သတင်း

ဦးဂျင်မီ အပါအဝင် ၄ ဦးကို သေဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီကြေညာ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျောသော်နှင့် ကျန်နှစ်ဦးကို သေဒဏ်ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများတွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

ကျန်နှစ်ဦးမှာ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ဖြစ်ပြီး လေးဦးလုံးကို စစ်ခုံရုံးက သေဒဏ်ချမှတ်ထားသည်။ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ နှစ်ဦးသည် ပြီးခဲ့သည့်နှစ် မတ်လအတွင်းက လှိုင်သာယာမြို့နယ်၌ စစ်ကောင်စီ သတင်းပေးဟု နာမည်ကျော်သည့် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သည်ဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

အသက် ၅၂ နှစ်အရွယ် ဦးဂျင်မီနှင့် အသက် ၄၁ နှစ်အရွယ် ဦးဖြိုးဇေယျာသော်၏ မိသားစုဝင်များအား လွန်ခဲ့သည့် ရက်ပိုင်းက အင်းစိန်ထောင်သို့ခေါ်၍ လူချင်းပေးမတွေ့ပဲ ကွန်ပျူတာဖန်သားပြင်မှတစ်ဆင့် Zoom ဖြင့်သာ ပေးတွေ့ခဲပြီးနောက် ၎င်းတို့ကို အင်းစိန်ထောင်တွင်ပင် ကွပ်မျက်ခဲ့ကြောင်း သိရှိရသည်။

ကွပ်မျက်သည့် အခြေအနေအသေးစိတ်ကို မသိရသော်လည်း ဇူလိုင်လ ၂၃ စနေနေ့ နံနက်တွင် ပြုလုပ်ခဲ့ကြောင်း Myanmar Now ၏သတင်းရင်းမြစ်က ပြောဆိုသည်။ 

မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် “သူ့အကြောင်းတရားနဲ့သူလာတာ။ သူတရားထိုင်တယ်။ သူတရားနဲ့သူနေတယ်” ဟု ဦးဂျင်မီက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မိသားစုဝင်များအား ထောင်မှပြန်ခါနီးတွင် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဆေးနှင့် အစားအစာများကို မိသားစုဝင်များက လာမပို့ရန် အကျဉ်းထောင်အာဏာပိုင်များက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“ အခုလို နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်ပေးတာဟာ ကိုယ်အာဏာတည်မြဲဖို့ ပြည်သူလူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်တာလို့ မြင်တာ။ ဒါဟာ နိုင်ငံတကာရဲ့ သဘောဆန္ဒကို ဆန့်ကျင်တာပဲ။ ဒါဟာ တိုင်းပြည်ရဲ့ ဆိုးကျော့သံသရာကို ပိုဆိုးရွားစေလိမ့်မယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးမိုးဇော်ဦးက ပြောကြားသည်။

ဦးဂျင်မီမှာ ရန်ကုန်တက္ကသိုလ် ရူပဗေဒတတိယနှစ်အရွယ် အသက် ၁၈ နှစ်ခန့်တွင် ၁၉၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး၊ ၁၉၈၉ ဇွန်လခန့် ရန်ကုန်တွင် ပြုလုပ်သည့် ကျောင်းသားခေါင်းဆောင်တစ်ချို့ ဦးစီးသည့် လူ့ဘောင်သစ်ဒီမိုကရေစီပါတီရုံးခန်းဖွင့်ပွဲတွင် မိန့်ခွန်းပြောဆိုမှုကြောင့် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းသည် ၁၉၈၉ မှ ၁၉၉၆ နှင့် ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားသည့် ၂၀၀၇ မှ ၂၀၁၂ အတွင်း နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျခဲ့သည်။ 

“ကိုဂျင်မီဟာ နိုင်ငံရေးကို ယုံကြည်ချက်ကြောင့် လုပ်ဆောင်တယ်လို့ ပြောလို့ရတယ်။ တကယ်တော့ သူဟာ အနုပညာသမားပဲ။ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် အားလုံးနဲ့ ခင်ခင်မင်နေတတ်တယ်။ ကဗျာရှည်တွေရေးတယ်၊ ကိုယ်ပိုင်သီချင်းစပ်ပြီးလည်း ဆိုတတ်တယ်” ဟု ဦးဂျင်မီနှင့် အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများအဖြစ် ၁၉၉၀ပြည့်နှစ် ကာလများက အတူနေထိုင်ခဲ့ရသည့် ဦးမိုးဇော်ဦးက ပြန်ပြောင်းပြောဆိုသည်။

၂၀၁၂ ထောင်မှ လွတ်မြောက်ပြီးနောက် ဦးဂျင်မီသည် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတွင်သာ ပါဝင်ဆောင်ရွက်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာရချိန်တွင် ငြိမ်းချမ်းရေးကော်မရှင်ကဲ့သို့သော အဖွဲ့များတွင် တာဝန်ကမ်းလှမ်းခံရသော်လည်း ၎င်း၏လွတ်လွတ်လပ်လပ်နေလိုသော စရိုက်သဘာဝကြောင့် ထိုတာဝန်ကို မယူခဲ့ကြောင်းလည်း ဦးမိုးဇော်ဦးက ပြောကြားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရန်ကုန်ရှိ မြို့နယ်ခြောက်ခုကို စစ်အုပ်ချုပ်ရေးကြေညာကာ ဖမ်းဆီးရမိသော ဆန့်ကျင်တော်လှန်သူအများအပြားကို စစ်ခုံရုံးဖြင့် သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ယခု ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦးရှိသည်။ ထိုအထဲတွင် အသက် ၁၈ နှစ်အောက် နှစ်ဦးပါဝင်ပြီး ၄၁ ဦးမှာ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူများဖြစ်သည်။

သေဒဏ်နှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ဝေဖန်ကန့်ကွက်နေသော်လည်း ကြိုးပေးကွပ်မျက်မည့်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားခဲ့သည်။

စစ်ခုံရုံးဖြင့် အမှု ၂၃ မျိုးကို စီရင်မည်ဖြစ်ကြောင်း၊ သေဒဏ်နှင့် ပတ်သက်၍ စီရင်ချက်အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်းကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကသာ အတည်ပြုပေးနိုင်ကြောင်းလည်း စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

မြန်မာစစ်တပ်သည် လူမျိုးသုန်းသတ်ဖြတ်မှုကဲ့သို့သော စစ်ရာဇဝတ်မှုမျိုး ဆက်လက်ကျူးလွန်ရန် အလားအလာရှိပြီး ဖမ်းဆီးထားသူများကို ကြိုးပေးကွပ်မျက်မည့်အစီအစဉ်ကို ရပ်ဆိုင်းရန်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ဇွန် ၁၄ တွင် ထုတ်ဖော်ပြောဆိုသည်။

စစ်ကောင်စီ၏ သေဒဏ်အစီအစဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ပြစ်တင်ဝေဖန်ထားသည့်နည်းတူ ပြည်တွင်းရှိ နိုင်ငံတကာသံရုံးအချို့ကလည်း တရားမဝင်အစိုးရဖြစ်သော စစ်ကောင်စီအနေဖြင့် ထိုသို့စီရင်ပိုင်ခွင့် မရှိဟု ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button