ဖုယွင်သပိတ်စခန်း ရိုက်ပွဲမဖြစ်မီ ရဲကို အကြောင်းကြားခဲ့သော်လည်း အကာအကွယ်မရခဲ့ဟုဆို

ပဋိပက္ခ ဖြစ်ပွားပြီးနောက် ရောက်ရှိလာကာ လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ထက်ခေါင်လင်း)
ပဋိပက္ခ ဖြစ်ပွားပြီးနောက် ရောက်ရှိလာကာ လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ထက်ခေါင်လင်း)

ရန်ကုန် — ယနေ့နံနက်ပိုင်းက အမည်မသိလူအုပ်၏ ဝင်ရောက်ရိုက်နှက်ခြင်းခံခဲ့ရသည့် ရန်ကုန်ရှိ ဖုယွင်အထည်ချုပ်စက်ရုံမှ သပိတ်မှောက်အလုပ်သမားများသည် ၎င်းတို့အန္တရာယ် ကျရောက်တော့မည်ဟု ရဲကို ကြိုတင်အကြောင်းကြားခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရသည်ဟု ပြောသည်။

နှစ်လနီးပါးကြာ သပိတ်မှောက်နေကြသည့် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းရှိ အထည်ချုပ်စက်ရုံအနောက်ဘက်ရှိ သပိတ်စခန်းကို ယမန်နေ့ညပိုင်းကတည်းက ကြိုတင်သတင်းထွက်နေသည့် အတိုင်း မည်သူမည်ဝါမှန်း မသိရသေးသည့် အရပ်ဝတ်များက ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ဝင်ရောက်ရိုက်နှက်ကြခြင်းဖြစ်သည်။

အလုပ်သမားများ၏အဆိုအရ အဆိုပါအကြမ်းဖက်မှုအတွင်း အနည်းဆုံးအလုပ်သမား ၂၅ ဦးဒဏ်ရာရခဲ့ပြီး ၎င်းတို့ထဲမှ သုံးဦးသည် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးဝါးကုသမှုခံနေရသည်ဟု ဆိုသည်။

တရုတ်နိုင်ငံသားပိုင် အဆိုပါစက်ရုံကို သပိတ်မှောက်နေသည့် အလုပ်သမားများသည် ၎င်းတို့ အန္တရာယ်ကျရောက်တော့မည်ဟု ရဲကို တစ်နာရီခန့် ကြိုတင်အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

“စက်ရုံဝင်းအပြင်ဘက်မှာလည်း လူ ၄၀၊ ၅၀ လောက်က စုရုံးထားတာကို တွေ့ရတယ်။ အဲ့ဒီမှာ ကျွန်တော်က ဒဂုံဆိပ်ကမ်းရဲစခန်းကို ဖုန်း ခုနစ်ကြိမ်ထက်မနည်း ဆက်တယ်။ မရတော့ ၁၉၉ ကို ထပ်ဆက်တယ်။ ဒါလည်း ရဲတွေဘက်က လာတားဆီးကာကွယ်မှုမျိုး မလုပ်ခဲ့ဘူး” ဟု ဖုယွင်းဆန္ဒပြအလုပ်သမားများဘက်က ကူညီပေးနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် အတွင်းရေးမှူး ကိုကျော်မျိုးက ဆိုသည်။

ဖုယွင်အလုပ်သမားသမဂ္ဂဥက္ကဌ မသက်ထားဆွေက ၎င်းတို့ကိုရိုက်နှက်ခဲ့ကြသူများသည် စက်ရုံလုပ်သားများ မဟုတ်ဘဲ ကြေးစားလူမိုက်များဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

အဆိုပါစက်ရုံတွင် ဆန္ဒပြအလုပ်သမားများက သပိတ်စခန်း သုံးခုဖွင့်ထားပြီး နံနက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့သည့် စက်ရုံအနောက်ဘက်သပိတ်စခန်းသည် နောက်ဆုံးဖွင့်ထားသည့် သပိတ်စခန်းလည်းဖြစ်သည်။

အဆိုပါနေရာသည် စက်ရုံဝင်ပေါက်များအား အလုပ်သမားများက ဆန္ဒပြခဲ့သဖြင့် စက်ရုံနံရံကိုဖြိုကာ ဝင်ပေါက်ထွက်ပေါက်လုပ်ထားသည့်နေရာ ဖြစ်သည်။

