သတင်း

ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌနှင့် အခြားသူ ၂ ဦး ပစ်ခတ်ဖမ်းဆီးရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဇွန် ၂၂ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ အပါအဝင် သုံးဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒေသဆိုင်ရာ တာဝန်ရှိသူထံမှ သိရသည်။

အသက် ၅၀ ကျော်အရွယ် မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးကျော်မျိုးမင်းနှင့် အခြားသူများကို ဘီးလင်းမြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာရှိ ဒေါ့ဇံကြီးကျေးရွာအုပ်စု၊ ပေါ်ခီးနှင့် လယ်ကတဲ (ကကတဲ့) ရွာကြားတွင် ပစ်ခတ်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က Myanmar Now ကို ယနေ့ ပြောသည်။

ဘီးလင်းမြို့နယ်မှာ KNU တပ်မဟာ (၁) ထိန်းချုပ်ရာ သထုံခရိုင်အတွင်း ပါဝင်သည်။

“အဖမ်းခံရတာတော့ ဟုတ်တယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အခု သူတို့တပ်ရဲ့လက်ထဲမှာပဲ ရှိနေသေးလားဆိုတာ ဘယ်လိုမှ စုံစမ်းလို့မရဘူး ဖြစ်နေတယ်” ဟု ပဒိုစောအေးနိုင်က ဆိုသည်။

ဦးကျော်မျိုးမင်းနှင့်အတူ ဖမ်းဆီးခံရသူများမှာ NLD ရပ်ကျေးပါတီဝင်နှစ်ဦးဖြစ်သော ဦးကိုကိုမောင်နှင့်  ဦးပန်းမြင့်တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့လေးဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် လယ်ကတဲရွာဘက်သို့ အသွားတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တိုးပြီး ပစ်ခတ်ခံရစဉ် အတူပါလာသည့် ရွာသားတစ်ဦး သေဆုံးသည်ဟု ပဒိုစောအေးနိုင်ထံမှ သိရသည်။ 

ဦးကျော်မျိုးမင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြုကာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဘီးလင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူဖြစ်သည်။

အာဏာသိမ်းပြီးနောက် ဦးကျော်မျိုးမင်းကို စစ်ကောင်စီက ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (က) အပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့်ပါ ဖမ်းဝရမ်းထုတ်ခဲ့သဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button