သတင်း

ရန်ကုန်မြို့လယ်ပေါက်ကွဲမှုမှ သေဆုံးသူ၏ မိသားစုကို တပ်က ခေါ်စစ်

ရန်ကုန်၊ ကျောက်တံတားမြို့နယ် ကားမှတ်တိုင် ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူလူငယ်၏ မိခင်နှင့် အစ်မကို ယမန်နေ့ (ဇွန် ၁) ညနေပိုင်းတွင် စစ်တပ်က ခေါ်ယူစစ်ဆေးပြီး ညတွင်းချင်း ပြန်လွှတ်ပေးခဲ့သည်။ 

ဗုံးစထိမှန်သေဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ် ကိုထိန်လင်းထွန်း ခေါ် ကိုအောင်ကြီးမှာ ဒေါပုံမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း ထိုရပ်ကွက်အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ကတော့ အမေနဲ့ အစ်မ ၂ ယောက်ကို ဖမ်းသွားတယ်ပေါ့။ ည ၁၀ နာရီလောက်မှာ ပြန်ရောက်လာတယ်လို့ သိရတယ်” ဟု ရပ်ကွက်နေ အသက် ၃၀ ကျော်အရွယ် အမျိုးသားက ပြောသည်။ 

ရပ်ကွက်တွင် လူသိနည်းသူ ကိုထိန်းလင်းထွန်း၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို ယနေ့ (ဇွန် ၂) နံနက်ပိုင်းက ကျီစုသုသာန်တွင် သင်္ဂြိုဟ်ခဲ့သည်ဟု သိရကြောင်းလည်း ၎င်းက ဆက်ပြောသည်။  

သေဆုံးသူ၏ မိသားစုကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

၁ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည့် ထိုပေါက်ကွဲမှုတွင် သေဆုံးသူမှာ ဗုံးဖောက်ခွဲသူဖြစ်သည်ဟု ယမန်နေ့ (ဇွန် ၁) သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီက စွပ်စွဲပြောဆိုခဲ့ပြီး ညပိုင်းတွင် သူ၏ မိသားစုဝင်များကို ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

သေဆုံးသူသည် ကျောက်တံတားမြို့နယ်ရှိ ကွန်ပျူတာဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး ၎င်း၏ဖုန်းကို စစ်ဆေးရာတွင် ဖောက်ခွဲရန် စေခိုင်းထားသည့် ပြောဆိုချက်များကို တွေ့ရသည်ဟု စစ်ကောင်စီက ပြောသည်။ 

စစ်ကောင်စီ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ထိုဗုံးပေါက်ကွဲမှုအပြီးတွင် မပေါက်ကွဲသေးသည့်  ဗုံးနှစ်လုံးကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်ဟုဆိုရာ စစ်တပ်၏ စွပ်စွဲချက်မှာ ယုတ္တိမရှိဟု အမည်မဖော်လိုသည့် ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။

ပြောက်ကျားအဖွဲ့များ အဓိကသုံးသည့် မိုင်းမှာ အပျော့စားဖြစ်သည့် Composition- C 2 အမျိုးအစားသာ ဖြစ်ပြီး ထိုနေ့ပေါက်ကွဲမှုတွင် အသုံးပြုသည့် မိုင်းမှာ Composition- C 4 အမျိုးအစားဖြစ်နေသည်မှာ သံသယရှိစရာအချက်ဖြစ်သည်ဟု ၎င်းက ထောက်ပြသည်။ 

“ပေါက်ကွဲတဲ့ ပုံစံကို ကြည့်ပြီး မိုင်းအမျိုးအစားကို ခန့်မှန်းကြည့်တော့ မြို့ပြပျောက်ကြားတွေ မဖြစ်နိုင်ပါဘူး။ C 4 တစ်တောင့်ကို ဝယ်ဖို့ တော်တော်စျေးကြီးတယ်။ စစ်တပ်ဘက်က ပုံဖျက်တာလို့ပဲ မြင်တယ်” ဟု ၎င်းက ဆိုသည်။ 

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများကို စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများမှ လူငယ်အများအပြားသည် စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်ရန် စစ်ပညာများ သွားရောက်သင်ကြားကြသည်။

စစ်ပညာသင်ကြားပြီးနောက် မြို့ကြီးများသို့ ပြန်လည်ရောက်ရှိလာသည့် လူငယ်များသည် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံများကို ပြန်လည်ခုခံတိုက်ခိုက်နေကြသည်။ 

နိုင်ငံအနှံ့အပြား အရပ်သားများကို အကြမ်းဖက်နေသော စစ်ကောင်စီက လက်နက်ကိုင်ခုခံသူတို့မှာ အကြမ်းဖက်သမားများဖြစ်သည်ဟု သတင်းထုတ်ပြန်လေ့ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတန်းအတွင်းဝန် ဦးနိုင်ထူးအောင်က ဗုံးပေါက်ကွဲမှုမှာ NUG လက်အောက်ရှိ အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုမဟုတ်ဘဲ ပြည်သူနှင့် PDF များအကြား အထင်အမြင်လွဲမှားအောင် စစ်ကောင်စီဘက်က ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button