Eleven တရားစွဲခံရမှုကြောင့် ပါတီပုံရိပ် ထိခိုက်မည်ကို NLD မှ ထင်ရှားသူတချို့ စိုးရိမ်

ဆောင်းပါးတစ်ပုဒ်အတွက် Eleven ကို ရန်ကုန်တိုင်းအစိုးရတရားစွဲသည့် ဆုံးဖြတ်ချက်သည် ပါတီ၏ သဘောထားနှင့် လုံးဝမပတ်သက်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည် (သတင်း အစ အဆုံး)

Published on Oct 11, 2018
၂ဝ၁၅ ရွေးကောက်ပွဲ အကြိုကာလက တွေ့ရသော NLD ပါတီကို ထောက်ခံသူများ (ဓာတ်ပုံ - Myanmar Now)
၂ဝ၁၅ ရွေးကောက်ပွဲ အကြိုကာလက တွေ့ရသော NLD ပါတီကို ထောက်ခံသူများ (ဓာတ်ပုံ - Myanmar Now)

(ရန်ကုန်) — နိုင်ငံတော် အကြည်ညိုပျက်စေမှုဟု လူသိများသည့် ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက Eleven သတင်းဌာနကို တရားစွဲခဲ့ခြင်းကြောင့် ပါတီ ပုံရိပ် ထိခိုက်မည်ကို NLD ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် လူသိများသည့်လွှတ်တော်အမတ်တချို့က စိုးရိမ်နေကြသည်။

ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က ဦးဖြိုးမင်းသိန်းနှင့် သူ့ဝန်ကြီးများ၏ ဆုံးဖြတ်ချက်သည် ပါတီ၏ သဘောထားနှင့် လုံးဝ မပတ်သက်ဟု Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့က အရင်ကတည်းက ပြောပြီးသား၊ မီဒီယာနဲ့ ကျွန်တော်တို့က နှစ်ဖက်လုံး အကျိုးရှိတဲ့ ဆက်ဆံရေးမျိုးကို လိုလားပါတယ်။ အနီးစပ်ဆုံး ပြောရရင် ကျွန်တော့်အပေါ်မှာ တောင် မမှန်မကန် ရေးသားခဲ့ရင်တောင် ကျွန်တော်က လုံးဝ တုံ့ပြန်မှု မလုပ်ခဲ့ပါဘူး” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ရန်ကုန်တိုင်းအစိုးရက Eleven ဂျာနယ်တွင် ပါရှိသော ဆောင်းပါးတစ်ပုဒ်ကြောင့် အယ်ဒီတာချုပ် ကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ နရီမင်း၊ သတင်းထောက်ချုပ် ဖြိုးဝေတို့ကို တရားစွဲထားသည်။

တရားစွဲခြင်းနှင့် ပတ်သက်ပြီး Myanmar Now က NLD လွှတ်တော်အမတ် ၂ဝခန့်ကို ယနေ့ သဘောထားတောင်းခံရာ ၎င်းတို့ထဲမှထက်ဝက်က တရားစွဲဆိုမှုကို ကန့်ကွက်ခဲ့ပြီး ကျန်ထက်ဝက်က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

NLD ထိပ်ပိုင်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့် ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က လတ်တလော ထိပ်တိုက် တွေ့ဆုံမှုကြောင့် စိတ်မသက်မသာဖြစ်ရသည်ဟု ဆိုသည်။ သတင်းဌာနများနှင့် NLD အစိုးရအကြား ဆက်ဆံရေးတွင် မကောင်းသည့် အလားအလာဖြစ်သည်ဟုလည်း သူက ယူဆသည်။

Eleven ရေးသားမှုများကို မကျေနပ်လျှင် စာနယ်ဇင်းကောင်စီမှတစ်ဆင့် ပြဿနာကို ဖြေရှင်းနိုင်သော်လည်း သတင်းထောက်များအား အာမခံ မရသည့် ပုဒ်မဖြင့် အင်းစိန်ထောင်တွင်း ဖမ်းထားခြင်းမှာ ယခင်အစိုးရများကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြည်သူများ ယူဆမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။

“အားလုံးက သဘောထားကြီးရမယ်။ တချို့ကိစ္စတွေကို နားလည်ပေးရမယ်။ သည်းခံပေးရမယ်။ အခုက အဲ့ဒီထက် ကျော်လွန်သွားတော့ ဝမ်းနည်းစရာကောင်းတာပေါ့” ဟု သူက ဆိုသည်။

တိုင်းအစိုးရ သတင်းထုတ်ပြန်ချက်

မြို့သစ်စီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ တည်ထောင်ထားသည့် အများပိုင်ကုမ္ပဏီတွင် တိုင်းစီမံ/ဘဏ္ဍာဝန်ကြီးက ဝန်ကြီးရာထူးဖြင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်အနေဖြင့် ရှယ်ယာ သိန်းနှင့်ချီ ပိုင်ဆိုင်ထားကြောင်း ရေးသားခဲ့သောကြောင့် Eleven ကို တရားစွဲရသည်ဟု ရန်ကုန်တိုင်းအစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအကြောင်းအရာကို Eleven က ပထမဆုံး ပြောကြားခြင်း မဟုတ်ဘဲ ဂျာနယ်တွင် မရေးသားခင် ရက်အနည်းငယ် အကြာကတည်းက အဆိုပါအကြောင်းကို ရန်ကုန်အမတ်များက လွှတ်တော်ထဲတွင် အပြင်းအထန် ဝေဖန်ခဲ့ကြသည်။

