သတင်း

ယင်းမာပင်တွင် သုံးရက်ကြာတပ်စွဲခဲ့သော စစ်တပ်က ဒေသခံ ၄ ဦးကို သတ်ဖြတ်ခဲ့ 

စစ်ကိုင်းတိုင်းတောင်ပိုင်း ယင်းမာပင်မြို့နယ်တွင် မေ ၂၇ မှစ၍ သုံးရက်ကြာ တပ်စွဲပြီးနောက် စစ်တပ်က ရွာခံလေးဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ် လည်ငေါက်ရွာခံလေးဦး၏ ရုပ်အလောင်းများကို ယမန်နေ့ (မေ ၃၀) တွေ့ရှိခြင်းဖြစ်ကာ အမျိုးသားတစ်ဦးမှာ စစ်ကြောင်းနှင့် တိုးစဉ် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခံရခြင်းဖြစ်ကြောင်း၊ ကျန်သုံးဦးမှာ လက်ပြန်ကြိုးတုပ်လျှက် မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံနှစ်ဦးက ဆိုသည်။

လည်ပင်းနှင့် လက်ကို သွပ်နန်းကြိုးဖြင့် တုပ်နှောင်လျက် မီးလောင်ထားသည့် အလောင်းများတွင် အမျိုးသမီးတစ်ဦးပါဝင်သည်ဟု မျက်မြင်တွေ့ရှိသူ ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဆရာကျောင်း (ခ) ဗိုလ်ထက်ကောင်းဆိုသူက ပြောသည်။ 

ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်၍ သေဆုံးသူများ၏ အမည်နှင့် အသက်ရွယ်ကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကာ ရုပ်အလောင်းများအားလုံးကို ယနေ့ (မေ ၃၁) ရက် မွန်းလွဲပိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လည်ငေါက်ရွာ စတင်စီးနင်းခံရချိန်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် နာရီဝက်နီးပါးကြာ တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်တပ်က မီးတင်ရှို့၍ အိမ်လေးလုံး၊ နောက်တစ်ရက် မေ ၂၈ နံနက်ပိုင်းတွင် မီးထပ်ရှို့ခံရသဖြင့် ၅၀ ကျော် ပျက်စီးခဲ့ရပြီး မီးဘေးသင့်အိမ်ထောင်စု ၂၇ စုရှိသည်ဟု ဒေသခံနှစ်ဦးထံမှ သိရသည်။ 

ယင်းမာပင်မြို့တောင်ဘက် ၃ မိုင်ခန့်အကွာရှိ လည်ငေါက်ရွာသည် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ပုလဲ – ယင်းမာပင် – ဂန့်ဂေါလမ်းနှင့် အလောင်းတော်ကဿပသို့ သွားရာလမ်းဆုံလမ်းခွတွင်ရှိကာ စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခြင်းဖြစ်သည်ဟု ဆိုသည်။

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အများစုမှာ ပုလဲ – ယင်းမာပင် လမ်းဘေးရှိ နေအိမ်များဖြစ်ပြီး ရွှေစေတီဘုန်းတော်ကြီးကျောင်းမှ ကားသုံးစီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဗိုလ်ထက်ကောင်းက ပြောသည်။

“ဘုန်းကြီးကျောင်းက ကားတွေကို အပြင်ကို တွန်းထုတ်ပြီး ပေလမ်းပေါ်မှာ မီးရှို့တယ်။ ပေလမ်းဘေးက အိမ်တွေကို မီးရှို့တာ။ တာဝါတိုင်ရှိတဲ့ အိမ်တစ်လုံးကလွဲလို့ ကျန်တဲ့ ပုလဲ – ယင်းမာပင်လမ်းလေး အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ အိမ်တွေကို တောက်လျှောက်မီးရှို့တာပဲ”

စစ်တပ်ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာဘုန်းတော်ကြီးကျောင်းမှ ယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံထားရသည်ကို မေ ၃၀ ရက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ – ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

လည်ငေါက်ရွာအတွင်း စစ်တပ်က တပ်စွဲထားစဉ် လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်၍ အမျိုးသမီးနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး နွားတစ်ကောင်သေဆုံးခဲ့ကြောင်း ဒေသတွင်းအချက်အလက်များကို စုစည်းဖော်ပြပေးနေသည့် ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက Facebook မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

ထို့အတူ ကျေးရွာအတွင်း နေအိမ်များမှ ရွှေ၊ ငွေနှင့် စားသောက်ကုန်တို့ကို စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက ဆိုသည်။ 

စစ်တပ်က လည်ငေါက်ရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားရာမှ ယမန်နေ့ (မေ ၃၀) ရက် မွန်းလွဲပိုင်းတွင် ပြန်ထွက်သွား၍ ဒေသခံအချို့ ကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော်လည်း အများစုမှာ စစ်ကြောင်းထပ်ဝင်မည်စိုး၍ တိမ်းရှောင်နေကြဆဲဖြစ်သည်ဟု ဗိုလ်ထက်ကောင်းက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းရာ မြို့နယ်များဖြစ်သည့် ယင်းမာပင်၊ ဆားလင်း ကြီး၊ ကနီ၊ ကလေး၊ တန့်ဆည်၊ ဒီပဲယင်းတို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ အင်အားဖြည့်တင်းလျက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button