Eleven ကို အရေးယူမှုနှင့် NLD မှ ထင်ရှားသူတချို့၏ အသံ

Eleven ဂျာနယ်မှ သတင်းသမားသုံးဦးကို နာမည်ကျော် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက တရားစွဲမှုနှင့် ပတ်သက်ပြီး အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ထိပ်ပိုင်းခေါင်းဆောင်တချို့၊ အထင်ကရ အမတ်တချို့၏ ပြောဆိုချက်များကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

Eleven ဂျာနယ်တွင် ဖော်ပြခဲ့သော တိုင်းလွှတ်တော်အတွင်း ဆွေးနွေးချက်ဆိုင်ရာဆောင်းပါးတစ်ပုဒ်ကြောင့် အယ်ဒီတာချုပ် ကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ နရီမင်း၊ သတင်းထောက်ချုပ် ဖြိုးဝေတို့ အထိန်းသိမ်းခံနေရသည်။

ဦးအောင်ရှင် (ကဗျာဆရာ မုံရွာအောင်ရှင်) ပါတီ ဗဟိုကော်မတီဝင်

“ပါတီပြောရေးဆိုခွင့်ရှိသူ မဟုတ်တဲ့အတွက် ဒီကိစ္စကို ပါတီအနေနဲ့ မပြောချင်ဘူး၊ တစ်ဦးချင်းအနေနဲ့ပဲ ပြောချင်တယ်။ ဒီကိစ္စကို သေသေချာချာ ပြန်ပြီး စဉ်းစားစေချင်တယ်၊ ပြန်သုံးသပ်စေချင်တယ်၊ ဒီကိစ္စက မီဒီယာနဲ့ NLD အစိုးရအကြားမှာ မကောင်းတဲ့ အလားအလာပဲလို့ ကျွန်တော်ကမြင်တယ်။ ၅ဝ၅ (ခ) ဆိုတာက လိုရင်လိုသလို အဓိပ္ပာယ်ဖွင့်လို့ရတာတွေ ပါနေတယ်။ ဒါကြောင့် ငြိအောင် လုပ်မယ်ဆိုရင် လုပ်လို့ရတယ်လို့ပဲ ကျွန်တော် ပြောချင်တယ်။ အယ်ဒီတာတွေနဲ့ သတင်းထောက်တွေကတော့ သူတို့အမြင် သူတို့ရေးမှာပဲလေ။ သူတို့အချက်အလက်နဲ့ သူတို့ရေးတာပဲ”

ဒေါက်တာမျိုးညွန့် (ပါတီ ပြောခွင့်ရပုဂ္ဂိုလ်)

“ဂျာနယ်မှာ မမှန်မကန်ရေးသားတယ်လို့ စွပ်စွဲတဲ့အကြောင်း ကျွန်တော် အင်တာနက်တွေပေါ် သိရတယ်။ မမှန်မကန်ရေးသားရင်တော့ ဒါက တာဝန်ယူရမှာပေါ့။ မမှန်မကန်ရေးသားတာ ကုမ္ပဏီတစ်ခု၊ အဖွဲ့တစ်ခုကို ထိခိုက်တယ်ဆိုရင်တော့ ဂျာနယ်အနေနဲ့ ဖြေရှင်းရမှာပေါ့။ ကျွန်တော်တို့ကတော့ မီဒီယာတွေနဲ့ ငြိမ်းချမ်းတဲ့ဟာတွေ လိုလားပါတယ်။ ဥပဒေအရ ငြိစွန်းတာကတော့ တစ်ပိုင်းပေါ့”

(ဓာတ်ပုံ - ထက်ဝေထွန်း)

