သတင်း

ခေါင်းဆောင်များ အဖမ်းခံထားရချိန် ပါတီရုံးဖွင့်လိုသူများနှင့် NLD ရင်ဆိုင်နေရ

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီ၏ အဓိကခေါင်းဆောင်များ ဖမ်းဆီးခံထားရချိန်တွင် ပါတီရုံးခန်းများဖွင့်ကာ ပါတီလုပ်ငန်းများ ပုံမှန်လည်ပတ်လိုသည့် ပါတီဝင်အချို့၏ တောင်းဆိုမှုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရင်ဆိုင်နေရသည်။

ပါတီရုံးများနှင့် ပါတီဝင်များကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေချိန်တွင် ပြည်သူ့ဆန္ဒနှင့် သွေဖည်ဆန့်ကျင်ပြီး ရုံးခန်းအဆောက်အအုံများ ဖွင့်လှစ်ရန် ကြိုးပမ်းနေသူများ ရှိနေပြီး၊ ပါတီရုံးများအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာပါက ထိထိရောက်ရောက်အရေးယူသွားမည်ဟု NLD ပါတီက ယမန်နေ့ (ဇူလိုင် ၅) တွင် ထုတ်ပြန်သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဖွဲ့စည်းခဲ့သော ပါတီဗဟိုအလုပ်ကော်မတီ (CWC) ၏ ဆုံးဖြတ်ချက်ဖြင့် ထိုကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရန်ကုန်၊ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောသည်။

ပါတီဝင်များသာမက စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသူများပါ ဖမ်းဆီးခံထားရချိန်တွင် ပါတီရုံးဖွင့်ရန် ကြိုးပမ်းနေသည့် သစ္စာဖောက်တစ်ချို့ရှိနေသည့်အတွက် ထိုသို့ ထုတ်ပြန်ရခြင်းဖြစ်သည်ဟုလည်း သိရသည်။​

“စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ မည်သည့်ပုဂ္ဂိုလ်မဆို စစ်ကောင်စီက ချေမှုန်း၊ ဖမ်းဆီး၊ ညှဉ်းပန်း၊ နှိပ်စက်၊ သတ်ဖြတ်နေတဲ့ ဒီလိုအချိန်မှာ ကျွန်တော်တို့က ရုံးဖွင့်ပြီးတော့ ပါတီစည်းရုံးရေးလုပ်ငန်းစဉ်တွေ လုပ်စရာမလိုပါဘူး” ဟု ဦးထွန်းမြင့်က ပြောသည်။ 

သို့သော် မည်သူက ဦးဆောင်ပြီး ပါတီရုံးဖွင့်လှစ်ရန် ကြိုးပမ်းနေသည်ကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

“ပုဂ္ဂိုလ်ရေးအရတော့ ထုတ်ပြောလို့ မရဘူး။ အင်တာနက်ပြင်ဆင်ချင်တယ်။ ရေလှူချင်တယ်။ ဆိုလာပျက်စီးတာ ပြင်ဆင်ချင်တယ်ဆိုပြီး ရုံးခန်းသော့ကို တောင်းတဲ့ လူတစ်စုရှိတယ်” ဟု ဦးထွန်းမြင့်က ဆက်ပြောသည်။ 

ပါတီရုံးခန်းဖွင့်လိုသူများက အမှုရင်ဆိုင်ရနေသော ဒေါ်အောင်ဆန်းစုကြည်ထံ ရှေ့နေများမှတစ်ဆင့် တင်ပြတောင်းဆိုခဲ့ရာ ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က သဘောမတူကြောင်း တုံ့ပြန်သည်ဟု သိရှိရသည်။​

၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲမှန်းဆချက်များနှင့် လွဲချော်ခဲ့သည့် စစ်တပ်က မဲစာရင်းမှားယွင်းမှုကို အကြောင်းပြကာ အာဏာသိမ်းယူပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးကာ အမှုပေါင်းများစွာဖြင့် တရားစွဲဆိုထားသည်။ 

အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ၂၀၂၁ ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းပေါ်ရှိ NLD ပါတီရုံးချုပ်ကို စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ပါတီနှင့်ဆိုင်သော စာရွက်စာတမ်းများကို ယူဆောင်သွားခဲ့သည်။

အာဏာသိမ်းပြီးရက်ပိုင်းအကြာ ၂၀၂၁ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်ရှေ့ကို စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့ ပိတ်ဆို့ခဲ့စဉ်။ (ဓာတ်ပုံ​ – Myanmar Now)

ထို့နောက် စစ်တပ်၏ အထင်ကရ အထိမ်းအမှတ်နေ့ဖြစ်သော တပ်မတော်နေ့မတိုင်မီ မတ် ၂၆ နံနက် ၄ နာရီခန့်တွင် ပါတီရုံးချုပ်ကို အမည်မသိ လူတစ်စုက မီးကွင်းပစ် မီးရှို့ခဲ့ရာ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ရသည်။ 

ထို့ပြင် ဇွန် ၁၆ ရက် ညပိုင်းကလည်း ပါတီရုံးချုပ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းလည်း ရှိခဲ့သည်။ 

ရန်ကုန်ရှိ ပါတီရုံးချုပ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါတီရုံးများ ဖျက်ဆီးခံရမှုပေါင်း ၁၀၆ ကြိမ်ရှိပြီး အများစုမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသာ သွားလာခွင့်ရှိသည့် အချိန်တွင် ဖျက်ဆီးခံရခြင်းဖြစ်သည်ဟု NLD ပါတီက ထုတ်ပြန်ထားသည်။ 

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦး အပါအဝင် ပါတီဝင် ၂၂၄ ဦးတို့၏ နေအိမ်များနှင့် ပိုင်ဆိုင်မှုများကိုလည်း စစ်တပ်က ဝရမ်းကပ်၊ ချိပ်ပိတ်၊ သိမ်းဆည်းခံထားရသည်ဟု NLD ပါတီထံမှ သိရသည်။ 

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အမှု ၁၉ မှုဖြင့် တရားစွဲဆိုခံထားရပြီး ထောင်ဒဏ် ၁၁ နှစ်ချမှတ် ခံထားရပြီး ဇွန် ၂၃မှစ၍ နေပြည်တော်အချုပ်ထောင်တွင် အကျဉ်းကျခံနေရသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင်လာရောက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုသော်လည်း စစ်ကောင်စီဘက်က ပယ်ချကြောင်း အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံမည်ဟု သတင်းထွက်ပေါ်ခဲ့သည် သမ္မတကတော်ဟောင်း ဒေါ်စုစုလွင်ကလည်း ကျမ်းမာရေးအကြောင်းပြ တွေ့ဆုံခြင်းမရှိခဲ့သလို ဒေါ်အောင်ဆန်းကြည်မှလွဲ၍ ပါတီကိုယ်စားပြုသူမရှိကြောင်း NLD ပါတီဘက်က ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button