ဆောင်းပါး

အာဏာသိမ်းစစ်တပ်၏ ဒေါ်လာလုပွဲ

တိုင်းပြည်စီးပွားရေး ယုတ်လျော့ကျဆင်းလာနေချိန် အာဏာသိမ်းစစ်တပ်က ညွှန်ကြားချက်အမျိုးမျိုးထုတ်ကာ အမေရိကန်ဒေါ်လာလုပွဲကြီး ဖန်တီးလျက်ရှိသည်။ ဒေါ်လာရပေါက်ရလမ်းအားလုံးကို ထိန်းချုပ်ထားသည့်အပြင် ယခုအခါ ကုမ္ပဏီလုပ်ငန်းရှင်များထံမှ ဒေါ်လာကိုပါ ဖဲ့ယူရန် စိုင်းပြင်းလာသည်။​

စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်၏ နောက်ဆုံးညွှန်ကြားချက်တစ်ခုအရ ပုဂ္ဂလိကကုမ္ပဏီများ၏ ဘဏ်စာရင်းမှ ဒေါ်လာများကို သတ်မှတ်ဈေးဖြင့် လဲယူတော့မည်ဖြစ်သည်။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းရှိ ကုမ္ပဏီများအနေဖြင့် ဒေါ်လာကို သတ်မှတ်ဈေးဖြင့် လဲပေးရမည်ဖြစ်သည်။

တစ်ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းဖြင့် လဲယူမည့် ထိုညွှန်ကြားချက်ကို အာဏာသိမ်းစစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ယခုလ ၁၅ ရက်တွင် ထုတ်ပြန်သည်။ ထိုညွှန်ကြားချက်အရ စစ်ကောင်စီအနေဖြင့် သတ်မှတ်ကုမ္ပဏီများထံမှ ဒေါ်လာသန်းရာချီ ရနိုင်ဖွယ်ရှိသည်။ 

၂၀၂၀ ဩဂုတ်လအထိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၆၇,၉၁၄ ခုရှိသည်။ ထိုကုမ္ပဏီခြောက်သောင်းကျော်အနက် ၁၆,၀၀၀ ကျော်မှာ ဆိုင်းငံ့ဖြစ်နေပြီး ၁၅၄ ခုက ဖျက်သိမ်းထားသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းရှိ ကုမ္ပဏီမည်မျှရှိသည်ကိုမူ မသိရပေ။

စစ်ကောင်စီ၏ ဒေါ်လာမောင်ပိုင်စီးရေးအစီအစဉ်ကြောင့် ပြင်ပဈေးကွက်တွင် ဒေါ်လာဈေး တရိပ်ရိပ်တက်နေသည်။ ယမန်နေ့ (ဇူလိုင် ၁၈) တွင် တစ်ဒေါ်လာ ကျပ် ၂၃၈၀၊ ယနေ့တွင် ၂၄၀၀ အထိ ပေါက်ဈေးဖြစ်နေသည်ဟု ရန်ကုန်ရှိ ငွေကြေးဈေးကွက်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ဗလောင်းဗလဲ ညွှန်ကြားချက် 

စစ်ကောင်စီ၏ လတ်တလော ညွှန်ကြားချက်များအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထက်ရှိ ကုမ္ပဏီများ၊ တစ်နည်းအားဖြင့် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် နိုင်င်ငံခြားကုမ္ပဏီများအနေဖြင့် လတ်တလော ကျပ်နှင့်ဒေါ်လာ လဲလှယ်ရေးအစီအစဉ်တွင် မပါဝင်သေးပေ။

သို့သော် မည်မျှကြာကြာ ကင်းလွတ်နိုင်မည်မှာ မသေချာပေ။ နိုင်ငံတွင်းရှိ ဒေါ်လာမှန်သမျှ မောင်ပိုင်စီးလိုသော အာဏာသိမ်းစစ်တပ်က တစ်နည်းနည်းဖြင့် သိမ်းယူနိုင်ခြေရှိသည်။ 