“ဆောင်းပါးကြောင့် ပြောလို့ Eleven က ရေးတဲ့ဆောင်းပါးကို ဖတ်ကြည့်ပြီးသွားပြီ။ ဆောင်းပါးထဲက အချက်အလက် တော်တော် များများက ကိုယ်စားလှယ်တွေ ပြန်ဆွေးနွေးတဲ့အပေါ်မှာ မူတည်ပြီးတော့ ရေးထားတာဖြစ်တယ်။ ဒီဆောင်းပါးကြောင့် ဆိုရင်တော့ မဖြစ်သင့်ဘူး” ဟု ရန်ကုန်လွှတ်တော်အမတ် ဦးနေမျိုးကျော်က ဆိုသည်။

သတင်းဆောင်းပါးအတွက် မကျေလည်ပါက နာမည်ဆိုးဖြင့် ကျော်ကြားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် တရားစွဲခြင်းထက် အခြားနည်းလမ်းသုံးသင့်သည်ဟု ၎င်းက ဆိုသည်။ အဆိုပါပြဿနာကြောင့် ပါတီပုံရိပ် ထိခိုက်လာမည်ကိုလည်း သူက စိုးရိမ်နေသည်။

“ကိုယ် တစ်ခုခုလုပ်မယ်ဆိုရင် ပါတီကို ထိခိုက်နိုင်လား၊ စနစ်ကို ထိခိုက်နိုင်လား စဉ်းစားဖို့လိုတယ်။ အဲလိုမဟုတ်ဘဲ လုပ်ချင်စိတ်တစ်ခုတည်းနဲ့ လုပ်လိုက်ရင်တော့ ဒီမိုကရေစီကို ထိခိုက်တာတွေ၊ ပါတီပုံရိပ်ကို ထိခိုက်တာတွေ အများကြီး ဖြစ်လာနိုင်တယ်” ဟု ဘလော်ဂါနေဘုန်းလတ်အဖြစ်လည်း ထင်ရှားသည့် ဦးနေမျိုးကျော်က ပြောသည်။

နောက်ထပ်လူသိများသည့် ရန်ကုန်လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းကလည်း တိုင်းအစိုးရထံမှ ရလာသည့် အစီရင်ခံစာကို အခြေခံပြီး လွှတ်တော်တွင် ဆွေးနွေးသည့်အချိန်တွင် တိုင်းအစိုးရက ပြန်ဖြေရှင်းရန် အခွင့်အရေးရှိခဲ့သော်လည်း မဖြေရှင်းခဲ့ဟု ဆိုသည်။

“(လွှတ်တော်တွင်း) ဆွေးနွေးချက်အပေါ်မှာ မူတည်ပြီးတော့ ပြင်ပမီဒီယာတွေက ဆွေးနွေးခြင်း၊ ထောက်ပြခြင်းတွေ လုပ်ကြတာပါ။ ဒါကြောင့် အချက်အလက်တွေဟာလည်း မှားယွင်းမှု မရှိဘူးလို့ ကျွန်မက ပြောတာပါ။ မှားယွင်းမှုတွေ မရှိပါဘူး” ဟု သူက ဆိုသည်။

ပါတီပုံရိပ်

ယခု တရားစွဲဆိုမှုသည် ပါတီခေါင်းဆောင်လည်းဖြစ်၊ အစိုးရအဖွဲ့ ထိပ်တန်း တာဝန်ရှိသူလည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ပြည်ပထွက်ပြီး မြန်မာပြည်တွင်းရေး အခြေအနေ ရှင်းလင်း တင်ပြနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

လူသိများသည့် ဟစ်ဟော့အဆိုတော်ဘဝမှ ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာသည့် ဦးဖြိုးဇေယျာသော်က တရားစွဲဆိုရေးလမ်းကြောင်းကို နောက်ဆုံးအဆင့်မှ ရွေးချယ်သင့်သည်ဟု ဆိုသည်။ Eleven ကို ဤရေးသားမှုအတွက် တရားစွဲမှုကြောင့် သတင်းမီဒီယာနှင့် NLD ဆက်ဆံရေး ပျက်စီးမည်မဟုတ်ဟုလည်း သူက မျှော်လင့်နေသည်။

“ကျွန်တော်တို့တွေနဲ့ သတင်းမီဒီယာတွေအနေနဲ့က ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ ယူဆတဲ့အတွက် ဒီကိစ္စကြောင့်တော့ အဖုအထစ်အငေါ့ ဖြစ်လာလိမ့်မယ်လို့ မယူဆပါဘူး” လို့သူကပြောသည်။

လတ်တလော ထိပ်တိုက်တွေ့မှုကြောင့် ပါတီပုံရိပ်ကို ထိခိုက်ကြောင်း ဝေဖန်သူ နောက်တစ်ဦးမှာ ကချင်ပြည်နယ်မှ ဒီချုပ် အမျိုးသားလွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဦးခင်မောင်မြင့် ခေါ် ဦးချို ဖြစ်သည်။

“သူတို့လုပ်ရပ်က ပါတီ image (ပုံရိပ်) တော့ ကျတာပေါ့။ ရေးချင်တာရေးလေ ကိုယ်က မှန်နေရင်ပြီးတာပဲ။ မှားတာလည်း ရေးမှာပဲ၊ မှန်တာလည်း ရေးမှာပဲ။ အဲ့ဒီမှာ တို့က ခံနိုင်ရည်ရှိဖို့ လိုတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရကသတင်းဌာနကို တရားစွဲသည့်လုပ်ရပ်ကို မနှစ်သက်သကဲ့သို့ သတင်းဌာနများအနေဖြင့်လည်း ဒီမိုကရေစီ လမ်းကြောင်းကို တိုက်ခိုက်လိုသည့် အရေးအသားများကို ဆင်ခြင်ရန်လိုကြောင်း သူက ထောက်ပြသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading