သတင်း

ယင်းမာပင် PDF တပ်ရင်းမှူး ဗိုလ်ဂဠုန် လုပ်ကြံခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းမှူး ဗိုလ်ဂဠုန် (ခ) ကိုညွန့်ဝင်းသည် အမည်မသိ သေနတ်သမား ၂ ဦး၏ လုပ်ကြံမှုကြောင့် ဇွန် ၂၇ ညပိုင်းတွင် သေဆုံးခဲ့ကြောင်း ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ထံမှ သိရသည်။ 

ယင်းမာပင်-ကနီ နယ်စပ်ရှိ ကျောက်မှော်ကျေးရွာမှ ချင်းပုန်းရွာတပ်စခန်းသို့ ဧည့်သည်နှစ်ဦးကို ခေါ်ဆောင်လာခဲ့ပြီးနောက် အပြန်နေအိမ်ရှေ့တွင် သေနတ်ဖြင့် ၈ ချက် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း YPDF ခေါင်းဆောင် ဗိုလ်သံမဏိက ပြောသည်။ 

“သူနေတဲ့ ချင်းပုန်းရွာမှာပဲဖြစ်တာ။ ဧည့်သည် ၂ ယောက်ကို ခေါ်လာပြီး စခန်းမှာ ထမင်းကျွေးဖို့ အပ်ခဲ့တယ်။ အိမ်မရောက်ခင်ကို အဲဒီ ၂ ယောက်(လုပ်ကြံသူ)က အိမ်ကို ကြိုသိနေတယ်ထင်ပါတယ်။ အိမ်ပေါက်ဝကနေ စောင့်ပြီးတော့ သေနတ် ၈ ချက်ပစ်ပြီး လုပ်ကြံသွားတာလို့ သိရတယ်” ဟု ၎င်းက ပြောသည်။ 

ထိုလုပ်ကြံမှုမှာ ကြိုတင်ကြံစည်ထားသည့် လုပ်ကြံမှုဖြစ်ပြီး စခန်းအဝင်အထွက် စစ်ဆေးမှု အားနည်းချက်ကြောင့် ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းက လုပ်ကြံခဲ့သည်ကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဗိုလ်သံမဏိက ဆက်ပြောသည်။ 

“စစ်ခွေးဘက်က လုပ်ကြံတယ်လို့ ယူဆရတယ်လို့ တစ်ပိုင်းလည်းရှိတယ်။ ဒလန်(စစ်ကောင်စီ သတင်းပေး) ဘက်က မကျေနပ်တဲ့ တစ်ပိုင်းလည်း ရှိနိုင်တယ်။ ဘယ်အပိုင်းက ပိုပြီးတော့ တိကျမလဲ ဖြစ်နိုင်မလဲ ဆိုတာကို စုံစမ်းပြီးတော့ ဖော်ထုတ်ရမယ်”  ဟု ၎င်းက ဆိုသည်။

ယင်းမာပင် PDF အဖွဲ့၏ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ်ဂဠုန်သည် မတ် ၂ တွင် ဖြစ်ပွားခဲ့သည့် ချင်းပုန်းရွာသား ညီအစ်ကို ၅ ဦး သတ်ဖြတ်ခံရမှုဖြင့် စွပ်စွဲခံထားရသူလည်းဖြစ်သည်။ ၎င်း၏ နာရေးကို ဇွန် ၂၈ ရက်တွင် ချင်းပုန်းရွာသုသာန်၌ သင်္ဂြိုဟ်ပြီးဖြစ်သည်။

ဗိုလ်ဂဠုန် (ခ) ကိုညွန့်ဝင်းသည် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ယင်းမာပင်ခရိုင်၊ ချင်းပုန်းရွာတွင် အိမ်ထောင်ကျပြီး လာရောက် အခြေချနေထိုင်ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

သစ်လုပ်ငန်းလုပ်ကိုင်သူ ဗိုလ်ဂဠုန် (ခ) ကိုညွန့်ဝင်းသည် စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုရာမှ လက်နက်ကိုင်တော်လှန်ရေးသို့ ကူးပြောင်းခဲ့ချိန်တွင်လည်း တက်ကြွစွာပါဝင်ခဲ့သူဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ 

ဖေဖော်ဝါရီ ၂၆ က ချင်းပုန်းရွာတွင်ပြုလုပ်သည့် ယင်းမာပင် PDF သင်တန်းဆင်းပွဲပြုလုပ်စဉ် စစ်တပ်က ရဟတ်ယာဉ်ဖြင့် စီးနင်းတိုက်ခိုက်ပြီးနောက် ညီအစ်ကို ၅ ဦးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ထိုသတ်ဖြတ်မှုမှာ ၎င်းနှင့် မသက်ဆိုင်ကြောင်း ဗိုလ်ဂဠုန်က ငြင်းဆိုထားသည်။ 

ချင်းပုန်းရွာ သတ်ဖြတ်မှုနှင့် ပတ်သတ်ပြီး NUG ထံ တိုင်ကြားထားသည့် အကြောင်းကြားမှုများ မရရှိသေးသလို ၎င်းတို့ ယင်းမာပင် PDF ကို တိုင်ကြားထားသည်များကိုလည်း NUG က နောက်ဆုံးအဆင့်ထိ စုံစမ်းစစ်ဆေးပြီးဖြစ်၍ ကြေညာချက်ထုတ်ပေးရန်လည်း တောင်းဆိုထားကြောင်း ဗိုလ်သံမဏိက ဆက်ပြောသည်။ 

“ဗိုလ်ဂဠုန်နဲ့ပတ်သတ်ပြီးတော့ သီးသန့်တိုင်ကြားထားတာမျိုးတော့မရှိပါဘူး။ ချင်းပုန်းရွာနဲ့ ပတ်သတ်ပြီးတော့ တိုင်ထားတာတော့ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ NUG ဘက်ကတော့ အကြောင်းကြားထားတာမျိုးတော့ ဘာမှ မကြားမိဘူး” ဟု ၎င်းက ဆက်ပြောသည်။ 

ယင်းမာပင် PDF အဖွဲ့မှာ တော်လှန်ရေးရဲဘော်များအပါအဝင် ရွာသူရွာသား ၂၁ ဦး သတ်ဖြတ်ခံရမှု နှင့်ပတ်သတ်ပြီး စွပ်စွဲခံထားရသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိုဖြစ်ရပ်နှင့်ပတ်သတ်ပြီး NUG က စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပြီး စစ်ဆေးနေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button