ဒေါ်လာခန်းသထက်ခန်းလာသောကြောင့် စစ်ကောင်စီက ကင်းလွတ်ခွင့်များကို တစ်ခုပြီးတစ်ခုပယ်ဖျက်လာခြင်းဖြစ်သည်ဟု Myanmar Now ၏ စီးပွားရေးသတင်းရင်းမြစ်တစ်ခုက ဆိုသည်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်လုပ်ကိုင်နေသူများ၊ အထူးစီးပွားရေးဇုန်ရှိ ကုမ္ပဏီများပါ ထိခိုက်လာနိုင်သည်ဟု ၎င်းက ထင်မြင်ချက်ပေးသည်။

“ဒေါ်လာတွေက တကယ်တမ်းပြောရရင် ကုန်နေပြီ။ ကင်းလွတ်ခွင့်မရတဲ့ ကုမ္ပဏီတွေဆိုရင် ဟိုဘက်ကနေပြီး Service Charges (ဝန်ဆောင်မှုစရိတ်) ပဲဖြစ်ဖြစ်၊ ရစရာရှိလို့ ဝင်လာရင်ပဲဖြစ်ဖြစ် ချက်ချင်းကို မြန်မာငွေတန်းပြီး လဲရတာ။ လဲရတော့ ဟိုဘက်က ကုမ္ပဏီတွေကလည်း ဒေါ်လာကို ဒီနိုင်ငံကို အဝင်မခံတော့ဘူး”‌ 

ပြီးခဲ့သည့်လလယ်ပိုင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက်ရှိ ကုမ္ပဏီများကို ဒေါ်လာနှင့် ကျပ်လဲလှယ်ရေးအစီအစဉ်မှ ကင်းလွတ်ခွင့်ပြုကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကြေညာခဲ့သည်။ ယခုလ ၁၃ ရက်တွင် ထိုကြေညာချက်ကို ပယ်ဖျက်ပြန်သည်။

မကြာမီက ရုရှားနိုင်ငံခရီးစဉ်အတွင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ရစဉ်။

နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများနှင့်အတူ အဘက်ဘက်မှ ဖယ်ကြဉ်ခံထားရသည့် စစ်ကောင်စီ၏ ညွှန်ကြားချက်များမှာ ရှေ့နောက်မညီ ဗလောင်းဗလဲဖြစ်လာသည်။ 

အမေရိကန်ဒေါ်လာထိန်းချုပ်ရေးအစီအစဉ်ကို အာဏာသိမ်းစစ်တပ်က ယခုနှစ် ဧပြီလတွင် စတင် တင်းကျပ်ခဲ့ခြင်းဖြစ်သည်။ ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့ရာမှ ရရှိသော ဒေါ်လာကို ၂၄ နာရီအတွင်း မဖြစ်မနေ ကျပ်ငွေပြောင်းရန် ညွှန်ကြားခဲ့သည်။

ထို့ပြင် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားငွေလက်ကျန်စာရင်းစိစစ်ကာ သတ်မှတ်ရာခိုင်နှုန်းအလိုက် ကျပ်ငွေလဲလှယ်ရန်လည်း ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီက တိတ်တဆိတ် ဖိအားပေးခဲ့သည်။

ထိုညွှန်ကြားချက်ကြောင့် ဝေဖန်မှုမြင့်တက်လာသောအခါ ဒေါ်လာနှင့်ကျပ် မဖြစ်မနေလဲလှယ်ရေးအစီအစဉ်မှ ကင်းလွတ်ခွင့်ပြုသော လုပ်ငန်းနှင့် လူပုဂ္ဂိုလ်စာရင်းကို စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ထပ်ဆင့် ထုတ်ပြန်ရပြန်သည်။

MIC ခွင့်ပြုချက်ရလုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများ၊ သံရုံးအသိုင်းအဝိုင်း၊ ကုလသမဂ္ဂနှင့် လက်အောက်ခံဝန်ထမ်း၊ ပြည်ပအကူညီပေးရေးအေဂျင်စီမှ နိုင်ငံခြားသားဝန်ထမ်းများ၊ သံတမန်များနှင့် လေကြောင်းလိုင်းများကို ကင်းလွတ်ခွင့်ပြုသည်ဟု ကြေညာခြင်းဖြစ်သည်။

