သတင်း

စစ်ကြောရေးရောက် တွံတေး PDF အဖွဲ့ဝင် သေဆုံး၊ မိသားစုအလောင်းပြန်မရ

ရန်ကုန်တိုင်း တွံတေးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TRDF) အဖွဲ့ဝင် ကိုသက်နိုင်ဦးကို စစ်ကောင်စီတပ်သားများ ဖမ်းဆီးပြီး စစ်ကြောရေးတွင် နှိပ်စက်ညှင်းပမ်းခဲ့သည့်ဒဏ်ရာဖြင့် ဇူလိုင် ၂၈ တွင် ဆုံးပါးသွားခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

ကိုသက်နိုင်ဦးသည်  ဇွန်လအတွင်း ဖမ်းဆီးနှိပ်စက်ခံရပြီးနောက် အသည်းကြီးခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ ဦးနှောက်သွေးခဲခြင်း၊ ခန္ဓာကိုယ် လေတစ်ခြမ်းဖြတ်သွားခြင်း နှလုံးသွေးကြောပိတ်ခြင်း စသည့်ရောဂါဝေဒနာများ ခံစားခဲ့ရသည်ဟု သိရသည်။ 

စစ်ကောင်စီက သူ့ကို တွံတေးဆေးရုံသို့ ပို့ဆောင်ကုသစေကြောင်း၊ မသက်သာသဖြင့် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်သော်လည်း အသက်မမီတော့ကြောင်း၊ နောက်ကျမှ ရန်ကုန်ရောက်လာသည်ဟု ဆရာဝန်က မှတ်ချက်ပြုကောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ 

ဆေးရုံတက်နေစဉ်လူနာမှာ လူတွဲဖြင့်သာ လမ်းလျှောက်နိုင်ကြောင်း၊ ၎င်း၏ မိသားစုဝင်များကိုပင် မမှတ်မိတော့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“လက်ရှိအနေအထားပဲ သူသိတယ်၊ ကျန်တဲ့ကိစ္စဘာမှ မသိတော့ဘူး၊ ကယောင်ချောက်ချား ပြောချင်ရာပြော၊ အဲလိုဖြစ်သွားတာ” ဟုလည်း မိသားစုဝင်နှင့် နီးစပ်သူက ပြောသည်။

“သူ့ကို ရေခဲထည့်ထားတဲ့ အအေးခန်းထဲမှာ ထားတာ တော်တော်ကြာတယ်လို့ သိရတယ်၊ အဲဒီကနေ တွံတေးအချုပ်ကိုပို့၊ အခြေအနေမကောင်းလို့ ဆေးရုံတက်ရတာ” ဟု ကိုသက်နိုင်ဦး၏မိတ်ဆွေ အမျိုးသားတစ်ဦးက ပြောသည်။  

ရုပ်အလောင်းကို မိသားစုက သင်္ဂြိုဟ်ခွင့်မရဘဲ စစ်ကောင်စီက ထိန်ပင်သုသာန်တွင် ဇူလိုင် ၂၉ ရက်နေ့က သင်္ဂြိုဟ်ခဲ့သည်ဟု နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ပြောပြမတတ်အောင် ခံစားရတာပေါ့” ဟု ၎င်းက ပြောသည်။ 

နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် ကိုသက်နိုင်ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု TRDF ၏ ဇူလိုင်လ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးအတွက် ဘယ်လိုအခြေအနေပဲ ရောက်ရောက် ကျွန်ုပ်တို့အနေဖြင့် ပြည်သူလူထုနှင့်အတူ ဆက်လက်တော်လှန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သစ္စာကတိပြုပါသည်” ဟုလည်း TRDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီကြောင့် သေဆုံးခဲ့သူ ၂၁၃၈ ဦးထက်မနည်းရှိကြောင်း ဖမ်းဆီးမှုများအကြောင်း စောင့်ကြည့် မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၂၉ တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းဗိုလ်ချုပ်ကြီးများက AAPP ၏ ကိန်းဂဏန်း မှားယွင်းနေသည်ဟု ယခင်က ပြောခဲ့ဖူးသည်။

ကိုသက်နိုင်ဦးအပါအဝင် ဖမ်းဆီးခံထားရစဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိပေ။ 

ရန်ကုန်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်များက အင်းအားအများအပြားဖြင့် ရပ်ကွက်များကို ဝင်စီးကာ လူအစုလိုက်အပြုံလိုက်ဖမ်းဆီးမှုများ ရှိခဲ့ပြီး တွံတေးနှင့် ဒလမြို့နယ်များမှလည်း ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

အတူဖမ်းဆီးရမိသူများ အင်းစိန်ထောင်တွင် တရားစွဲခံထားရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button