သတင်း

စစ်ကိုင်း၊ မကွေးမြို့နယ်အချို့ ဆက်သွယ်ရေး ဖြတ်တောက်ခံနေရ

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း လက်နက်ကိုင်ခုခံသူများရှိရာ မြို့နယ်အချို့ကို စစ်ကောင်စီတပ်က အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်လိုက်ပြီး အပြင်းအထန်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသည်။

မေ ၂၄ မှစ၍ စစ်ကိုင်းတိုင်း မုံရွာ၊ ပုလဲ၊ ယင်းမာပင်၊ မုံရွာ၊ ဆားလင်းကြီး၊ ကနီ၊ ရေဦး၊ တန့်ဆည်မြို့များကို အင်တာနက်နှင့် ဖုန်းလိုင်းများဖြတ်တောက်လိုက်သလို နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်း ရေစကြို၊ မြိုင်နှင့် ဂန့်ဂေါမြို့နယ်များလည်း အလားတူဖြတ်တောက်ခံရသည်။

ထိုသို့ ဆက်သွယ်ရေးဖြတ်နေသည့် စစ်တပ်က ရွာတချို့ကို ဆက်လက်မီးရှို့နေသည်ဟု မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆာလင်းကြီးက တချို့နေရာတွေရတယ်။ တချို့နေရာတွေ မရတော့ဘူး။ အခု (လိုင်း) ဖြတ်ထားတဲ့ နယ်မြေတွေထဲမှာဆိုရင် မီးရှို့တာတွေလည်း ရှိတော့ရှိတယ်။ အရေအတွက်တော့ မသိရသေးဘူး။ သတင်းလည်း မရသေးတော့။ အဓိက ကတော့ ဒီကောင်တွေ အင်အားဖြည့်နေတယ်”ဟု သူက ပြောသည်။

၎င်းအနေဖြင့် တခြားနေရာတစ်ခုသို့ ရောက်နေသဖြင့်သာ ဖုန်းလိုင်းရခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းရှိ နေရာအများစု၌ တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်ဟု သူက ဆိုသည်။

ဖုန်းလိုင်းနှင့် အင်တက်နက်လိုင်းများဖြတ်တောက်ထားချိန်တွင် လွန်ခဲ့သည့် ၃ ရက်ခန့်က မုံရွာမြို့အခြေစိုက်သည့် စစ်ကောင်စီ၏ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) အတွင်းမှ စစ်ကား အစီး ၁၃၀ ခန့်သည် ယင်းမာပင်ဘက်သို့ ဦးတည်မောင်းနှင်သွားကြောင်း၊ ယင်းမာပင်၊ ပုလဲနှင့် ကနီမြို့များသို့ စစ်ကြောင်းထိုးနိုင်ခြေရှိကြောင်း ၎င်းက ယူဆနေသည်။

“ကားတွေအကုန်လုံးက မိုးကာအုပ်ထားတာ။ အရေအတွက်တွေ မသိရဘူး။ ကနီ၊ ယင်းမာပင်၊ ပုလဲ သုံးနေရာကို ဖြန့်ထိုးနေတယ်။ နမခက ကားနဲ့ ထွက်သွားကြတာ။ ယင်းမာပင်မှာ ဘယ်လိုအင်အားဖြန့်သလဲဆိုတာကိုတော့ ဖုန်းလိုင်းတွေလည်း ပြတ်နေတဲ့အခါကျတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

တစ်ချိန်တည်းမှာပင် မုံရွာမြို့ရှိ နမခအတွင်း ရဟတ်ယာဉ်အတက်အဆင်းများနေပြီး စစ်ကောင်စီက အင်အားဖြည့်တင်းနေသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း Ooredoo နှင့် Telenor ဖုန်းလိုင်းများကို တချို့နေရာများတွင် ရံဖန်ရံခါအသုံးပြု၍ရနေသော်လည်း ပုလဲ၊ ကနီ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့များအပါအဝင် ချင်းတွင်းမြစ်အနောက်ဘက်အခြမ်းနေရာအများစု သည် ဖုန်းနှင့် အင်တာနက်လိုင်းများ အဓိကဖြတ်တောက်ခံထားရသည်ဟု မုံရွာမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“မြစ်အနောက်ဘက်က အဆိုးဆုံးပဲ။ ​မုံရွာဘက်က တချို့နေရာတွေရတယ်။ ဒါပေမဲ့ ခေါ်လိုက်လို့ရှိရင် လူကြီးမင်းဖုန်းသည် လိုင်းမအားပါတို့၊ ခေါ်လိုက်ရင် call ထွက်သွားပြီး ဘာသံမှ မကြားရဘူး။ တွီတွီဆို ကျသွားတာ” ဟု အထက်ပါအမျိုးသားက ဆိုသည်။

ဆက်သွယ်ရေးကုမ္ပဏီများဘက်က ဖုန်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်မှုနှင့် ပတ်သက်၍ ဒေသတွင်းအသုံးပြုသူများကို အသိပေးမှုမရှိသေးဟု ၎င်းထံမှ သိရသည်။