ကုန်သွယ်ရေးပျက်၊ ကုန်ဈေးနှုန်းတက် 

ကုမ္ပဏီလုပ်ငန်းရှင်များထံမှ ဒေါ်လာဖဲ့ယူရေးအပြင် ပြည်ပမှစီးဝင်သည့် ဒေါ်လာကိုလည်း အာဏာသိမ်းစစ်တပ်က ပစ်မှတ်ထားသည်။ ပြည်ပသို့ ကောက်ပဲသီးနှံများ တင်ပို့ရာတွင် အရောင်းအဝယ်စာချုပ်သည်နှင့်တစ်ပြိုင်နက် ဝယ်သူကို ပိုက်ဆံကြိုလွှဲခိုင်းရန် ညွှန်ကြားချက်အသစ် ထုတ်လိုက်ပြန်သည်။ 

စစ်ကောင်စီလက်အောက်ခံ စီမံဘဏ္ဍာဝန်ကြီးဌာနက ယခုလ ၁၃ ရက်တွင် ထိုသို့ ညွှန်ကြားလိုက်ခြင်းဖြစ် သည်။ ကုန်မပို့မီ ငွေကြိုလွှဲခိုင်းမည့်အရေး ပြည်ပမိတ်ဖက်ကုန်သည်များ သဘောတူလက်ခံမည်မဟုတ်ကြောင်း ကုန်သည်တို့က ဆိုသည်။ 

ထိုသို့သော ညွှန်ကြားချက်ထွက်မလာမီ လွန်ခဲ့သောလများကပင် သွင်းကုန်ထိန်းချုပ်ရေးအကြောင်း အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် မကြာမကြာ ထုတ်ပြောလေ့ရှိသည်။

နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေး ပြည်ပမှ ဝယ်ယူတင်သွင်းခြင်းထက် ပြည်တွင်းထုတ်ကုန်များကို အားပေးရမည်ဖြစ်ကြောင်း စစ်တပ်အကြီးအကဲအနေဖြင့် အာဏာသိမ်းခဲ့သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရောက်လေရာ အရပ်တိုင်း၌ ထုတ်ဖော်ပြောဆိုတတ်သည်။ 

ယခင်အစိုးရနှစ်ဆက်တွင် ကုန်သွယ်မှုလိုငွေ များခဲ့သော်လည်း ၎င်းလက်ထက်၌ ကုန်သွယ်မှုလိုငွေ ထိန်းချုပ်နိုင်ကြောင်းလည်း စစ်ခေါင်းဆောင်က မခြွင်းမချန်ဝင့်ကြွားလေ့ရှိသည်။ 

အာဏာသိမ်းပြီးနောက် နိုင်ငံခြားသုံးငွေ ရှားပါးလာသော စစ်ကောင်စီက ဒေါ်လာထိန်းချုပ်နိုင်ရေး ဇိမ်ခံပစ္စည်းများသာမက မဖြစ်မနေလိုအပ်သော လူသုံးကုန်ပစ္စည်းများကိုပါ ပြည်ပမှဝယ်ယူတင်သွင်းခွင့် ထိန်းချုပ်ခဲ့သည်။ ထို့ကြောင့် သွင်းကုန်လုပ်ငန်းရပ်ဆိုင်းကာ မှောင်ခိုလုပ်ငန်းကြီးထွားလာသည်။

လွန်ခဲ့သည့် မေလအတွင်းက ပို့ကုန်စာရင်းလက်ကျန် အကြောင်းပြကာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို စစ်ကောင်စီက ရန်ရှာခဲ့သည်။ ကုမ္ပဏီ ၁၅၈ ခုနှင့် ဒါရိုက်တာအဖွဲ့ဝင် ၄၀၀ ကျော်ကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းသည်။ လွန်ခဲ့သော သုံးနှစ်ကျော်က ပို့ကုန်စာရင်းအသုံးချကာ အကြောင်းမဲ့အနိုင်ကျင့်ခြင်းပင်။

