သတင်း

မိုး၊ လေမလုံသည့်ဒဏ် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရ

အသက် ၇၇ နှစ်အရွယ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့် ချုပ်နှောင်ထားသည့် နေပြည်တော်အချုပ်ထောင်ရှိ အဆောင်မှာ မိုးမလုံ၊ လေမလုံ ဖြစ်နေသည်ဟု ယုံကြည်ထိုက်သည့် သတင်းရင်းမြစ်အချို့ထံမှ စုံစမ်း သိရှိရသည်။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရသည့် အဆောင်တွင် သံတိုင်ပြတင်းပေါက် ၆ ခုရှိပြီး ၃ ခုတွင်သာ ခန်းဆီး (ပိတ်စလိုက်ကာ) တပ်ပေးထားကြောင်း ပထမသတင်းရင်းမြစ်က ပြောသည်။

“လေတော်တော်တိုက်တယ်။ လေမတိုက်ရင် နေပူတယ်။ … အသေးစိတ်တော့ မသိရဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူက ပြောသည်။

နေပြည်တော်တွင် မိုးကောင်း၊ လေထန်နေဆဲဖြစ်၍ ရာသီဥတုဒဏ်ကို ဒေါ်အောင်ဆန်းစုကြည် အပြင်းအထန်ခံနေရမည်မှာ သေချာသည်ဟု ဒုတိယသတင်းရင်းမြစ်ကလည်း ပြောသည်။

“အသက်ကလည်း ကြီးပြီလေ။ သူကတော့ တိတိပပ ထုတ်မပြောပါဘူး” ဟု ထိုသူက ဆိုသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင် ပြည်သူ့ဆန္ဒမဲရလဒ်ကို ငြင်းပယ်ကာ မဲစာရင်းမှားသည်ဟု အကြောင်းပြပြီး အာဏာသိမ်းစကတည်းက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားခြင်းဖြစ်သည်။

မူလတွင် နေပြည်တော် ရှိ လျှို့ဝှက်နေရာတစ်ခုတွင် အတူနေအိမ်သားများနှင့်အတူ ထိန်းသိမ်းထားသော်လည်း ဇွန် ၂၂ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကို စစ်ကောင်စီက နေပြည်တော်ထောင်သို့ ပို့ထားသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးမှာ ကောင်းမွန်နေပုံရသော်လည်း မူလကပင် သွယ်လျသည့် ခန္ဓာကိုယ်ပိုင်ရှင်မှာ ယခင်ကထက် သိသိသာသာ ပိန်သွားသည်ဟု တတိယသတင်းရင်းမြစ်က ပြောသည်။

“နေပြည်တော်အချုပ်ထောင်ရောက်ပြီး သဘာဝလေကလည်း အေး၊ စိတ်ဖိစီးမှုလည်း ခံရတော့ တအားပိန်သွားတယ်။ ကိုယ်ရေစစ်သွားတယ်။ အပြင်မှာ တွေ့နေကျပုံစံမဟုတ်တော့ဘူး” ဟု ထိုသူက ဆိုသည်။

အသီးအရွက်ကိုသာ အားပြု၍ အစားအစာ ပမာဏနည်းနည်းသာ စားလေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်မှာ နေပြည်တော်အချုပ်ထောင်အတွင်း စားရေးသောက်ရေးအဆင်ပြေဖွယ်မရှိဟု သတင်းရင်းမြစ် ၃ ဦးစလုံးက ခန့်မှန်းသည်။

“သူကတော့ မညည်းညူပါဘူး။ ဒါပေမဲ့ ခက်ခဲမှာပေါ့။ စားတာ၊ သောက်တာရော၊ နေရတာရော။ … သူစားချင်တာ တော့ အမြဲတမ်း မရနိုင်လောက်ဘူး။ ခဏခဏလည်း စားလို့မရနိုင်လောက်ဘူး” ဟု ပထမသတင်းရင်းမြစ်က ပြောသည်။

NLD ဥက္ကဋ္ဌကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှု ဖွင့်ထားပြီး ၆ မှုအတွက် ထောင် ၁၁ နှစ် ချမှတ်ပြီးဖြစ်သည်။

နေပြည်တော်အချုပ်ထောင်၌ ဒေါ်အောင်ဆန်းစုကြည် ရှိနေသည့် အဆောင်တွင် အမျိုးသမီးဝန်ထမ်း ၃ ဦး ထားရှိပေးပြီး ထိုသူတို့က စားရေးသောက်ရေး စီစဉ်ပေးသည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ဇွန် ၂၇ တွင် ပြောဖူးသည်။

စစ်တပ်က အာဏာမသိမ်းမီ NLD အစိုးရလက်ထက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် ဆရာဝန်ထားရှိပေးသည်ဟု စစ်ကောင်စီက ပြောဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်ကို မိုးမလုံ၊ လေမလုံ အဆောင်တွင်ထားသည်၊ အပူဒဏ်ခံနေရသည်၊ စားရေး၊ သောက်ရေး အဆင်မပြေဟူ၍ ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍မူ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိပါ။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ အသက်အရွယ်နှင့် ကျန်းမာရေးကို ထောက်ချင့်၍ အချုပ်ထောင်တွင် မထားသင့်ဟု ဇွန် ၂၇ ရက်ကတည်းက စစ်ကောင်စီကို တိုက်တွန်းထားသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစ၍ NLD ကို စစ်ဗိုလ်ချုပ်ဟောင်းတချို့နှင့် ပူးပေါင်းတည်ထောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို ခေတ်အဆက်ဆက် တပ်ခေါင်းဆောင်များက မုန်းတီးလေ့ရှိသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ထားရှိကာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ထားဖူးသည်။ သူ့အား ဒီပဲယင်းဒေသတွင် လူအုပ်စုဖြင့် လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းခဲ့ဖူးသည်။

ယခုတစ်ဖန် အာဏာသိမ်းပြန်သည့် စစ်ခေါင်းဆောင်က သူ့ကို တပ်ချုပ်ရာထူးအမွေပေးခဲ့သည့် ဦးသန်းရွှေထက် ပို၍ ပုဒ်မမျိုးစုံနှင့် တရားစွဲကာ ဒေါ်အောင်ဆန်းစုကြည်ကို နှိပ်ကွပ်နေသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုခွင့် မရခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့တွင် ခုခံတော်လှန်မှုများ အရှိန်မြင့်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button