ဦးဖြိုးဇေယျာသော် (အဆိုတော် ဇေယျာသော်) ပြည်သူ့လွှတ်တော်

“တရားစွဲမယ်ဆိုတာ နောက်ဆုံးအဆင့်အနေနဲ့မှ လုပ်သင့်တယ်လို့ ယူဆတယ်။ မီဒီယာကို စွဲမယ်ဆိုရင် သတင်း မီဒီယာကောင်စီရှိတယ်၊ ဒါတွေနဲ့အရင် ဆက်သွယ်ညှိုနှိုင်းမှုတွေလုပ်၊ အဆင်မပြေဘူး ဆိုတော့မှ နောက်ဆုံး အနေနဲ့ ကျတော့မှ တရားစွဲတာက လုပ်သင့်တဲ့အလုပ်လို့ မြင်တယ်။ ဘယ်ကိစ္စမဆို ပထမဆုံး ညှိနှိုင်းပြီးတော့မှ မရတော့တဲ့ အခြေအနေဖြစ်တော့မှ တရားတဘောင် ဖြစ်တဲ့ကိစ္စကို ဆက်လုပ်စေချင်တယ်”

ဦးခင်မောင်မြင့် (အမျိုးသားလွှတ်တော်)

“သူတို့လုပ်ရပ်က ပါတီ image(ပုံရိပ်) တော့ ကျတာပေါ့။ ရေးချင်တာရေးလေ၊ ကိုယ်ကမှန်နေရင် ပြီးတာပဲ။ မှားတာလည်း ရေးမှာပဲ၊ မှန်တာလည်းရေးမှာပဲ၊ အဲ့ဒီမှာ ခံနိုင်ရည်ရှိဖို့လိုတယ်။ မီဒီယာတွေအနေနဲ့က ဒီမိုကရေစီကိုတော့ သွားမထိနဲ့ပေါ့။ လူမကောင်းရင် လူကိုရေးပေါ့။ ဒီမိုကရေစီကို တိုက်ခိုက်ချင်တဲ့ပုံစံမျိုးတော့ မရေးသားသင့်ဘူး။ လူနဲ့ဒီမိုကရေစီကိုတော့ ကွဲပြားအောင် ရေးသင့်တာပေါ့။ လူမကောင်းရင် လူကိုရေး၊ လွှတ်တော်အမတ် အသုံးမကျရင် လွှတ်တော်အမတ်ပြော။ ဝန်ကြီးချုပ် အသုံးမကျရင် ဝန်ကြီးချုပ်ပြောပေါ့”

ဒေါ်စန္ဒာမင်း (ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်)

“တိုင်းအစိုးရက ပေးတဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ စာရင်းစစ်ချုပ်က အစီအရင်ခံစာ တင်တယ်၊ ဒီအစီအရင်ခံစာမှာ ပါဝင်တဲ့ အချက်အလက်အမှန်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးတယ်၊ ဒီဆွေးနွေးချက်အပေါ်မှာ မူတည်ပြီးတော့ ပြင်ပမီဒီယာတွေက ဆွေးနွေးခြင်း၊ ထောက်ပြခြင်းတွေ လုပ်ကြတာပါ။ ထောက်ပြတယ်၊ ဝေဖန်တယ်ဆိုတဲ့နေရာမှာလည်း ပြင်းထန်တဲ့ စကားလုံး အသုံးအနှုန်းတွေ၊ ဂုဏ်သိက္ခာ အလွန်အမင်း ကျဆင်းသွားစေတဲ့ ကိစ္စမျိုးတွေ ဘာမှ မရှိပါဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အချက်တွေ မှားနေတယ်ဆိုရင် ကျွန်မတို့ စာရင်းစစ်ချုပ်ရဲ့ အစီအရင်ခံစာ နောက်ဆုံး ဆွေးနွေးတဲ့ နေ့တုန်းက ပြန်ရှင်းလို့ ရပါတယ်။ ဒါပေမဲ့ တိုင်းဒေသကြီးအစိုးရက ပြန်မရှင်းခဲ့ဘူးလေ။ ပြန်မရှင်းခဲ့တဲ့အတွက် ကျွန်မတို့က မှန်တယ်လို့ပဲ ယူဆပါတယ်”

