သတင်း

ကန့်ဘလူတွင် ရပ်ရွာအတွက်ကင်းစောင့်နေသူ ၅ ဦးကို စစ်တပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ပိုင်း ကံကြီးကျေးရွာတွင် ရွာလုံခြုံရေးအတွက် ရွာထိပ်၌ ကင်းစောင့်နေသည့် အမျိုးသား ၅ ဦးကို ယနေ့ (မေ ၃၁) နံနက်တွင် စစ်ကောင်စီတပ်က ပစ်သတ်လိုက်သည်ဟု သိရကြောင်း ဒေသခံများနှင့် ဆက်စပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

ချပ်သင်းတိုက်နယ်ရဲစခန်း၌ တပ်စွဲသည့် စစ်သားများက နံနက် ၅ နာရီခွဲခန့်တွင် ရွာအနောက်ပိုင်းရှိ နေအိမ်တစ်လုံးအတွင်း ကင်းစောင့်နေကြသူများကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ကန့်ဘလူမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောသည်။

“ပြည်သူတွေပါပဲ၊ ငါးယောက် သေတယ်၊ သုံးယောက်ကိုလည်း ဖမ်းသွားတယ်။ ငါးယောက်ကတော့ အလောင်းရတယ်၊ ရွာထဲမှာပဲ သင်္ဂြိုဟ်ဖို့ လုပ်နေတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူများမှာ ၄၇ နှစ်အရွယ် ကိုမောင်စိုး၊ ၃၇ နှစ်အရွယ် ကိုကျော်မျိုးသူ၊ အသက် ၅၀ အရွယ် ဦးသောရှောင်၊ ၃၆ နှစ်အရွယ် ကိုထွန်း၊ ၃၄ နှစ်အရွယ် ကိုဝင်းသူရတို့ဖြစ်ပြီး ၎င်းတို့ ခန္ဓာကိုယ်တွင် ရိုက်နှက်နှိက်စက်ခံထားရသည့် ဒဏ်ရာများလည်း တွေ့ရှိရကြောင်း သိရသည်။

အမည်မသိရသေးသော ရွာသားသုံးဦး အဖမ်းခံရပြီးနောက် သေနတ်ပစ်သံတချို့ ကြားရသည်ဟု ဒေသခံတို့ထံမှ သိရကြောင်း သူက ဆက်ပြောသည်။ 

ရွာသားငါးဦးပစ်သတ်ခံရသည့် ကျေးရွာဝန်းကျင်တွင် လတ်တလော တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်ပြင် အနီးရှိ ချပ်သင်းတိုက်နယ်ရဲစခန်းတွင် စစ်ကောင်စီတပ် အထိုင်ချထားသည့်အတွက် ပတ်ဝန်းကျင်ကျေးရွာများ၌ ဒေသကာကွယ်ရေးတပ်ဖွဲ့များ လှုပ်ရှားရန် ခက်ခဲကြောင်း သိရသည်။

“ဒီဘက်ခြမ်း (ကန့်ဘလူ) ကတော့ စစ်ကြောင်းတွေက မပြတ်ထိုးနေတာ၊ ထိတွေ့တိုက်ပွဲလေးတွေ နည်းနည်းပါးပါးရှိတယ်၊ ဒါပေမဲ့ ဒီတစ်ရက်နှစ်ရက်အတွင်းတော့ မဖြစ်ထားဘူး။ အဲဒီနားလေး (ကံကြီးကျေးရွာအနီး) မှာက တလောကဖြစ်ခဲ့သေးတယ်၊ ဒါပေမဲ့ ချပ်သင်းပတ်လည်မှာတော့ ဘာမှဖြစ်ထားတာ မရှိဘူး” ဟု ကန့်ဘလူမြို့နယ် PDF အဖွဲ့ခေါင်းဆောင်တစ်ဦးက ဆိုသည်။

ပစ်သတ်ခံရသည့် ရွာသား ၅ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမဟုတ်ကြဘဲ၊ ကျေးရွာ၏လုံခြုံ‌ရေးအတွက် ရွာသူရွာသားများက ကိုယ့်အစီအစဉ်ဖြင့် ကင်းစောင့်နေကြသူများသာဖြစ်ကြောင်း PDF ဘက်က ပြောသည်။

