သတင်း

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့၏ နေအိမ်များ အုပ်စုဖွဲ့တိုက်ခိုက်ခံရ

စစ်ကောင်စီက သေဒဏ်စီရင်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျောသော်၏ မိဘများနေထိုင်ရာ နေအိမ်များကို လူတစ်စုက ယနေ့ (ဇူလိုင် ၂၇) မွန်းလွဲပိုင်းတွင် အုပ်စုဖွဲ့လာရောက်တိုက်ခိုက်ခဲ့သည်။

ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ ဦးဖြိုးဇေယျာသော်၏ မိဘများနေထိုင်ရာ တိုက်ခန်းကို အင်အား ၅၀ ခန့်ရှိ လူများက အော်ဟစ်ဆဲဆိုသည့်အပြင် လောက်လေးခွနှင့် ပစ်ခတ်ကာ ခဲဖြင့်ပေါက်နေသည့် ရုပ်သံများလည်း လူမှုကွန်ရက်တွင် တွေ့ရသည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်နှင့် လှိုင်သာယာမြို့နယ်မှ ကိုလှမျိုးအောင်နှင့် အောင်သူရဇော်တို့ လေးဦးတို့ကို သေဒဏ်စီရင်ခဲ့ခြင်းမှာ ရာဇဝတ်ကျူးလွန်သောကြောင့်ဖြစ်ကြောင်း၊ သတ်ဖြတ်ခံရသူများအတွက် တရားမျှတမှုရှာဖွေခြင်းဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုပြီးနောက် ထိုသို့ လူအုပ်စုဖွဲ့တိုက်ခိုက်ခြင်းဖြစ်သည်။

စစ်တပ်လိုလားသည့် လူမှုကွန်ရက်စာမျက်နှာများတွင် တင်ထားသည့် ရုပ်သံတွင် “မင်းတို့သားသမီးတွေကြောင့် သေတဲ့သူတွေအများကြီးပဲကွ၊ မင်းတို့ တစ်မျိုးလုံးကို သတ်ပစ်မယ်” ဟု လာရောက်တိုက်ခိုက်သူများက အော်ဟစ်ဆဲဆိုနေသည်ကို တွေ့ရသည်။

ဦးဖြိုးဇေယျာသော်၏ ဖခင်ဖြစ်သူကို ဆက်သွယ်မေးမြန်းရာတွင် အသက်အန္တရာယ်အတွက် သတိထားနေထိုင်နေရသည်ဟု ပြောကြားသည်။

စစ်ကောင်စီ၏ သေဒဏ်စီရင်ခြင်း ခံရသူ ဦးဖြိုးဇေယျာသော်၏ ဇနီးဖြစ်သူ မသဇင်ညွန့်အောင်ကမူ လူအုပ်စု ဖွဲ့တိုက်ခိုက်ခံရသဖြင့် မိဘများအတွက် စိုးရိမ်နေရပြီး ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းကူညီပေးရန် တောင်း ဆိုသည်။

ကျွန်မ အရမ်းစိုးရိမ်နေတယ်။ အကုန်လုံး ဝိုင်းကူမှရမယ်”

ယနေ့ နံနက်ပိုင်းက ဦးဂျင်မီ၏ မိဘများနေထိုင်ရာ အင်းစိန်မြို့ရပ်ကွက်ရှိ နေအိမ်ကိုလည်း Light Truck ကား ငါးစီး၊ ဒိုင်နာကားနှစ်စီးဖြင့် တုတ်၊ ဓားလက်နက်ကိုင်ဆောင်ထားသူများ ရောက်ရှိလာပြီး အော်ဟစ်ဆဲဆိုကြောင်း၊ ရမ်းကားတိုက်ခိုက်ကြောင်း သိရသည်။​ ထိုအိမ်တွင် မိသားစုဝင်များ ရှိနေကြောင်း ဦးဂျင်မီ၏ဇနီး ဒေါ်နီလာသိန်းထံမှ သိရသည်။ 

စစ်ကောင်စီက တိုက်ရိုက်ကွပ်ကဲစီစဉ်သည်ဟု ယူဆရသည့် ထိုလူအုပ်စု၏ တိုက်ခိုက်မှုများအကြောင်း စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချိနေသည်ကို တွေ့ရသည်။

ထိုအပြုအမူမှာ နိုင်ငံရေးသမားများကို ကွပ်မျက်မှုသည် အကြောင်းမဲ့မဟုတ်ကြောင်း၊ ၎င်းတို့ကြောင့် သေဆုံးခဲ့သူများ အမှန်တကယ်ရှိပြီး ကွပ်မျက်မှုသည် တရားမျှတမှုရှိကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဝါဒဖြန့်ရန် ရည်ရွယ်ပုံရသည်။

အသက် ၅၃ နှစ်အရွယ် ဦးဂျင်မီ၊ ၄၁ နှစ်အရွယ် ဦးဖြိုးဇေယျာသော်၊ လှိုင်သာယာမြို့နယ်မှ ကိုလှမျိုးအောင်နှင့် အောင်သူရဇော်တို့ကို သေဒဏ်စီရင်ခြင်းမပြုမီ ပြီးခဲ့သည့် သောကြာနေ့တွင် ထောင်အာဏာပိုင်များက မိသားစုဝင်များကိုခေါ်ယူကာ တွေ့ဆုံစေခဲ့သော်လည်း ကွပ်မျက်မည့်အကြောင်း အသိပေးခဲ့ခြင်း မရှိပေ။

ထို့ပြင် သေဒဏ်စီရင်ခံသူ လေးဦး၏ ရုပ်အလောင်းများကို ထုတ်ပေးခြင်းလည်း မရှိပေ။ အလောင်းထုတ်မပေးခြင်းမှာ ထောင်အာဏာပိုင်များ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်စီရင်သည့်လုပ်ရပ်အပေါ် နိုင်ငံတကာရှိ အစိုးရများနှင့် အဖွဲ့အစည်းများ၏ ပြစ်တင်ဝေဖန်မှုများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ စီရင်ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button