ကုန်သွယ်ရေးလုပ်ငန်းများအတွက် ဒေါ်လာလိုအပ်သည့်အခါ စစ်ဗိုလ်ချုပ်များ ကြီးစိုးသည့် ဌာနဆိုင်ရာ အဆင့်ဆင့်ကို ဖြတ်သန်းရတော့သည်။

လက်ရှိတွင်လည်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို စစ်ကောင်စီခန့် ဝန်ကြီး ၇ ဦးဖြင့် ဖွဲ့စည်းထားသည်။ ထိုကော်မတီခွင့်ပြုချက်ရမှသာ နိုင်ငံခြားသုံးငွေ တရားဝင်ရရှိနိုင်မည်ဖြစ်သည်။ ထိုကော်မတီ၏ ပင်မရည်ရွယ်ချက်မှာ ဒေါ်လာအထွက်ထိန်းချုပ်ရေးပင်ဖြစ်သည်။ 

သွင်းကုန်ကန့်သတ်ချက်နှင့် ဒေါ်လာအခက်အခဲကြောင့် ကုန်သွယ်ရေးသမားများ ဒုက္ခများလာသည်။ ကုန်စည်စီးဆင်းမှု နှောင့်နှေးလာသည်။ မူဝါဒအပြောင်းအလဲများကြောင့် ခရီးလမ်းကြောင်း အတိုဆုံးဖြစ်သော နယ်စပ်ကုန်သွယ်ရေးသည်ပင် ကမောက်ကမဖြစ်လာသည်။

မြန်မာနိုင်ငံ၏ အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှာ တရုတ်နှင့် ထိုင်းတို့ဖြစ်သည်။ ထိုနယ်စပ်များ၌ ယွမ်နှင့် ဘတ်ငွေအသုံးပြု တိုက်ရိုက်ပေးချေရန် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် မတ်လအတွင်း စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်သည်။

အလုပ်ဖြစ်ပုံမရပေ။ ယခုအခါ တရုတ်၊ ထိုင်းတို့နှင့် နယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ ပြန်သုံးရန် ညွှန်ကြားပြန်သည်။ ဒေါ်လာလုပွဲအတွက် ရပေါက်ရလမ်းဖွင့်ခြင်းလည်း ဖြစ်နိုင်သည်။​

ဒေါ်လာဂယက် နောက်ဆက်တွဲအကျိုးဆက်များကြောင့် ပြည်တွင်း၌ ကုန်ဈေးနှုန်းကြီးမြင့်လာသည်။ အထွေထွေစားသောက်ကုန်များ တရိပ်ရိပ် ဈေးတက်သည်။ နိစ္စဓူဝ မဖြစ်မနေသုံးစွဲနေရသော စက်သုံးဆီလည်း တက်လိုက်ကျလိုက်ဖြစ်နေသည်။

“နိုင်ငံခြားအရန်ငွေ (Reserve Fund) က နည်းလာတဲ့အခါကျတော့ သွင်းကုန်တွေကို Restrict (ကန့်သတ်) လုပ်တာပေါ့။ သွင်းကုန်တွေအကုန်လုံးကို ဖောဖောသီသီသွင်းခွင့်မပေးတော့ဘဲ စိစစ်တာမျိုးတွေ ဖြစ်လာတော့ ကုန်ဈေးနှုန်းတွေ တက်လာမယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ထောက်ပြသည်။

(နိုင်ငံခြားအရန်ငွေဆိုသည်မှာ နိုင်ငံတစ်ခု၏ ငွေရေးကြေးရေးမူဝါဒနှင့်အညီ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ နိုင်ငံရပ်ခြားဒေသတစ်ခုခုတွင် အရန်အနေဖြင့် အပ်နှံထားသည့် ငွေကို ဆိုလိုခြင်းဖြစ် သည်။ အရပ်သားအစိုးရလက်ထက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာ ၁ ဘီလျံကို နိုင်ငံခြားအရန်ငွေအဖြစ် အမေရိကန်ပြည်ထောင်စုတွင် အပ်နှံခဲ့သည်။ စစ်တပ်က အာဏာသိမ်းချိန်တွင် ထိုငွေ များကို အမေရိကန်အစိုးရက ထိန်းချုပ်ခဲ့သည်။)