စစ်ကောင်စီတပ်က လာရောက်မီးရှို့မည့်အန္တရာယ်၊ ကျေးရွာအတွင်း ဝင်ရောက်ပြီး ဖမ်းဆီးမည့်အန္တရာယ်တို့ ကျရောက်လာပါက ကျေးရွာကို အချိန်မီသတင်းပေး ရွှေ့ပြောင်းနိုင်ရေးအတွက် ကင်းစောင့်ကြခြင်းဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားကြသည့် အဖွဲ့များမဟုတ်ကြောင်း ဒေသသခံများနှင့် PDF ထံမှ သိရသည်။

“ဒီကာလက စစ်တပ်ရန်ရော၊ မီးရှို့မဲ့ရန်ရော၊ တခြားရန်ရော၊ ရှိနိုင်တာဆိုတော့ ရွာလုံခြုံရေးအတွက် စိုးရိမ်ကြတာပေါ့။ သူတို့က သူတို့အစီအစဉ်နဲ့သူတို့လုပ်ကြတာ၊ သူတို့က လက်လုပ်ဘာညာ ကိုင်တာမျိုး မရှိဘူး” ဟု ဦးနေဇင်လတ်က ဆိုသည်။

“ဒါပေမဲ့ ဒီဒေသက အရင်ကတည်းက အမဲလိုက်တဲ့အချိန် သုံးတာလေးတွေရှိတော့ အဲဒါလေးတွေ ရှိကောင်းရှိနိုင်ပေမဲ့ ဒီနေ့ဖြစ်သွားတဲ့အဖွဲ့ကတော့ ဘာမှ မကိုင်ထားကြဘူး”

စစ်ကောင်စီတပ်သည် ရွာသား ၅ ဦးကို သတ်ဖြတ်ပြီးနောက် ယင်းတို့ ကင်းစောင့်ကြသည့် နေအိမ်ကို မီးရှို့ဖျက်ဆီးပြီး ရွာမှ ပြန်လည်ထွက်ခွာသွားသည်။

စစ်ကောင်စီတပ်သည် တော်လှန်ရေးအားကောင်းသည့် ဒေသဖြစ်သော စစ်ကိုင်းတိုင်းကို အင်တာနက်အပြင် ဖုန်းဆက်သွယ်ရေးများကို ဖြတ်တောက်ကာ လက်နက်၊ လူအင်အားအလုံးအရင်းဖြင့် တိုင်းအနှံ့ စစ်ကြောင်းထိုးနေသည်။

‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို နှိမ်နှင်းရေး၊ နယ်မြေစိုးမိုးရေးခေါင်းစဉ်တပ်ကာ အင်အားအလွန်အကျွံအသုံးပြုနေသည့် စစ်တပ်သည် ဒေသခံ ရွာသူရွာသားတို့၏ အိုးအိမ်စည်းစိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်း၊  ရွာသူ၊ ရွာသားများကို ဖမ်းဆီး ဓားစားခံလုပ်ခြင်း၊ ဓားစာခံအဖြစ် ဖမ်းထားသူ ရွာသူရွာသားတို့ကို ပစ်သတ်ခြင်းတို့ကိုသာ အဓိကလုပ်ဆောင်နေသည်ဟု စစ်ကိုင်းတိုင်းဒေသခံတို့က ပြောသည်။

မီးရှို့ဖျက်ဆီးခံထားရသည့် ပြည်သူ့အိုးအိမ်များကို တော်လှန်ရေးအောင်မြင်ပြီးချိန်တွင် ပြန်ဆောက်ပေးမည်ဟု ယာယီသမ္မတက ဧပြီလလယ်တွင် ပြောထားသည်။

နေအိမ်များ၊ ရွာများကို မီးရှို့သည်ဟူသော ဒေသခံများ၏ ပြောဆိုချက်ကို စစ်ကောင်စီက လက်မခံပေ။ ၎င်းတို့၏ စစ်သားများ မီးရှို့မှု ကျူးလွန်ခြင်း မရှိဟု တုံ့ပြန်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button