ဦးအောင်မျိုး (အမျိုးသားလွှတ်တော်)

“ဖြစ်စဉ်အသေးစိတ်ကို သေချာ မသိသေးတော့ မှတ်ချက် မပေးလိုပါဘူး။ ဒါပေမဲ့ ပုဒ်မ ၅ဝ၅(ခ) လို ပုဒ်မမျိုး ကတော့ မရှိသင့်တော့တာ အမှန်ပါ။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ထဲမှာလည်း ပြည်သူလူထုကို မျက်နှာမူပြီးတော့ အစိုးရကို ထိန်းကျောင်းရမယ့်ကိစ္စ ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စကိုလည်း လုပ်သင့်တဲ့ကိစ္စ၊ မလုပ်သင့်တဲ့ကိစ္စ ဆိုတာကို အားလုံး ဆွေးနွေး တိုင်ပင်ပြီးတော့ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ရဲ့ သဘောထား မှတ်ချက်ပေးဖို့ ရှိပါတယ်။ နီးစပ်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီတွင်းမှာ ဆွေးနွေး တိုင်ပင်ဖို့ ရှိပါတယ်”

ဦးရည်မွန် (ကဗျာဆရာ မောင်တင်သစ်) ပြည်သူ့လွှတ်တော်

“မီဒီယာအပေါ်ကိုတော့ ၅ဝ၅(ခ)နဲ့ မစွဲစေချင်ပါဘူး။ မီဒီယာကို တန်ဖိုးထားရကောင်းမှန်း မသိဘဲနဲ့တော့ ဒီမိုကရေစီကို သွားလို့ရမှာ မဟုတ်ဘူး။ အခု ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ဒီမိုကရေစီကို ခက်ခက်ခဲခဲ ထူထောင်နေရတဲ့ အချိန်။ အာဏာနဲ့ မီဒီယာက အပြန်အလှန် လေးစားမှု၊ အသိအမှတ်ပြုမှုနဲ့ လက်ချင်းချိတ်ပြီးသွားဖို့ လိုအပ်တဲ့အချိန်လို့ ကျွန်တော် နားလည်တယ်။ မီဒီယာနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ဖြေရှင်းရမယ် ဆိုရင်တောင် တခြားပုဒ်မကို ရွေးချယ်သင့်တယ်။

ဦးအောင်သိန်း (အမျိုးသားလွှတ်တော်)
“ဘာလို့ သတင်းသမားတွေနဲ့ ပတ်သက်ရင် တရားစွဲဖို့ပဲ စဉ်းစားနေရလဲ၊ ဘာဖြစ်လို့ အဲ့ဒီလောက်အထိ ဖြစ်နေလဲ”

ဦးမြင့်ဦး (ပြည်သူ့လွှတ်တော်)

“လွတ်လပ်စွာ ရေးသား ဖော်ထုတ်ခွင့် ဆိုတာ အခြေခံဥပဒေမှာလည်း ပါပြီးသားပဲလေ။ သတင်းမီဒီယာဆိုတာ စတုတ္တမဏ္ဍိုင်ပါ။ ကျွန်တော်တို့ တကယ် ဖိနှိပ်ခံရတဲ့ ကာလတွေမှာလည်း ရေဒီယို အသံလွှင့်ချက်တွေကို တချိန်လုံး စောင့်နားထောင်ခဲ့ရတာ၊ ဒါက ပြည်သူ့အသံလို့ ကျွန်တော်ကတော့ နားလည်တယ်။ ဒီမိုကရေစီကိုသွားတဲ့ အခါမှာ ဒီမိုကရေစီအရ အာမခံချက်ပေးထားတဲ့ အခွင့်အရေးတွေကိုတော့ သတင်းဌာနတွေနဲ့ မီဒီယာလောကဟာလည်း ရသင့်တယ်လို့ မြင်ပါတယ်”

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading