သတင်း

အာဇာနည်နေ့ ပြုလုပ်ခွင့်တောင်းသော အင်းစိန်ထောင်မှ လူငယ်နှစ်ဦး ရိုက်နှက်ခံရ

ဇူလိုင် ၁၈ ရက်က ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင် အာဇာနည်နေ့အထိမ်းအမှတ် ဂါဝရပြုရန် ခွင့်တောင်းခဲ့သည့် နိုင်ငံရေးအကျဉ်းသား လူငယ်နှစ်ဦး အပြင်းအထန် ရိုက်နှက်ခံရပြီး တစ်ဦး တိုက်ပိတ်ခံရကာ တစ်ဦးမှာ အသက် အန္တရာယ် စိုးရိမ်ရသည်ဟု သိရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

လူငယ်ဆောင် အမှတ် (၃) မှ အသက် ၃၀ အရွယ် ကိုဖြိုးထူးအောင်၊၂၇ နှစ်အရွယ် ကိုဟိန်းထက်အောင်တို့သည် ဇူလိုင် ၁၉ အာဇာနည်နေ့တွင် ကျဆုံးအာဇာနည်များကို ဂါရဝအနေဖြင့် အလေးပြုခွင့်ပေးရန် ထောင်အာဏာပိုင်များထံ ခွင့်တောင်းခဲ့ကြောင်း၊ ထောင်အာဏာပိုင်တို့က ထိုနှစ်ဦးကို ကန်ကျောက်ရိုက်နှက်ကြကြောင်း သိရသည်။ 

လတ်တလောတွင် ကိုဖြိုးထူးအောင်က ဆေးရုံတက် ဆေးကုသနေရပြီး ကိုဟိန်းထက်အောင်မှာ အလင်းရောင်နှင့် လေအ၀င်အထွက် မရှိသလောက် နည်းပါးသည့် အခန်းကျဉ်းတွင် ပိတ်လှောင်ခံထားရသည်ဟု သိရသည်။

“ဆေးရုံမှာ ဆေးပိုက်တန်းလန်းနဲ့ (နှာခေါင်းပိုက်) အပေါ်ရော၊ (ဆီးပိုက်) အောက်ရော သွယ်ထားရတယ်ပေါ့။ ဖြိုးထူးက မြော့မြော့ာ့ပဲ ရှိတော့တယ် ဆိုပြီးတော့ သိရတယ်” ဟု ကိုဖြိုးထူးအောင်၏ မိသားစုနှင့် နီးစပ်သူ အထက်ပါ အမျိုးသမီးက ဆိုသည်။

၂၀၂၁ မေလအတွင်း နေအိမ်တွင် ဖမ်းဆီးခံရသော ကိုဖြိုးထူးအောင်သည် ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ် ၃ နှစ် ကျခံနေရသူဖြစ်ပြီး ထောင်တွင်းစာကြည့်တိုက်ငယ်တစ်ခု ဖွင့်လှစ်ထားသလို အနေအထိုင်အေးဆေးသူတစ်ဦးဖြစ်ကြောင်း သိရသည်။  

ထောင်အာဏာပိုင်တို့က တက်နင်းကြသည့် ကိုဟိန်းထက်အောင် (ခ) ချာလီမှာ ယခင်နှစ် အောက်တိုဘာတွင် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ် ၃ နှစ် ကျခံနေရသည်၊ ထို့ပြင် အကြမ်းဖက်မှုပုဒ်မများဖြင့်ပါ စွဲဆိုခံထားရသဖြင့် အရှေ့ပိုင်းခရိုင်ရှိ တရားရုံးနှစ်ခုတွင် ဆက်လက်အမှုရင်ဆိုင်နေရသည်။ 

ယခင်က Myanmar Fixie Association-MFA အပျော်တမ်းစက်ဘီးစီးအဖွဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ကိုဗစ်တတိယလှိုင်း ပြင်းထန်ချိန်များတွင် အောက်စီဂျင်လိုအပ်သူများနှင့် အလှူရှင်များအကြား ချိတ်ဆက်ပေးသည့် ပရဟိတ လုပ်ငန်းများ၌ ပါဝင်ခဲ့ကြောင်း သိရသည်။ 

