သဲအိတ်ဘန်ကာတစ်ခုအတွင်း လက်နက်အပြည့်အစုံ၊ အသင့်အနေအထားရှိနေသည့် အသက် ၅၀၊ ၆၀ အရွယ် စစ်သားကြီး လေးငါးဦးခန့်ကို နိုင်ငံရေးအမှုလိုက်ရှေ့နေများဖြစ်သည့် ဦးဝဏ္ဏ* နှင့် ဦးသုတ* တို့ ပို၍ သတိထားမိသည်။

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ လျှို့ဝှက်နေရာတစ်ခု၌ ထိန်းသိမ်းထားရာမှ အချုပ်ထောင်သို့ ရွှေ့ပြီး နောက်တစ်ရက် (ဇူလိုင် ၂၃) တွင် ထိုသို့ လုံခြုံရေး အထူးတင်းကျပ်ထားသည်ကို သူတို့တွေ့မြင်ရခြင်းဖြစ်သည်။

ယခင်က လွတ်လပ်စွာဖြတ်သန်းနိုင်သည့် ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်ရှိ အချုပ်ထောင်သို့ သွားရာ အဓိကလမ်းမကြီးဖြစ်သည့် နေပြည်တော်မြို့ပတ်လမ်း၊ အရပ်အခေါ် B4 လမ်းတစ်လျှောက်၌ပင် စစ်ကောင်စီက အတားအဆီးများချ၍ လုံခြုံရေးတပ်လှန့်ထားသည်ကို ၎င်းတို့ တွေ့ရသည်။

အကြောင်းတစ်မျိုးမဟုတ် တစ်မျိုးဖြင့် နေပြည်တော်အချုပ်ထောင်အတွင်း ရက်သတ္တပတ်တစ်ခုလျှင် အနည်းဆုံး ၃ ရက် သွားလာနေရသည့် သူတို့အဖို့ ထိုမြင်ကွင်းကို အလွတ်ပင်ရနေပြီ။

“(အချုပ်ထောင်) အပြင်စည်းမှာက စစ်သားတွေချတယ်။ အတွင်းထဲမှာက ရဲတပ်ဖွဲ့ ထားတယ်။ လုံခြုံရေးက SB (သတင်းရဲတပ်ဖွဲ့) တို့ စရဖ (စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့) တွေရော” ဟု ဦးဝဏ္ဏက ပြောသည်။

ဖြတ်သွားဖြတ်လာကျဲပါးသည့် နေပြည်တော်အချုပ်ထောင်ရှေ့ B4 လမ်း တစ်ဖက်ခြမ်းရှိ တောင်ကုန်းများအနီး ကားရပ်၍ အပေါ့သွားသည့် ယာဉ်မောင်းတစ်ဦးနှင့် မကြာသေးမီက စကားပြောခွင့်ရစဉ် ထိုနေရာ၌ စနိုက်ပါ သေနတ်ကိုင် စစ်သားအချို့ နေရာယူထားသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

“စနိုက်ပါနဲ့ စစ်သားတွေက ရှူးကို မြန်မြန်ပေါက်ပြီး မြန်မြန်ပြန်ဆိုပြီး ပြန်လွှတ်လိုက်တယ် ပြောတာပဲ” ဟု ဦးဝဏ္ဏက ဆိုသည်။

လက်ရှိတွင် အချုပ်ထောင်လုံခြုံရေးကို စစ်ကောင်စီက ပို၍ ပူပန်နေဟန်ရှိပြီး ဇူလိုင်လကုန်မှစ၍ ထောင်ခြံစည်းရိုးနှင့် ကပ်လျက် B4 လမ်းပေါ်တွင် ဖွင့်ထားသည့် ထမင်းဆိုင်နှစ်ဆိုင်ကိုပါ ဖျက်ခိုင်းလိုက်သည်ဟု ဦးသုတက ဖြည့်စွက်ပြောသည်။

နေပြည်တော်အချုပ်ထောင်ကို ၂၀၂၁ ဖေဖော်ဝါရီလက တွေ့ရစဉ်

သို့သော် ထိုသို့ လုံခြုံရေး အထူးအာရုံစိုက်နေသည့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ် စစ်ဆေးနေသည့် အကျဉ်းထောင်ရှိ တရားခွင်အနီးတွင်မူ လက်နက်ကိုင်များ ချထားခြင်းမရှိဘဲ အရပ်ဝတ် SB နှင့် စရဖတို့ဖြင့်သာ စောင့်ကြည့်သည်ဟု ဦးဝဏ္ဏထံမှ သိရသည်။

အဝင်အထွက် စိစစ်သည့် ဂိတ်မှ တစ်ဖာလုံခန့် သွားပြီးလျှင် ကုန်းငယ်တစ်ခုပေါ်၌ နဂိုမူလက ရှိသည့် အချုပ်ထောင်ဧည့်ရိပ်သာသို့ ရောက်ပြီး ထိုအဆောက်အအုံမှာ ယခုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် စစ်ဆေးသည့် အထူးတရားခွင်အဖြစ် အသုံးတော်ခံနေသည်။