သွင်းကုန်များ ဈေးတက်လာကြောင်း မန္တလေးမြို့မှ အမည်မဖော်လိုသည့် စားသောက်ကုန်လုပ်ငန်းရှင်ကလည်း ပြောသည်။ ယခုရက်ပိုင်းအတွင်း၌ပင် ၁၀ ရာခိုင်နှုန်း တက်လာသည်ဟု ဆိုသည်။

စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်းများအားလုံး၏ ၉၀ ရာခိုင်နှုန်းကို နိုင်ငံခြားမှ တင်သွင်းနေရပြီး သွင်းကုန်ပစ္စည်းများအားလုံးအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ထိုလုပ်ငန်းရှင်က ဆိုသည်။

“Raw Materials (ကုန်ကြမ်း) တွေအားလုံးက ဒေါ်လာပေါ်မှာ အခြေခံနေတာ။ ဘာအလုပ်မှ လုပ်လို့မရတော့ဘူး။ အရှုံးပဲလေ။ ၁၈၅၀ ကျပ်နဲ့ အသိမ်းခံလိုက်ရတယ်။ နိုင်ငံခြားကပစ္စည်းကို သွင်းရင် ၂,၂၀၀ နဲ့ သွင်းရမယ်။ သွားပြီလေ။ နောက်ပြီး အဲဒီဒေါ်လာကို ပြန်ရောင်းပေးတာ မဟုတ်ဘူး” ဟု မန္တလေးမြို့မှ ထိုနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်က ပြောသည်။

စစ်ကောင်စီလုပ်ရပ်မှာ လောင်နေသည့် မီးပုံထဲကို ဓာတ်ဆီထပ်လောင်းလိုက်သည်နှင့် တူကြောင်းလည်း ၎င်းက ဆိုသည်။ 

ပြည်ပမှ ကုန်ကြမ်းတင်သွင်းမှု ပိတ်ပင်ထားခြင်းကြောင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများရပ်ဆိုင်းမှုများရှိရာ သီလဝါအထူးစီးပွားရေးဇုန်တွင် ကားတပ်ဆင်ထုတ်လုပ်နေသည့် ဆူဇူကီးကားစက်ရုံရပ်ဆိုင်းလိုက်ခြင်းမှာ ထင်ရှားသည့် သာဓကဖြစ်သည်။

မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခြင်းလုပ်ငန်းများကို နိုင်ငံခြားကားကုမ္ပဏီတစ်ဒါစင်နီးပါးက (Semi Knocked-Down SKD) တစ်စိတ်တစ်ပိုင်းတပ်ဆင်ထုတ်စနစ်ဖြင့် အဓိကလည်ပတ်နေပြီး စက်ရုံအားလုံး ပိတ်ထားရသည်ဟု ရန်ကုန်မြို့မှ အမည်မဖော်ပြလိုသည့် မော်တော်ယာဉ်အရောင်းလုပ်ငန်းရှင်က ပြောသည်။

“အကုန်လုံး ရောင်းစရာမရှိတော့ဘူးပေါ့။ ရောင်းစရာမရှိတော့ အရောင်းစင်တာတွေ အကုန်ပိတ်ရမှာပေါ့။ ပိတ်ပြီးတော့ အလုပ်လက်မဲ့တွေ ဖြစ်သွားမှာပေါ့။ စက်ရုံလည်း ဒီအတိုင်းပဲ။ စက်ရုံတွေက မထုတ်တော့ဘူး။ ရပ်ပြီဆိုရင် ဝန်ထမ်းတွေအကုန် အလုပ်လက်မဲ့ဖြစ်ကုန်မှာပေါ့” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းစစ်တပ်က ရသမျှဒေါ်လာသိမ်းနေသော်လည်း မည်သည့်နေရာတွင် သုံးစွဲသည်ကို မသိရပေ။ ယေဘုယျအားဖြင့် စက်သုံးဆီတင်းသွင်းရန် ဒေါ်လာရောင်းချပေးသည်။ သို့သော် ပြည်တွင်းဈေးကွက်တွင် စက်သုံးဆီရှားပါးမှုနှင့် ဈေးနှုန်းကြီးမြင့်မှု အဆက်မပြတ်ဖြစ်ပေါ်နေသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံတစ်ဝန်းက လက်နက်ကိုင် ခုခံတော်လှန်ရေးတိုက်ပွဲများကို နှိမ်နင်းရာတွင် တိုက်လေယာဉ်များသုံးကာ မဖြစ်မနေ ဗုံးကြဲတိုက်ခိုက်နေရသည်။ လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းဖိုး ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျနိုင်သည်ဟု စစ်တပ်ကို စွန့်ခွာကာ အာဏာဖီဆန်ခဲ့သူ လေတပ်အရာရှိတစ်ဦးက ပြောဆိုသည်။

