သတင်း

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် နေအိမ်ပြန်ရောက်သည့် သတင်းမမှန်

နေပြည်တော်အချုပ်ထောင်တွင် အကျဉ်းချထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ စစ်ကောင်စီက ရွှေ့ပြောင်းလိုက်ပြီဟု ထွက်ပေါ်နေသော သတင်းမှာ မှန်ကန်မှုမရှိဟု ရှေ့နေအသိုင်းအဝိုင်းက ပြောသည်။

နိုင်ငံတော်လျှို့ဝှက်အက်ဖြင့် စွပ်စွဲခံထားရသည့် အမှုအတွက် နေပြည်တော်အချုပ်ထောင်၌ ပြုလုပ်မည့် ယနေ့ရုံးချိန်း ရွှေ့ဆိုင်းရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်သို့ ပို့လိုက်ပြီဆိုသော သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဒီနေ့က ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းလာတယ်။ နေပြည်တော်အချုပ်ထောင်မှာပဲ ရှိတယ်။ တရားသူကြီး နေမကောင်းလို့ ရုံးချိန်း (နောက်တစ်ပတ်ရွှေ့) လိုက်တယ်။ ရန်ကုန်အိမ်ကို ပြန်ရောက်တာ မဟုတ်သေးဘူး” ဟု တရားခွင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယနေ့ရုံးချိန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စီးပွားရေးအကြံပေးလုပ်ခဲ့သူ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ် (Sean Turnell) ကို အဓိကတရားခံနေရာထား၍ စစ်ကောင်စီက တရားစွဲထားသည့် အမှုဖြစ်သည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများဖြစ်သည့် ဦးကျော်ဝင်း၊ ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်တို့ကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

စစ်ကောင်စီဘက်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်သို့ ပို့သည့် သတင်းမှာ မမှန်ကြောင်း၊ နေပြည်တော်အချုပ်ထောင်တွင်သာ ရှိနေသည်ဟု အတည်ပြုထားကြောင်း BBC သတင်းဌာနက ရေးထားသည်။

စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်သို့ ပို့ထားသည့် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းကြည် အပူဒဏ်ခံစားနေရသော်လည်း ကျန်းမာရေးကောင်းမွန်သည်ဟု တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း Myanmar Now ကို ပြောထားသည်။

NLD ဥက္ကဋ္ဌကို ပြီးခဲ့သည့် တစ်နှစ်ကျော်က အာဏာသိမ်းပြီးနောက် စစ်တပ်က အမှုပေါင်း ၁၉ မှုအထိ ဖွင့်ထားကာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပြီးဖြစ်သည်။

မူလက နေပြည်တော်ရှိ လျှို့ဝှက်နေရာတစ်ခုတွင် အတူနေ ၇ ဦး၊ အချစ်တော်ခွေးလေး တိုက်ချီဒိုနှင့်အတူ ထိန်းသိမ်းထားရာမှ ဇွန် ၂၂ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်သို့ စစ်ကောင်စီက ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်ဗိုလ်ချုပ်ဟောင်းတချို့နှင့် ပူးပေါင်းတည်ထောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင်လည်း နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ထားရှိကာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ထားခဲ့သည်။ 

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အပြင် ရာနှင့်ချီသော NLD ပါတီဝင်များနှင့် ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထားသည်။

အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်၏ရက်စက်သတ်ဖြတ်မှုများကို မခံနိုင်သောပြည်သူများက တော်လှန်ရေးအင်အားစုများဖွဲ့စည်းကာ လက်နက်ကိုင်၍ စစ်တပ်ကို တွန်းလှန်နေချိန်တွင် ထိုလှုပ်ရှားမှုများ အင်အာချည့်နဲ့သွားစေရန် စစ်ကောင်စီက အကြမ်းမဖက်လှုပ်ရှားမှုမူဝါဒကို ဆုပ်ကိုင်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပြခြင်းဖြင့် ကြိုးပမ်းမည်လားဟု သုံးသပ်မှုများရှိနေသည်။ 

လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည် အတိအလင်းထောက်ခံပါက ၎င်း၏ နိုင်ငံရေးခံယူချက်ကို ၎င်းကိုယ်တိုင်ချေဖျက်မည့်အလားရှိပြီး၊ တစ်ဖက်တွင် ထိုလှုပ်ရှားမှုများကို မထောက်ခံဟု ဆန့်ကျင်မိပါကလည်း စစ်တပ်၏ ရက်စက်သတ်ဖြတ်မှုများကို တွန်းလှန်နေသောပြည်သူများ၏ အထင်အမြင်လွဲသည်ကို ခံရနိုင်သည်သာမက NUG နှင့် တော်လှန်ရေးအင်အားစုများ၏ အခန်းကဏ္ဍကို သေးသိမ်အောင် လုပ်မိသွားနိုင်သည့် အကျပ်အတည်းကို ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသည်။ 

ထိုအကျပ်အတည်းဖြင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအရအခက်တွေ့စေရန် စစ်ကောင်စီက လိုလားဟန်ရှိနေသည်။ ထို့ကြောင့် NUG နှင့် PDF လှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တစ်စုံတစ်ရာမှတ်ချက်ချလိုက သူ၏ ရှေ့နေများမှတစ်ဆင့် ထုတ်ဖော်ပြောကြားနိုင်ကြောင်း စစ်ကောင်စီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်ကမူ သူမအနေဖြင့် “ပြည်သူတို့၏သဘောဆန္ဒကို ဘယ်သောအခါမျှ ဆန့်ကျင်မည်မဟုတ်ကြောင်း ရှေ့နေများမှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button