ထိုဧည့်ရိပ်သာမှာ ပေ ၃၀ ပတ်လည်ဝန်းကျင်ရှိပြီး အခန်းကျယ်တစ်ခုကို တရားခွင်အဖြစ် သုံးသည်။ ရိပ်သာရှိ မူလရှိရင်းစွဲ အခန်းများကို တရားသူကြီး၊ ရှေ့နေအဖွဲ့၊ စစ်ကောင်စီက ဖမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အတွက် နားနေခန်းများအဖြစ် ခွဲဝေသတ်မှတ်ထားသည်။

“အပြင်ဘက်ကနေ ၇ ပေလောက်မြင့်တဲ့ ခြံစည်းရိုးတွေ ကာတယ်။ (ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကာရံသည့်) အစိမ်းရောင်အစကြီးတွေနဲ့ အပြင်က မမြင်ရအောင် ကာထားတယ်” ဟု ဦးဝဏ္ဏက ပြောသည်။

မူလက လေးဖက်လေးတန် ဝင်ပေါက်ရှိသည့် ဧည့်ရိပ်သာကို တစ်ဖာလုံခန့်အကွာတွင်ရှိသော ထောင်ဘူးဝနှင့် တည့်တည့် အပေါက်မှသာ စစ်ကောင်စီက ဝင်ထွက်ခွင့်ပြုထားသည်။ ရုံဖွင့်ရက် ၅ ရက်တွင် ၄ ရက် အပတ်စဉ် တရားရုံးချိန်းရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်အတွင်းမှ တရားခွင်သို့ မာစီးဒီးကားအနက်ဖြင့် ပုံမှန် ကြိုပို့သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့်ထားတဲ့ အချုပ်ဆောင်ကိုတော့ အထူးတရားရုံးကနေ မမြင်ရဘူး” ဟု ဦးဝဏ္ဏက ပြောသည်။

နေပြည်တော်အချုပ်ထောင်ကို ကောင်းကင်ဓာတ်ပုံမှတစ်ဆင့် တွေ့ရစဉ်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်မှာ အချုပ်ထောင်အတွင်း ခြံစည်းရိုးသီးသန့်ကာရံထားသည့် မြေကွက်လပ်တစ်ခုတွင် ဆောက်ထားသည့် ၁၃ ပေ၊ ၁၄ ပေ ဝန်းကျင်အကျယ် အခန်းငယ်တစ်ခုတွင် နေထိုင်ရသည်ဟု အကြမ်းဖျင်း သိရကြောင်း ယုံကြည်ထိုက်သည့် တရားရုံးသတင်းရင်းမြစ်အချို့နှင့် နီးစပ်သည့် ၎င်းက ဆက်ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရသည့် အဆောင်တွင် သံတိုင် ပြတင်းပေါက် ၆ ခုရှိပြီး ၃ ခုတွင်သာ ခန်းဆီး (ပိတ်စလိုက်ကာ) တပ်ပေးထားကြောင်း တရားရုံးသတင်းရင်းမြစ်တစ်ခုကလည်း Myanmar Now ကို အတည်ပြုထားသည်။

NLD အစိုးရလက်ထက်တွင် နိုင်ငံတော်အတိုင်ပင်ခံရာထူးနှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့သူ အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် ဆရာဝန်ထားရှိပေးကြောင်း၊ စားရေးသောက်ရေးအတွက် အမျိုးသမီးဝန်ထမ်း ၃ ဦး ထားရှိပေးကြောင်း စစ်ကောင်စီက ပြောထားဖူးသည်။

ယုံကြည်ထိုက်သည့် ထိုတရားရုံးသတင်းရင်းမြစ်၏ အဆိုအရမူ အသီးအရွက်ကိုသာ အားပြု၍ အစားအစာ ပမာဏနည်းနည်း စားလေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်မှာ စားရေးသောက်ရေး အဆင်မပြေရုံမျှမက ရာသီဥတုနှင့် ပိုးမွှားဒဏ်ပါ ခံနေရသည်ဟု သိရသည်။

“ထောင်ထဲမှာတော့ ခြင်ပေါတယ်။ … အဆောင်က လေတအား တိုက်ရင်လည်း လေဝင်တာပဲ၊​ နေတအားပူရင်လည်း ပူတာပဲ၊ မိုးရွာရင်လည်း မိုးပက်တယ်” ဟု တစ်ဆင့်ပြန်၍ ကြားသိရကြောင်း ဦးဝဏ္ဏက ပြောသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ထံမှ ညည်းညူသံကို မကြားရဟု သူက ဆက်ပြောသည်။