အနီးကပ် ပြည်ပကြွေးမြီအန္တရာယ် 

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းရှိ ကုမ္ပဏီများထံမှ ဒေါ်လာဖဲ့ယူရေး ညွှန်ကြားချက်ထွက်မလာမီ နှစ်ရက်တွင် ဘဏ်များ၊ ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် ပြည်ပချေးငွေများ ပြန်မဆပ်ရန် စစ်ကောင်စီဗဟိုဘဏ်က ညွှန်ကြားခဲ့သည်။

ဒေါ်လာထိန်းချုပ်ရေး၊ ရနိုင်သမျှဒေါ်လာဖဲ့ယူရေး အာဏာသိမ်းစစ်တပ်က နောက်တစ်ဆင့်လှမ်းလိုက်ခြင်းဖြစ်သည်။ အကြွေးမကင်းနိုင်၊ အကြွေးဖြင့်လည်ပတ်ရသော စီးပွားရေးလုပ်ငန်းများကို နိုင်ငံခြားကို ကြွေးမဆပ်ရန် တိုက်ရိုက်ညွှန်ကြားခြင်းဖြစ်သည်။ 

ထိုအစီအစဉ်က ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပြည်ပအကြွေးမှသည် တိုင်းပြည်၏ အပြည်ပြည်ဆိုင်ရာ အကြွေးများအထိ ရောက်မလာနိုင်ဟု ပြောမရပေ။ အာဏာမသိမ်းဟု မမှတ်ယူနိုင်ကြောင်း ထုတ်ပြောခဲ့သည့်အတိုင်း တကယ်လည်း အာဏာသိမ်းခဲ့သော စစ်တပ်ဖြစ်သည်။ 

ပြည်တွင်းရှိ ကုမ္ပဏီများသည် ပြည်ပချေးငွေရယူမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈ ဘီလျံအထိရှိကြောင်း နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်သော Bloomberg က ယခုရက်ပိုင်းအတွင်း ရေးသားသည်။

တစ်နှစ်လျှင် ပြည်ပကြွေးမြီ ဒေါ်လာသန်း ၇၀၀ ဝန်းကျင် ပေးဆပ်နေရပြီး ရေရှည်တွင် ကြွေးမြီခံနိုင်ရည်ရှိမှုအပေါ် သုံးသပ်ရန်လိုကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလ ၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။

နိုင်ငံခြားသုံးငွေ နည်းလာသဖြင့် ထွက်ငွေကို အသည်းအသန်လိုက်ထိန်းချုပ်နေရသော မြန်မာအနေဖြင့် သီရိလင်္ကာနိုင်ငံသွားရာလမ်းကို ဦးတည်နေကြောင်း မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

ပြည်ပကြွေးမြီထူပြောမှုနှင့်အတူ နိုင်ငံခြားသုံးငွေပြတ်တောက်ပြီးနောက် အိန္ဒိယသမုဒ္ဒရာထဲရှိ ကျွန်းနိုင်ငံလေး ဒေဝါလီခံခဲ့ရသည်။ အုတ်အော်သောင်းတင်းဖြစ်စဉ်ကြောင့် သီရိလင်္ကာအစိုးရပြုတ်ကျကာ တစ်တိုင်းတစ်ပြည်လုံး မသေချာမရေရာသည့် အခြေအနေကို ရင်ဆိုင်နေရသည်။ 

