အသက်ရှင်လျှက်ရှိသည့်ဓာတ်ပုံ(သို့မဟုတ်) ရုပ်သံအထောက်အထား ပြသရန် Myanmar Now က တောင်းဆိုခဲ့ရာ ရက်ပိုင်းအတွင်း အကြောင်းပြန်မည်ဟု TNLA ပြန်ကြားရေးတာဝန်ခံက ကတိပြုခဲ့သည်။
(ရန်ကုန်) - တစ်လကျော်ကြာဖမ်းဆီးထားသည့် ရှမ်းအမျိုးသမီးအား #TNLA ဗဟိုတရားရုံးတွင် နှစ်ကြိမ်အထိ ရုံးထုတ်ပြီးသော်လည်း ပြန်လွှတ်ပေးမည့်ရက်ကို အတိအကျမပြောနိုင်ဟု တအာင်း/ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“မကြာခင် စီရင်ချက်ချမယ်လို့ သိရတယ်။ အတိအကျကိုတော့ ကျွန်တော်တို့ဘက်က ပြောလို့မရပါဘူး” ဟု TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော် က ယနေ့ (စက်တင်ဘာ၂၈) တွင် ပြောသည်။

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်တွင် ကုန်မာဆိုင်ရှင် #နန်းမိုဟွမ် သည် TNLA က “အခွန်” ဟု သတ်မှတ်သည့် ဆက်ကြေးကောက်ခံမှုကို အစိုးရထံ တိုင်ကြားခဲ့ခြင်းကြောင့် ဩဂုတ်လ ၁၇ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
အသက် ၃၇ နှစ်အရွယ် ကလေးသုံးယောက်မိခင် နန်းမိုဟွမ်အား TNLA ၏ “ရာဇသတ်ကြီး” ဥပဒေပုဒ်မ ၃၃၃ အရ ဗဟိုတရားရုံး၌ အမှုကို လက်ခံစစ် ဆေးနေကြောင်း PSLF/TNLA က စက်တင်ဘာ၃ ရက်နေ့ ကတည်းက ထုတ်ပြန်ထားသည်။ ၎င်းတို့ ရည်ညွှန်းသည့် ရာဇသတ်ကြီးပုဒ်မ ၃၃၃ တွင် မည်သို့ပြဋ္ဌာန်းထားကြောင်း မသိရပေ။


သို့သော်ဖမ်းဆီးခံ ရှမ်းအမျိုးသမီးရင်ဆိုင်နေရသည့် TNLA တရားရုံးတည်နေရာနှင့် တရားစီရင်ရေးအခြေအနေ အသေးစိတ်ကိုဖြေကြားရန် TNLA ပြန်ကြားရေး တာဝန်ခံက ငြင်းဆန်သည်။
TNLA သည် နန်းမိုဟွမ်အား သတ်ဖြတ်ပစ်လိုက်သည်ဆိုသည့် စွပ်စွဲချက်များကိုတော့ TNLA က ငြင်းဆန်ပြီး ကျန်းကျန်းမာမာ ရှိနေသည်ဟု ဆိုသည်။ အသက်ရှင်လျက်ရှိသည့်ဓာတ်ပုံ(သို့မဟုတ်) ရုပ်သံအထောက်အထား ပြသရန် Myanmar Now ကတောင်းဆိုခဲ့ရာ ရက်ပိုင်းအတွင်း အကြောင်းပြန်မည်ဟု TNLA ပြန်ကြားရေးတာဝန်ခံက ကတိပြုခဲ့သည်။


TNLA အနေဖြင့် အမှန်တကယ် ဖမ်းလိုသည်မှာ နန်းမိုဟွမ်၏အမျိုးသား စိုင်းစောရွှေဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် နန်းမိုဟွမ် ဖမ်းဆီးခံရစဉ်ကတည်းက သူ၏အမျိုးသားလည်း နေအိမ်မှ တိမ်းရှောင်နေရသည် ဟု နန်းမိုးဟွမ်၏အစ်မ နန်းမိုခမ်းက Myanmar Now ကို ပြောသည်။
“ဖမ်းခံရပြီးကတည်းက အခုချိန်ထိ အဆက်သွယ်လည်းမရတော့ သူတို့ (TNLA) က အသက်ရှင်တယ် ပြောပေမယ့် ကိုယ်တိုင်မှ မမြင်ရတာ၊ မယုံဘူး။ အသက်ရှိရင် အမြန်ဆုံးသာ ပြန်လွှတ်ပေးပါ” ဟု ၎င်းက ဆိုသည်။
နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များက စက်တင်ဘာလ ၇ ရက်တွင် နမ့်ခမ်းမြို့လယ် ဘုရားကျောင်းရှေ့တွင် ဆန္ဒပြခြင်း၊ သမ္မတနှင့်တကွ အစိုးရအရာရှိများထံ တိုင်ကြားခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) က ရှမ်းအမျိုးသမီးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် စက်တင်ဘာ ၁ဝရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် နမ့်ခမ်းဒေသခံ ထောင်ပေါင်းများစွာကလည်း ဖမ်းဆီးခံရခြင်း တစ်လပြည့်မြောက်သည့် စက်တင်ဘာ ၁၇ ရက်တွင် “နန်မိုဟွမ် ကို အမြန်ဆုံး ပြန်လွှတ်ပေးရန်” မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












