သတင်း

ဆဲဗင်းဇူလိုင်အထိမ်းအမှတ်လုပ်၍ အိုးဘိုထောင်မှ နိုင်ကျဉ်းတချို့ တိုက်ပိတ်ခံရ

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်အတွင်း ဇူလိုင် ၆ ရက်က ဆဲဗင်းဇူလိုင်အထိမ်းအမှတ် ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားတချို့ ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်အချို့ထံမှ သိရသည်။ 

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော စစ်တပ်က ကျောင်းသားဆန္ဒပြမှုကို ပစ်ခတ်ဖြိုခွဲခဲ့ပြီး နောက်တစ်နေ့ ရန်ကုန်မြို့ရှိ ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖောက်ခွဲဖျက်ဆီးစဉ် ကျောင်းသားကျောင်းသူများ သေဆုံးခဲ့ရသည်။ ထိုအဖြစ်အပျက်ကို အောက်မေ့သောအားဖြင့် နှစ်စဉ် ဇူလိုင်လ ၇ ရက်ရောက်တိုင်း အထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်ကြခြင်း ဖြစ်သည်။

ယခုနှစ်တွင် အနှစ် ၆၀ ပြည့် ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် အိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသားများက လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားလူငယ်တစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့ ကြားရတဲ့သတင်းကတော့ အခမ်းအနားကို ၆ ရက်နေ့မှာ ကြိုလုပ်တာပေါ့။ ကြိုလုပ်တဲ့အခါ ထောင်ဝန်ထမ်းတွေက သူတို့ကို ရိုက်နှက်နှိပ်စက်တယ်။ အာဟာရ ဖြတ်တောက်တယ်၊ ထမင်းမကျွေးဘူး အဲဒီလိုမျိုး လုပ်ထားတယ်” ဟု ဗကသအဖွဲ့ဝင် ထိုလူငယ်က ဆိုသည်​။ 

အိုးဘိုထောင်အတွင်းရှိ ဗကသကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများက ကဗျာရွတ်ခြင်း၊ အလေးပြုခြင်း၊ တော်လှန်ရေးသီချင်းများ သံပြိုင်ရွတ်ဆိုခဲ့ကြခြင်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော်လည်း ထောင်အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ 

ထိုလှုပ်ရှားမှုကြောင့် တိုက်ပိတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားအရေအတွက်ကိုမူ အတိအကျ မသိရပေ။ 

“ကျွန်တော်တို့ ကျောင်းသားတစ်ဦးကို တိုက်ပိတ်တယ်။ သူ့အိမ်က ထောင်ဝင်စာပို့ရင်းကနေ သိခဲ့ရတာပေါ့။ တခြား ကျွန်တော်တို့ကျောင်းက ရဲဘော်တွေရော၊ အခြားအတော်များများကို ထောင်ဝင်စာတွေလည်း ပိတ်တယ်။ သူတို့မိသားစုတွေက ဆက်သွယ်ပြောလာကြတယ်” ဟု အထက်ပါ ဗကသအဖွဲ့ဝင်ကပင် ပြောသည်။ 

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်ကောင်စီလက်ထက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်များအနက် တစ်ခုအပါအဝင်ဖြစ်သော အိုးဘိုထောင်၌ ထောင်အာဏာပိုင်များနှင့် နိုင်ငံရေးအကျဉ်းသားများမှာ မကြာခဏ ပြဿနာဖြစ်ပွားလေ့ရှိပြီး ထောင်ဝန်ထမ်းများက သေနတ်ပစ်ဖောက်ပြီး ခြိမ်းခြောက်လေ့ရှိကြောင်း နိုင်ကျဉ်းမိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန် ၅ ရက်ကလည်း နိုင်ငံရေးအကျဉ်းသားများထားရှိသည့် အမျိုးသားအဆောင်တွင် ထောင်ဝန်ထမ်းများက သံတုတ်ကိုင်ပြီး ရိုက်နှက်ခဲ့ကြရာ ၂ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက Myanmar Now ကို ပြောထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်က အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည့် မန္တလေးမှ သံဃာငါးပါးထံ ထောင်ဝင်စာပို့ရန် အခက်အခဲဖြစ်နေကြောင်း သံဃသမဂ္ဂဆရာတော်တစ်ပါးက မိန့်သည်။

“ထောင်ကို ဦးဇင်းတို့က ထောင်ဝင်စာသွားပို့ရင် လက်မခံဘူး။ ပို့လို့မရဘူး။ အစစ်အဆေး၊ အမေးအမြန်းတွေ များတယ်။ ဦးဇင်းတို့အတွက်လည်း လုံခြုံရေးက မကောင်းဘူး။ ဒီတော့ သူတို့မိသားစုဝင်တွေက ထောင်ဝင်စာတာဝန်ယူပြီး ပို့ရတယ်။ မိသားစုက ပို့မှပဲ သူတို့ကလည်း လက်ခံတယ်” 

မန္တလေးအိုးဘိုထောင်သို့ အပတ်စဉ် ထောင်ဝင်စာပို့နေ့သည့် အမျိုးသမီးတစ်ဦးကလည်း နိုင်ငံရေးအမှုများ ထောင်ဝင်စာပို့ရခက်ခဲသည်ဟု ကြားသိရကြောင်း ပြောသည်။ 

“လူတွေ့တော့ မရဘူး။ ကျွန်မအမျိုးသားက နိုင်ငံရေးအမှုလည်း မဟုတ်တဲ့အခါကျတော့ ထောင်ဝင်စာပို့ရတာတော့ အဆင်ပြေပါတယ်။ တခြား နိုင်ငံရေးနဲ့ ကျတဲ့အမှုတွေတော့ တော်တော်ခက်ခဲကြတယ်လို့ ကြားတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။

“တချို့ကျလည်း ထောင်ဝင်စာပို့ရတာက အရမ်းစစ်ဆေး ခက်ခဲတော့ ရုံးချိန်းတွေမှာပဲ ရှေ့နေတွေအားကိုးပြီး ရှေ့နေတွေကတစ်ဆင့်ပဲ သတင်းစကားပါးကြတယ်။ စားစရာတွေ ပေးကြရတယ်” 

ယခုအခါ စစ်ကောင်စီက ထောင်အတွင်း တရားရုံးအမှုလိုက်ပါကူညီနေသည့် ရှေ့နေများကိုပါ ပစ်မှတ်ထား ဖမ်းဆီးနေရာ မန္တလေးတွင် ရှေ့နေအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏စာရင်းများအရ ယခုလ ဇူလိုင် ၄ ရက်အထိ ဖမ်းဆီးခံထားရသူစုစုပေါင်း ၁၁,၃၉၃ ဦးရှိပြီး ၁၂၁၂ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button