သတင်း

ကျောင်းအချက်အလက် လုံခြုံရေးတိုးမြှင့်ထားဟု Kaung for You ကြေညာ

Kaung for You Federal Private School ထံ အပ်နှံထားသည့် ကျောင်းသား၊ ကျောင်းသူတို့၏ ကိုယ်ရေးအချက်အလက်များကို အသုံးချကာ ခြိမ်းခြောက်ငွေတောင်းခံမှုများ ပေါ်ပေါက်ပြီးနောက် ထိုဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားရန် လုံခြုံရေးအဆင့် တိုးမြှင့်ထားသည်ဟု အဆိုပါကျောင်းက ဇူလိုင် ၈ ရက်တွင် ကြေညာသည်။ 

ကျောင်းအပ်စဉ်က ဝင်ခွင့်လျှောက်လွှာတွင် ဖြည့်ခဲ့သော အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်၊ အဖအမည် စသည့် အချက်အလက်အတိအကျဖြင့် ကျောင်းသို့လှူဒါန်းမည့်ငွေ ၃ လစာကို ၂၄ နာရီအတွင်း လွှဲပေးရန်နှင့် မလွှဲပေးပါက အချက်အလက်များကို လူမှုကွန်ရက်တွင် ဖြန့်မည်ဟု ကျောင်းသားမိဘများထံ ခြိမ်းခြောက်စာများ ပေးပို့လာခြင်းဖြစ်သည်။ 

ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း ကျောင်းဘက်က တစ်လကျော်သည်အထိ ဖြေရှင်းမပေးခဲ့ဟု ကျောင်းသားများနှင့် မိဘ၊ အုပ်ထိန်းသူများက ဆိုကြသည်။ 

ကျောင်းတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများကို ဖုန်းဆင်းကတ်များ ယာယီဖြုတ်ထားကြရန်၊ Telegram နံပတ်များပြောင်းလဲသုံးစွဲကြရန်သာ ညွှန်ကြားသည်ဟု ထိုကျောင်းတွင် နဝမတန်းတက်ရောက်နေသော စစ်ကိုင်းတိုင်းအတွင်းမှ ကျောင်းသူတစ်ဦးက ပြောသည်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူ ကျောင်းသူကျောင်းသားများ၊​ မိဘများဖြစ်သောကြောင့် ယခုဖြစ်ရပ်အတွက် စိတ်ပူမိသည်ဟု သူက ပြောသည်။

“စိတ်ပူတာပေါ့၊ ကိုယ်တိုင်ကလည်း CDM ဆိုတော့။ ကျောင်းကလည်း တာဝန်ယူမှုမရှိဘူး၊ Telegram Chat ထဲမှာ ဒီကိစ္စမှာ ဝင်မပါကြဖို့၊ ကျောင်းကို မယုံမရှိဖို့ပြောတယ်”ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသော ထိုကျောင်းသူက ပြောသည်။

ခြိမ်းခြောက် စာပို့လာသော ဖုန်းနံပတ်များကို Viber, Telegram စသည့် Application များတွင် ရိုက်ကြည့်သောအခါ ကျောင်းမှ နံပတ်များဖြစ်နေသည်ဟုလည်း သူက ဆက်ပြောသည်။

“ကျောင်းကဆရာမတွေရဲ့ နာမည်နဲ့တွေ့ရတယ်။ ကျောင်းထဲကလူတွေပဲ လုပ်တာလားဆိုတာတော့ မသိဘူး၊ အတွင်းလူက ဖြစ်ရင်တော့ အကုန်လုံးပိုပြီး ဂရုစိုက်ရတော့မှာပေါ့” ဟု ပြောသည်။ 

အဆိုပါကျောင်းသည် အွန်လိုင်းမှ သင်ကြားသော အခမဲ့ သင်ကြားပေးသောကျောင်းဖြစ်သည်။ ကျောင်းတက်နေသူတချို့ ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုများရင်ဆိုင်နေရသော်လည်း စာသင်ကြားမှု ပုံမှန်အတိုင်းရှိနေသည်ဟု သိရသည်။

ခြိမ်းခြောက်မှုများ ရင်ဆိုင်ရသော်လည်း ကျောင်းကို ဆက်တက်နေသည်ဟု ကျောင်းသူကျောင်းသားများက ပြောသည်။

ကျောင်း၏ ဖြေရှင်းချက်တွင်မူ အတွင်းလူမှတစ်ဆင့် သတင်းအချက်အလက်များ ရယူကာ ပူးပေါင်းကြံစည်ခံရခြင်း ဖြစ်နိုင်သည်၊  အဆိုပါဖြစ်ရပ်အတွက် စစ်ဆေးရာတွင် မသမာသူများ၏ KBZ pay account များ၊ ဖုန်းနံပတ်များ၊  မှတ်ပုံတင်များ၊  ကျူးလွန်သူများ၏ ဓာတ်ပုံများနှင့် နေရပ်လိပ်စာများကို အတိအကျ ရရှိထားကာ စုံစမ်းအရေးယူသွားမည်ဟု Kaung for You Federal Private School က ထုတ်ပြန်သည်။ 