ထင်ရှားသည့် နိုင်ငံရေးသမား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ဦးကျော်မင်းယု၊ NLD အမတ်ဟောင်းလည်းဖြစ်၊ အလွန်ရင်းနှီးသူလည်းဖြစ်သည့် ဦးဖြိုးဇေယျာသော်နှင့် ပြည်သူနှစ်ဦးကို အကြမ်းဖက်ပုဒ်မဖြင့် ဇူလိုင် ၂၃ ရက်က ရန်ကုန်၊ အင်းစိန်ထောင်၌ တိတ်တဆိတ် ကွပ်မျက်လိုက်သည့် သတင်းစကားကြားချိန်၌ပင် ကြုံနေရသည့် အခြေအနေအရပ်ရပ်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ တည်ငြိမ်စွာရင်ဆိုင်နိုင်စွမ်းကို ပို၍ ထင်ရှားစွာ တွေ့ရသည်ဟု ဦးဝဏ္ဏက ပြောသည်။

“အကြီးအကျယ် စိတ်ထိခိုက်ပုံရတော့ရတယ်။ စိတ်ဝင်တစား နားထောင်တယ်။ သီးခြားမှတ်ချက်ပေးတာမျိုးတော့ မကြားရဘူး” ဟု ၎င်းက ပြောသည်။

အာဏာမသိမ်းမီ တစ်လဝန်းကျင်အလို ၂၀၂၁ ဇန်နဝါရီ လွတ်လပ်ရေးနေ့ နေပြည်တော်အခမ်းအနားတစ်ခုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် စစ်ခေါင်းဆောင် (ဓာတ်ပုံ − Myanmar President Office)

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစ၍ NLD ကို စစ်ဗိုလ်ချုပ်ဟောင်းတချို့နှင့် ပူးပေါင်းတည်ထောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို ခေတ်အဆက်ဆက် တပ်ခေါင်းဆောင်များက မုန်းတီးလေ့ရှိရာ ထိုသို့ ကိုယ်ရော၊ စိတ်ပါ ညှဉ်းဆဲခံရမှုများကို ကာလရှည်ကြုံတွေ့ခဲ့ရဖူးသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင်လည်း မြန်မာ့လွတ်လပ်ရေးဖခင်လည်းဖြစ်၊ တပ်မတော်ကို ထူထောင်သူလည်းဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ထားရှိကာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ထားဖူးသည်။ သူ့ကို ဒီပဲယင်းဒေသတွင် လူအုပ်စုဖြင့် လုပ်ကြံသတ်ဖြတ်သော်လည်း အသက်မသေဘဲ လွတ်မြောက်လာသဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့ဖူးသည်။

ယခုတစ်ဖန် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် အာဏာသိမ်းပြန်သည့် စစ်ခေါင်းဆောင်က သူ့ကို တပ်ချုပ်ရာထူး အမွေပေးခဲ့သည့် ဦးသန်းရွှေထက် ပို၍ ပုဒ်မမျိုးစုံနှင့် တရားစွဲကာ ဒေါ်အောင်ဆန်းစုကြည်ကို နှိပ်ကွပ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှု ဖွင့်ထားပြီး ၆ မှုအတွက် ထောင် ၁၁ နှစ် ချမှတ်ပြီးဖြစ်သည်။

ယခင်ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားစဉ် တယ်လီဖုန်းအဆက်အသွယ် ဖြတ်တောက်သော်လည်း ရေဒီယိုနားထောင်ခွင့် ပြုခဲ့သေးသည်။ ယခု အာဏာသိမ်းဗိုလ်ချုပ်ကြီးများလက်ထက် မြန်မာပြည်၏ သက်တမ်းရှည်အကျဉ်းသားတွင် ရေဒီယို ရှိမနေစေရေးမှာ ၎င်းတို့ဂရုစိုက် စိစစ်ရမည့်အချက် ဖြစ်နေသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေမှုများ၊ အသက်ဆုံးရှုံးမှုများ၊ တိုင်းပြည်၏ စီးပွားရေးအပါအဝင် ကဏ္ဍအသီးသီး၌ ဆုတ်ယုတ်ကျဆင်းနေမှုများကို တရားခွင်မစမီ တစ်စွန်းတစ်စ သိရလျှင် ပူပန်လေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်က သူ၏ ဒုက္ခများကိုမူ အောချလောက်အောင် လျစ်လျူရှုထားနိုင်သည်ဟု ဦးဝဏ္ဏက မှတ်ချက်ပြုသည်။

“သူကတော့ ရယ်သလို မောသလို ပြောနေတာပဲ။ သူပျော်နေတာပဲ ကြားရတော့ ကျွန်တော်ကတော့ အံသြတယ်” ဟု ၎င်းက ဆိုလိုက်သည်။

(* သတင်းရင်းမြစ်၏ လုံခြုံရေးအတွက် အမည်လွှဲဖြင့် ဖော်ပြထားပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button