သတင်း

စစ်ကောင်စီတပ်၏ တွံတေးမြို့ဓားစာခံများထဲတွင် ၆ နှစ်အောက် ၂ ဦး ပါဝင်ခဲ့

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် စစ်ကောင်စီတပ်က PDF ထောက်ပံ့ကူညီသည်ဟု ၎င်းတို့သံသယရှိသော အသက် ၃၀ အရွယ် မချိုဇင်ကို မတွေ့သေးသဖြင့် မိသားစုဝင် ၈ ဦးကို ဇွန် ၁၈ တွင် ဖမ်းဆီးခဲ့သည်။

အသက် တစ်နှစ်ကျော်နှင့် ခြောက်နှစ်အရွယ် ကလေးနှစ်ဦးကို ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သော်လည်း မိသားစုဝင် ၆ ဦး ဆက်အဖမ်းခံထားရသည်။ အဖမ်းခံထားရသူများထဲတွင် သူ၏ မိခင်၊ ညီမ၊ မောင်၊ ဦးလေးတို့ ပါဝင်သည်။

မောင်ဖြစ်သူမှာ တွံ့တေးအနီးရှိ ကော့မှူးမြို့နယ်အတွင်း ထိန်းသိမ်းခံနေရကြောင်း မချိုဇင်က Myanmar Now ကို ယနေ့ (ဇွန် ၂၀) တွင် ပြောသည်။

“မောင်လေးကတော့ ကော့မှူးစစ်ကြောရေးမှာ။ သူ့ကောင်မလေးကို (ဖုန်း) ဆက်ပြီး မေးကြည့်တာက လူလာလဲရင် ရမယ်တဲ့။ ကျွန်မနဲ့ လာလဲရင် အကုန်ထုတ်ပေးမယ်တဲ့။ ကျွန်မ မသွားဘူး၊ သွားလည်း သူတို့က အကုန်လုံးကို ဖမ်းတာပဲလေ။ ကျွန်မ သွားရင် ကျွန်မ သေမှာပဲ” ဟု မချိုဇင်က ဆိုသည်။

မချိုဇင်သည် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံခဲ့ရပြီး ၃ လအကြာ ယမန်နှစ် အောက်တိုဘာအတွင်း လွတ်ငြိမ်းသာခွင့် ထုတ်ပြန်စဉ် ခြွင်းချက်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။   

တွံတေးတော်ဝင်ဒေသကာကွယ်ရေးတပ်ဖွဲ့ (Twantay Royal Defence Force- TRDF) ၏ ခေါင်းဆောင်နှစ်ဦးကို ဇွန်လ ဒုတိယပတ်အတွင်း ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်က ထိုဒေသအတွင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေသည်။ 

ပြီးခဲ့သည့် ဇွန် ၁၂ နှင့် ၁၃ တွင် TRDF ခေါင်းဆောင်နှစ်ဦးကို ရန်ကုန်မြို့ မြေနီကုန်းနှင့် တွံတေးမြို့တို့၌ စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့ပြီး တွံတေးမြို့နယ် လူနေရပ်ကွက်များကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းရာ အရပ်သား ၁၂ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း TRDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။  

လတ်တလောတွင် ခေါင်းဆောင် ၂ ဦးအပါအဝင် ၄ ဦး အဖမ်းခံထားရကြောင်း၊ အဖွဲ့ဝင်များနှင့် ကျန်ခေါင်းဆောင်များပါ ထွက်ပြေးနေရကြောင်း၊ ဒေသခံများလည်း နှိပ်စက်ခံရကြောင်း ၎င်းက ဆက်ပြောပြသည်။

“သူ (ဖမ်းဆီးခံရသည့်ခေါင်းဆောင်) နေခဲ့တဲ့နေရာတွေ လိုက်ပြခိုင်းတယ် လက်ထိတ်ခတ်ပြီးတော့။ သူနေခဲ့တဲ့နေရာတွေမှာ တချို့လူတွေ အရိုက်ခံရတာတွေရှိတယ်။ အဲဒီနေရာကလူတွေ ပြန်ပြောပြတာခင်ဗျ” ဟု ဆိုသည်။

စစ်ကောင်စီက ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ရန်ကုန်မှ ၁၉ မိုင်ခန့် ကွာဝေးသော တွံတေးမြို့နယ်တွင် ယမန်နှစ် မတ် ၁၃ က လှိုင်သာယာမြို့နယ်ဘက်မှ ရောက်ရှိလာသည့် တပ်မ ၇၇ မှ စစ်ကား ၁၅ စီးခန့်က တွံတေးမြို့အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသူများကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ သေဆုံးသူ ၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၃ ဦးထက်မနည်း ရှိခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button