သတင်း

ဒေါ်လာအသုံးကန့်သတ်မှုကြောင့် ကားတပ်ဆင်ထုတ်မှုရပ်ဆိုင်းနေ

စစ်ကောင်စီက အမေရိကန်ဒေါ်လာသုံးစွဲမှု ကန့်သတ်လျှော့ချရန် ပြည်ပမှ ကားနှင့် ပစ္စည်းအစိတ်အပိုင်းတင်သွင်းမှု ပိတ်ပင်ထားခြင်းကြောင့် ကုန်ကြမ်းပြတ်ကာ ကားစက်ရုံများတွင် ထုတ်လုပ်မှုများ ရပ်ဆိုင်းနေသည်။

မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခြင်းလုပ်ငန်များကို နိုင်ငံခြားကားကုမ္ပဏီတစ်ဒါဇနီးပါးက တစ်စိတ်တစ်ပိုင်းတပ်ဆင်ထုတ်စနစ် (Semi Knocked Down – SKD) ဖြင့် အဓိကလည်ပတ်ခဲ့ပြီး စက်ရုံများရပ်ထားခြင်းကြောင့် ဈေးကွက်ထဲတွင် ကားရှားလာသည်ဟု ရန်ကုန်မြို့မှ ကားဖြန့်ဖြူးရောင်းချသူတစ်ဦးက Myanmar Now ကို ပြောသည်။

“အကုန်လုံး ရောင်းစရာမရှိတော့ဘူးပေါ့။ ရောင်းစရာမရှိတော့ အရောင်းစင်တာတွေ အကုန်ပိတ်ရမှာပေါ့။ ပိတ်ပြီးတော့ အလုပ်လက်မဲ့တွေဖြစ်သွားမှာပေါ့။ စက်ရုံလည်း ဒီအတိုင်းပဲ။ စက်ရုံတွေက မထုတ်တော့ဘူး၊ ရပ်ပြီဆိုရင် ဝန်ထမ်းတွေအကုန် အလုပ်လက်မဲ့ဖြစ်ကုန်မှာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် ထိုလုပ်ငန်းရှင်က ဆိုသည်။

လိုအပ်သည့် စက်ပစ္စည်းအစိတ်အပိုင်းများအတွက် သွင်းကုန်လိုင်စင်မရကြသဖြင့် ကားထုတ်လုပ်သည့် SKD စက်ရုံအားလုံး အခက်ကြုံနေသည်ဟု ၎င်းက ဆိုသည်။

ပို့ကုန်ကျဆင်းခြင်း၊ စီးပွားရေးနှေးကွေးခြင်းကြောင့် နိုင်ငံခြား‌ငွေချွေတာရမည်ဆိုသည့် စစ်ကောင်စီက အာဏာသိမ်းပြီး ရှစ်လအကြာ ၂၀၂၁ စက်တင်ဘာ ၁ တွင် ပြည်ပမှ ကားတင်သွင်းခွင့်နှင့် အရောင်းစင်တာအသစ်ဖွင့်ခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ ဒေါ်လာထိန်းချုပ်မှုကြောင့် လုပ်ငန်းရပ်နားလိုက်ရသည့် နိုင်ငံတကာကုမ္ပဏီများတွင် နာမည်ကြီး ဂျပန်ကားကုမ္ပဏီ Suzuki လည်း အပါအဝင်ဖြစ်သည်။

ဒေါ်လာထိန်းချုပ်မှုနှင့်အတူ အပိုပစ္စည်းတင်သွင်းခွင့် အခက်အခဲကြောင့် Suzuki ကုမ္ပဏီက ယခုလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံရှိ ကားတပ်ဆင်ထုတ်လုပ်သည့် စက်ရုံနှစ်ခုကို ရပ်နားလိုက်ကြောင်း Nekkei Asia မဂ္ဂဇင်းက ရေးသားသည်။

မြန်မာနိုင်ငံတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည့် ဂျပန်ကားကုမ္ပဏီ Suzuki သည် ရန်ကုန်ရှိ တောင်ဒဂုံစက်မှုဇုန်နှင့် သီလဝါအထူးစီးပွားရေးဇုန်တို့တွင် စက်ရုံများဖွင့်ကာ လည်ပတ်နေခြင်းဖြစ်သည်။ 