ကြွေးမြီကိစ္စကြောင့် တိုင်းပြည်ပြိုလဲရသည့်အဖြစ်ကို ဝေဖန်သူများတွင် ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ်လည်း အပါအဝင်ဖြစ်သည်။ 

“ရပ်ကွက်ထဲမှာတောင် ကြွေးပြန်မဆပ်နိုင်ရင် ပဲပြုတ်သည်ကအစ အဖက်မလုပ်တော့ဘူး။ နိုင်ငံအဆင့်ဆိုရင်တော့ ပြောမနေနဲ့တော့။ ကြွေးတင်ဘုရင်ဆပ်ဆိုတဲ့ စကားရှိပေမဲ့ ဘုရင်လုပ်ချင်စိတ်ပဲရှိပြီး အရည်အချင်းမရှိတဲ့ ခေါင်းဆောင်ကြောင့် ကြွေးမဆပ်နိုင်တဲ့ သီရိလင်္ကာနိုင်ငံအဖြစ်က သင်ခန်းစာယူစရာပဲ” ဟု စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်သူ ဦးရဲထွဋ်က သူ၏ facebook စာမျက်နှာတွင် ရေးထားသည်။

ဒီမိုကရေစီနှင့် ဆန့်ကျင်လျက် အရပ်သားအစိုးရကို ဖြုတ်ချကာ အတင်းအဓမ္မအာဏာလုယူသည့် လုပ်ရပ်ကြောင့် အရေးယူပိတ်ဆို့မှုများနှင့်အတူ အထီးကျန်ဖြစ်မည်ကို နားလည်သိရှိကြောင်း၊ ခံနိုင်ရည်ရှိကြောင်း အာဏာသိမ်းပြီးစတွင် စစ်ဗိုလ်ချုပ်ကြီးများက လေထုံးထွားခဲ့ဖူးသည်။

တကယ်လည်း အနောက်ကမ္ဘာမှ အင်အားကြီးနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကို ခံခဲ့ရသည်။ ရှားရှားပါးပါး ပြည်ပရောက် နိုင်ငံခြားအရန်ငွေသည်ပင် ထိန်းချုပ်ခံခဲ့ရသည်။ အာဏာသိမ်းသည်နှင့်တစ်ပြိုင်နက် အရပ်သားအစိုးရလက်ထက်က အပ်နှံထားသည့် အရန်ငွေ ဒေါ်လာ ၁ ဘီလျံကို ထိန်းချုပ်ကြောင်း အမေရိကန်အစိုးရက ကြေညာခဲ့သည်။ 

မြန်မာနိုင်ငံအနေဖြင့် ဆယ်စုနှစ်တစ်ခုတာ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များ နောက်ပြန်လှည့်နိုင်သည့် ကြီးစွာသော စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်ဟု ကမ္ဘာ့ဘဏ်က ယခုလ ၁၄ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။

အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ အကျပ်အတည်းဆိုက်နေသော နိုင်ငံတွင် မရေရာမှုများ ဆက်လက်မြင့်မားနေပြီး မြန်မာ့စီးပွားရေးအခြေအနေမှာ မခန့်မှန်းနိုင်တော့သည်အထိ ဖြစ်လာကြောင်းလည်း ကမ္ဘာ့ဘဏ်က လွန်ခဲ့သည့်လတွင် ထုတ်ပြန်ထားသည်။ 

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အခြေအနေအရပ်ရပ် ယိမ်းယိုင်လာသော အာဏာသိမ်းစစ်တပ်အဖို့ ဒေါ်လာရပေါက်ရလမ်း ကျဉ်းသထက်ကျဉ်းမြောင်းလာသည်။ ရသမျှ ဖဲ့ယူမည်၊ ထွက်သမျှ ပိတ်ပင်မည် အဓိပ္ပာယ်ရှိ ညွှန်ကြားချက်များဖြင့် အာဏာသိမ်းစစ်တပ်၏ ဒေါ်လာလုပွဲ ဖုံးမရဖိမရဖြစ်လာနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button