သတင်း

မန္တလေး ပြောက်ကျားခေါင်းဆောင်တစ်ဦးနှင့်ဆက်စပ်၍ အဖွဲ့ဝင် ၃ ဦး အဖမ်းခံရ

မန္တလေးမြို့မှ မြို့ပြပြောက်ကျားအဖွဲ့ခေါင်းဆောင်တစ်ဦး အဖမ်းခံရပြီးနောက် ပြောက်ကျားအဖွဲ့ဝင် သုံးဦးထပ်အဖမ်းခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ထံမှ သိရသည်။

မန္တလေးအခြေစိုက် Dragon Warrior ဆိုသော အဖွဲ့ခေါင်းဆောင်ဖြစ်သူ အသက်၂၇ နှစ်အရွယ် ဗိုလ်နဂါးလေး (ခ) ကိုရှိုင်းထက်အောင်မှာ ဇွန် ၂၇ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိစဉ် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရကြောာင်း၊ ထိုမှတဆင့် ပြောက်ကျားတပ်ဖွဲ့ဝင် သုံးဦး ထပ်အဖမ်းခံရခြင်းဖြစ်သည်။

၎င်းတို့၏ တပ်ခွဲမှူးတစ်ဦးလည်းဖြစ်သော ဗိုလ်နဂါးလေးကို ဓားစာခံလုပ်ကာ စစ်ကောင်စီက ထိုသို့ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ခေါင်းဆောင် ဗိုလ်နက္ခတ်က Myanmar Now ကို ပြောသည်။

“ယောဘက်၊ ဆောဘက်ကို ပစ္စည်းလမ်းကြောင်းအတွက် သွားတာဗျ။ မုံရွာဘက်မှာ ဖမ်းခံရတယ်။ ကိုယ့် အဝန်းအဝိုင်းမဟုတ်တဲ့ဘက်ကနေ အချိတ်အဆက်သွားလုပ်မိတယ်နဲ့ တူပါတယ်” ဟု ဗိုလ်နက္ခတ်က ဆိုသည်။

ဗိုလ်နဂါးလေးကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီက Dragon Warrior အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို ဆက်လက်သုံးစွဲနေရာ အချိတ်အဆက်ရှိသူများ သတိထားရန် MPDF က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ဗိုလ်နဂါးလေးသည် အဖမ်းခံရပြီးနောက် မန္တလေးနန်းတွင်း စစ်ကြောရေးစခန်းသို့ ရောက်ရှိနေပြီး အသက်အန္တရာယ်ထိခိုက်မည်ကို မန္တလေးအခြေစိုက် တော်လှန်ရေးအင်အားစုများက စိုးရိမ်နေကြသည်။

ဇွန် ၂၅ ရက်ကလည်း မန္တလေးအခြေစိုက် ပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော Yadanarbon Revolutionary Force (YRF) ၏ တပ်မှူးနှင့် ဗဟိုကော်မတီဝင်ဖြစ်သူ စွမ်းထက်အောင်သည် မန္တလေးမြို့တွင်း၌ စစ်တပ်က လိုက်လံဖမ်းဆီးစဉ် ဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးခဲ့သည်။

မန္တလေးတွင် တော်လှန်ရေးအဖွဲ့များက ဆက်တိုက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် ဇွန်လအတွင်း အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီနှင့် ဆက်စပ်သူ ၄ ဦး သတ်ဖြတ်ခံရကာ ဒဏ်ရာရသူများလည်း ရှိခဲ့သည်။ ဗုံးခွဲတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီကလည်း မန္တလေးမြို့တွင်းရပ်ကွက်များကို ပိတ်ဆို့ကာ တစ်အိမ်တက်ဆင်း ရှာဖွေစစ်ဆေးခြင်း၊ လမ်းသွားလမ်းသွားများကို ဖမ်းဆီးစစ်ဆေးခြင်းများ ရှိခဲ့သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button