ရန်ကုန်တွင် တပ်ဆင်ထုတ်လုပ်သည့်ကားများအနက် Suzuki အမှတ်တံဆိပ်မှာ ပြည်တွင်းဈေးကွက်တွင် လူကြိုက်များကာ ရောင်းအားကောင်းသည့် အမျိုးအစားတစ်ခုဖြစ်သည်။ 

ကားတင်သွင်းခွင့်ပိတ်ထားခြင်း၊ လိုအပ်သည့်ကုန်ကြမ်းတင်သွင်းမရခြင်းနှင့် ဒေါ်လာဈေးတက်ခြင်းကြောင့် ကားဈေးလည်း မြင့်တက်လာကြောင်း နောက်ထပ်အမည်မဖော်လိုသူ မော်တော်ယာဉ်ရောင်းချသူတစ်ဦးက ဆိုသည်။

“ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတော့ လေလံတွေဘာတွေ ပစ်မယ်အသံထွက်တော့ နည်းနည်းပြန်အေးသွားတယ်။ တစ်ရက်နှစ်ရက်လောက်ပေါ့။ လောလောဆယ် Import (တင်သွင်းခွင့်) မရတဲ့အတွက် ကျွန်တော်ထင်တာတော့ ဈေးက ဆက်ပြီးတော့ တက်နေဦးမှာပေါ့” ဟု ၎င်းက ဆိုသည်။

ပြည်တွင်း၌ လူသုံးများသည့် အင်ဂျင်ပါဝါ ၁၃၀၀ စီစီ ကားများသည် အာဏာသိမ်းပြီးခါစက ကျပ်သိန်း ၁၅၀ ဝန်းကျင် ပေါက်စျေးဖြစ်ခဲ့သည်။ ဈေးတရိပ်ရိပ်မြင့်တက်လာရာ ပေါက်စျေးမှာ သိန်း ၂၇၀ မှ ၂၈၀ အထိ ဖြစ်လာကြောင်း ၎င်းက ဆိုသည်။ 

မြန်မာတွင် Suzuki, Nissan, Ford အပါအဝင် တရုတ်အမှတ်တံဆိပ်ကားကုမ္ပဏီ ၁၀ ခုခန့်က SKD စနစ်ဖြင့် ကားထုတ်လုပ်လျက်ရှိကြောင်း၊ ကားနှင့် စက်ပစ္စည်းကုန်ကြမ်းတင်သွင်းမှုကို စစ်ကောင်စီက ပြန်ဖွင့်ပေးဖွယ်မရှိသေးကြောင်း ကားရောင်းချသူဆို့က ဆိုသည်။

ကုန်ကြမ်းသွင်းပြီး ကားထုတ်လုပ်သူများ၊ သွင်းကုန်သမားများ အခက်တွေ့နေချိန်တွင် စစ်ခေါင်းဆောင်တို့ကမူ ကုန်သွယ်မှုပိုငွေဖြစ်လာခြင်းကို အောင်မြင်မှုတစ်ခုသဖွယ် မကြာခဏ ထုတ်ပြောလေ့ရှိသည်။

မေ ၅ ‌ရက်နေ့ နေပြည်တော်အစည်းအဝေးတစ်ခုတွင်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခေတ်အဆက်ဆက်တွင် ပြည်ပတင်သွင်းမှုကို ဦးစားပေးခဲ့၍ ကုန်သွယ်မှုလိုငွေပြခဲ့ကြောင်း ၎င်းလက်ထက်တွင် ကုန်သွယ်မှုပိုငွေပြသည်မှာ ၉ လရှိပြီဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာသည် စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုကုန်ကြမ်းသွင်းကုန်ကို အိမ်နီးချင်းနှင့် ပြည်ပနိုင်ငံများကို အဓိကမှီခိုနေရပြီး စစ်ကောင်စီကမူ ဒေါ်လာသုံးစွဲမှုချွေတာရန် သွင်းကုန်များလုံးဝပိတ်ပင်ရမည်ဟု တရားသေကိုင်စွဲထားကြောင်း သွင်းကုန်လုပ်ငန်းရှင်များက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button