ထောင်ဝန်ထမ်းများ၊ အရာရှိများ၏ တုံ့ပြန်ချက်မှာ အကြမ်းဖက်ခြင်းဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက မှတ်ချက်ပြုသည်။ 

“ခွင့်ပြုရင်ပြုတယ် မပြုရင် မပြုဘူး။ စကားလုံးလေးနဲ့ ပြောရင် လုံလောက်ပြီ။ သူတို့ အများကြီးဖိနှိပ်ထားပြီးပြီလေ” ထိုအမျိုးသမီးက ပြောသည်။

စစ်ကောင်စီကမူ အာဇာနည်နေ့အထိမ်းအမှတ် ပြုလုပ်ခဲ့ပြီး ထိုနေ့တွင် ဂါရဝပြုခြင်း၊ ကားဟွန်းတီးခြင်း၊ အလေးပြုခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာထားသည်။

အကျဉ်းကျခံနေရသူများအတွက် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယမန်နှစ် ဇူလိုင်လအတွင်း ဒေသခံတချို့ ဆန္ဒပြခဲ့ကြစဉ်။ (ဓာတ်ပုံ-CJ)

ဇူလိုင် ၆ ကလည်း မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်အတွင်း ဆဲဗင်းဇူလိုင်လှုပ်ရှားမှု နှစ်ပတ်လည်အထိမ်းအမှတ် ပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားတချို့ ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံခဲ့ရသည်။ 

ယခင်တည်းက နာမည်ဆိုးရှိခဲ့သော အင်းစိန်ထောင်၊ ဖားအံထောင်၊ မြင်းခြံထောင်၊ သာယာဝတီထောင်၊ အိုးဘိုထောင်၊ မုံရွာထောင်တို့ အပါအဝင် အကျဉ်းထောင်အများအပြား၌ နိုင်ငံရေးသမားများကို ဖိနှိပ်ခဲ့သလို စစ်ကောင်စီလက်ထက်တွင် ဖိနှိပ်မှုများ ဆက်လက်လုပ်ဆောင်နေသည်။

ဇူလိုင်လ ပထမပတ်အတွင်းကလည်း အကျဉ်းထောင်တချို့မှ နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့သလို အင်းစိန်၊ ကျိုက်မရော၊ ဖားအံထောင်မှ ထောင်တွင်းလှုပ်ရှားမှုလုပ်သော နိုင်ငံရေးအကျဉ်းသားတချို့ကို သာယာဝတီထောင်သို့ ရွှေ့ပစ်ခဲ့သည်။

အကျဉ်းသားများသည် သင့်လျော်သည့် အစားအစာနှင့် အသုံးအဆောင်အတွက် မိသားစု၏ ထောင်ဝင်စာပေးပို့မှုကို အားထားနေရသူများဖြစ်ရာ ထောင်ပြောင်းမှုသည် မိသားစုများ ထောင်သို့ လာရောက် ပစ္စည်းပို့မှုကို အဟန့်အတားဖြစ်နေသည်။

ထောင်ပြောင်းရွှေ့မှုများကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဆက်တိုက်ပြုလုပ်နေသည်။

ထောင်တွင်း တောင်းဆိုမှုများ ပြုလုပ်လေ့ရှိသည့် ကျောင်းသားသမဂ္ဂခေါင်းဆောင်များကိုလည်း မကြာခဏ ရိုက်နှက်လေ့ရှိပြီး ဆေးကုသခွင့်မပေးခဲ့ပေ။

အကျဉ်းထောင်တွင်းအခြေအနေများကို လေ့လာစောင့်ကြည့်နေသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) လည်း ကိုဗစ်ကပ်ရောဂါစတင်သည့် ၂၀၂၀ မှစ၍ အကျဉ်းထောင်များသို့ ဝင်ရောက်စစ်ဆေးခွင့် မရတော့ပေ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ဆက်လက် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၁၇၄၃ ဦးရှိပြီး ၁၃၄၄ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button