“ဖုန်းလိုင်းတွေက ပြတ်တယ်။ လိုင်းလုံးဝမမိတာလည်း မဟုတ်ဘူး။ ပြန်ရလာပြန်ရော။ ဒါပေမဲ့ အချိန်ပိုင်းလေးပဲ။ ပြီးတော့ ပြန်ပြတ်သွားပြန်ရော” ဟု ၎င်းက ဆိုသည်။

ဖုန်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသည့် ပုလဲမြို့သို့ ဦးတည်၍ စစ်ကား အစီး ၂၀၀ ခန့် မောင်းနှင်သွားသည်ဟု ကြားရကြောင်း၊ ထို့ပြင် မုံရွာ – ပုသိမ်လမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းထားကာ နေအိမ်များကို မီးရှို့နေသည်ဟု ကြားသိရသော်လည်း ဆက်သွယ်၍ မရသေးသဖြင့် အသေးစိတ်မသိရကြောင်း အထက်ပါ အမျိုးသားက ယနေ့ ညနေပိုင်းက ပြောသည်။

“မုံရွာ – ပုသိမ်လမ်းတောက်လျှောက်မှာလည်း အင်အားဖြည့်ထားတယ်။ အဲဒါက လက်ပံတောင်းကြေးနီစီမံကိန်းကနေ လက်ကျန်ပစ္စည်းတွေ ထုတ်နေတယ်လို့ ကြားရတာပဲ။ အဲဒါတွေ လုံခြုံရေးပေးနေတာနဲ့ တူတယ်။ အဲဒီလမ်း တောက်လျှောက်လည်း (စစ်ကြောင်း) ထိုးနေတယ်။ လမ်းဘေးအိမ်တွေ မီးရှို့၊ ရွာတွေ မီးရှို့နဲ့” ဟု ၎င်းက ဆိုသည်။

မီးရှို့တပ်ဟု တချို့က အမည်ပေးထားသည့် စစ်တပ်က နိုင်ငံအနှံ့ မီးရှို့မှုများမှာ ၎င်းတို့၏လက်ချက်မဟုတ်ဟု တုံ့ပြန်လေ့ရှိသည်။ 

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတည်ရှိရာ ဆားလင်းကြီးမြို့တွင် စစ်ကောင်စီတပ်က ခပ်စိပ်စိပ် လုံခြုံရေးယူထားပြီး ယမန်နေ့ကလည်း တစ်နေကုန် ဖုန်းလိုင်းများဖြတ်တောက်ထားသလို ယနေ့တွင်လည်း နံနက်ကတည်းက ဖြတ်တောက်ခံထားရကာ ညနေ ၅ နာရီမှသာ ပြန်ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ဒီနေ့ ဖုန်းလိုင်းမိတဲ့ တောထဲက တောင်းကုန်းလေးပေါ်မှာ ဖုန်းခေါ်ကြည့်တာ၊ ဘယ်ဖုန်းမှ ခေါ်မရဘူး။ မုံရွာမြို့ပေါ်လည်း ခေါ်လည်း မရဘူး။ တခြားတိုင်းဒေသကြီးတွေ ခေါ်ရင် ရတယ်။ မနေ့ကလည်း အရုဏ်တက်ကနေ ညနေ ၄ နာရီမှ ပြန်ပွင့်တာ” ဟု ၎င်းက ပြောသည်။​

“ဖုန်းလိုင်းမမိတာက စစ်ကောင်စီရဲ့ စစ်ရေးကိစ္စတွေကြောင့်ပဲ နေမှာပါ။ မနေ့က ပုလဲကို စစ်ယာဉ်တန်း အစီးတစ်ရာ မောင်းသွားတာ ချောချောမွေ့မွေ့ရောက်သွားတယ်။ ဘာအသံမှ မကြားရဘူး”

Myanmar Now အနေဖြင့် ပုလဲ၊ ကနီ၊ ယင်းမာပင်မြို့များနှင့် မကွေးတိုင်း မြိုင်၊ ရေစကြိုနှင့် ဂန့်ဂေါမြို့များသို့ ဆက်သွယ်မရသေးသဖြင့် ယင်းဒေသများ၏ အခြေအနေကိုမူ မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

ပေါက်မြို့တွင် ယမန်နေ့ နံနက် ၉ နာရီမှ ည ၇ နာရီအထိ ဖုန်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ခံခဲ့ရပြီး ယနေ့တွင်မူ ဖုန်းလိုင်းများပြန်ရကြောင်း၊ အင်တာနက်လိုင်းမှာမူ အသုံးပြု၍ မရသေးကြောင်း ပေါက် PDF ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ထိုးစစ်များနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသော စစ်ကောင်စီတပ်က ထိုဒေသအတွင်း ဖုန်းလိုင်း၊ အင်တာနက် မသုံးနိုင်ကြစေရန် ပိတ်ပင်ထားသည့် အကြောင်းရင်းကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button