အဆိုပါ ကျောင်း၏ ထုတ်ပြန်ချက်တွင် မသမာသူလူတစ်စုက ဇွန် ၂၁ တွင် ထိုကျောင်းမှ ဆရာ၊  ဆရာမဟန်ဆောင်၍ ဖုန်းခေါ်ကာ လိမ်လည်ငွေတောင်းကြောင်း၊ ကျောင်းစဖွင့်သည့် ဇူလိုင် ၁ တွင်လည်း ကျောင်းသားမိဘများထံ ငွေပေးရန်ခြိမ်းခြောက်တောင်းခံကြောင်း တွေ့ရသည်ဟုဆိုသည်။ 

Kaung for You Federal Private School က ယင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး ကျောင်းသားမိဘများကို ရှင်းလင်းစွာ အသိပေးခြင်းမရှိဟု ဆိုကာ ကျောင်းသားအဖွဲ့အစည်းများ၊ စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ဝေဖန်ခဲ့ကြသည်။ 

အခြေခံပညာကျောင်းသားသမဂ္ဂများကွန်ရက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ပြည်သူ့ပညာရေးကျောင်းများအား အသိအမှတ်ပြုမူဝါဒအရ စစ်ဆေးပြီး မကိုက်ညီပါက အသိအမှတ်မပြုရန်၊ နစ်နာသူများအတွက် တာဝန်ယူဖြေရှင်းပေးရန် ဇူလိုင် ၄ တွင် ထုတ်ပြန်ထားသည်။ 

ကွန်ရက်မှ တာဝန်ခံ‌ကျောင်းသားတစ်ဦးကလည်း ထိုဖြစ်ရပ်မှာ အားလုံးအတွက် နစ်နာစရာဖြစ်နေသည်ဟု ပြောသည်။

“ဒီကိစ္စကတော့ စစ်တပ်ဘက်က ဝါဒဖြန့်တာတွေ တင်နေကြတော့ ကျွန်တော်တို့ဘက်က စိုးရိမ်တယ်၊ နောက်တစ်ခုက ကြားကာလ ဖက်ဒရယ်ပညာရေးကျောင်းတွေအပေါ် ပြည်သူလူထုရဲ ယုံကြည်မှု ပျောက်ဆုံးသွားမှာကို စိုးတယ်” ဟု ထိုကျောင်းသားက ပြောသည်။ 

ဇူလိင်လ ၈ ရက်တွင်မူ Kaung for You က တောင်းပန်စာ ထုတ်ပြန်သည်။

“မိဘပြည်သူများအားလုံးနှင့် ကျောင်းသားကျောင်းသူ ကလေးများအားလုံးကို ကျောင်း၏လစ်ဟာအားနည်းမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်” ဟု ထိုစာတွင် ဖော်ပြထားသည်။ 

အခြေခံပညာပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) မှ CDM ကျောင်းဆရာ ကိုနောင်ချိုက ယခုကိစ္စရပ်မှာ အခြားသော ကြားကာလဖက်ဒရယ်ကျောင်းများကိုလည်း သက်ရောက်မှုရှိနေပြီး ကျောင်းသားမိဘများလည်း စိုးရိမ်နေကြသည်ဟု ပြောသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းပေးမည်ဖြစ်၍ စောင့်ဆိုင်းကြရန် NUG က ဆရာသမဂ္ဂများ၊ ကျောင်သားသမဂ္ဂများနှင့် ကြားကာလပညာရေးဖော်ဆောင်နေကြသော တော်လှန်ရေးအစုအဖွဲ့များထံ မေတ္တာရပ်ခံခဲ့သည်ဟု သိရသည်။ 

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ NUG ၏ ပညာရေးဝန်ကြီးဌာနထံသို့ Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆိုထားသည်။

Kaung for You Federal Private School သို့ ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။ 

ပြီးခဲ့သည့် မေလကုန်ပိုင်းက အခြေခံပညာစာသင်ကျောင်းများပြန်ဖွင့်ရန် စစ်ကောင်စီရော NUG ပါ အပြိုင်ကြိုးစားခဲ့ကြသည်။ NUG ၏ ပညာရေးဝန်ကြီးဌာနက ကြားကာလပညာသင်ကြားရေး ကောင်းမွန်စွာလည်ပတ်နိုင်ရန် ပြည်သူ့ပညာရေးကျောင်းများကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။

စစ်ကောင်စီ၏ကျောင်းများတွင် မိမိတို့၏သားသမီးများကို မထားလိုသော ကျောင်းသားမိဘများသည် CDM ဆရာဆရာမများသင်ကြားမည့် ဖက်ဒရယ်ကျောင်းများကို ရွေးချယ်ခဲ့ကြသည်။ 

ထိုကျောင်းများထဲတွင် Kaung for You Federal Private School သည် ကျောင်းသားမိဘများအကြား ရေပန်းစားခဲ့သည်။ ယခုစာသင်နှစ်အတွက် ကျောင်းသား ၃,၀၀၀၀ ခေါ်ယူခဲ့သော်လည်း ဝင်ခွင့်မရခဲ့သည့် ကျောင်းသားအများအပြားရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button