ဆန္ဒပြရာတွင်မပါဝင်သည့် အခြားအလုပ်သမားများသည် အဆိုပါဝင်ပေါက်မှတစ်ဆင့် စက်ရုံတွင်း ဝင်ထွက်လေ့ရှိပြီး ဝင်ပေါက်ပိတ်ဆန္ဒပြနေသည့် အလုပ်သမားများနှင့် ၎င်းတို့အကြား မည်သည့်ရန်လိုမှုမှ မရှိခဲ့ဟု ဖုယွင်အလုပ်သမားသမဂ္ဂ အမှုဆောင် မသန်းသန်းစိုးက ပြောသည်။

ယခု အကြမ်းဖက်ဖြိုခွဲသူများသည် အလုပ်ဆင်းကြသည့် အလုပ်သမားများမဟုတ်ပဲ အလုပ်ရှင်ဘက်မှ ယခင်ရက်ပိုင်းများထဲက ငှားထားသည် လူအုပ်စုဖြစ်ကြောင်း သူက ဆက်ပြော သည်။

ပြင်းထန်လာသည့်ပေါက်ကွဲမှု

ရန်လိုသည့် လူအုပ်က သပိတ်မှောက်အလုပ်သမားများကို ရိုက်နှက်ပြီးနောက် မိနစ်ပိုင်းအကြာတွင် စက်ရုံအနီးတစ်ဝိုက်မှဒေသခံများနှင့် အလုပ်သမားသပိတ်ကို ထောက်ခံသူများက စက်ရုံကို ခဲများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

မျက်မြင်များ၏အဆိုအရ စက်ရုံအတွင်း ခဲများဖြင့်ပစ်ခတ်မှုကြောင့် စက်ရုံပြတင်းတံခါးနှင့် နေရာအချို့ ပျက်စီးသွားခဲ့သည်။

ထိုအချိန်တွင် အလုပ်သမားများက အကူအညီတောင်းစဉ် ရောက်မလာခဲ့သည့် ရဲများက စက်ရုံကို ကာကွယ်ရန်အတွက် လက်နက်များကိုင်ဆောင်ကာ ရောက်လာခဲ့ကြောင်း အလုပ်သမားရေးရာကိစ္စများ လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ဦးအောင်မြင့်က သူမြင်တွေ့ခဲ့ရပုံများကို ပြောပြသည်။

“အကြမ်းဖက် မခံခင်ရကတည်းက ကျွန်တော် ရဲစခန်းကို ဖုန်းဆက်တယ်။ မလာဘူး။ ဆန္ဒပြသူတွေကို ဖြိုခွဲတာ မြင်ကြတဲ့ လူထုက မခံနိုင်တော့လို့ ရိုက်တဲ့သူတွေနဲ့ စက်ရုံဘက်ကို လက်တုံ့ပြန်တော့ ရဲတွေ ချက်ချင်းကို တုတ်တွေ၊ ဒိုင်းတွေနဲ့ ရောက်လာတယ်။ အလုပ်ရှင်ရဲ့ ကြေးစားတွေက အကြမ်းဖက်တယ်။ လူထုက ပြန်လုပ်တော့ ရဲတွေက တားတယ်ဆိုတော့ ကျွန်တော်မေးချင်တာက အဲ့ဒီလာတားတဲ့ရဲတွေက ကြေးစားတွေလား” ဟု သူက ဆိုသည်။

ထိုကိစ္စနှင့် ပက်သက်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲစခန်းမှူး ဒုရဲမှူးကျောင်ဝင်းမောင်ထံသို့ ဆက်သွယ်ရာတွင် အလုပ်သမားအချင်းချင်း ဖြစ်ပျက်သည့်ကိစ္စရပ်များ ဖြစ်သည့် အတွက် အလုပ်ရှင်နှင့် အလုပ်သမားများသာ ဖြေရှင်းရမှာဖြစ်သောကြောင့် ပထမအခြေအနေတွင် မိမိတို့ ပါဝင်ရန်မသင့်ကြောင်း၊ မိမိတို့ ရဲတပ်ဖွဲ့အနေဖြင့် ပဋိပက္ခ မဆိုးဝါးလာစေရန်သာ ဆောင်ရွက်တားမြစ်ခဲ့ရသည်သာဖြစ်ကြောင်း ဖုန်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ထိုနောက်ပိုင်း အသေးစိတ် ထပ်မံမေးမြန်းရန် ထပ်မံဆက်သွယ်သည့်အခါ အဆက်အသွယ်မရတော့ပါ။

အငြင်းပွားဖွယ် ရဲထုတ်ပြန်ချက်

ကြေးစားလူမိုက်များက သပိတ်စခန်းကို ဝင်ရောက်ရိုက်နှက်ခဲ့သည်ဟု ဒေသခံများနှင့်အလုပ်သမားများက အခိုင်အမာပြောခဲ့သော်လည်း ရိုက်ပွဲဖြစ်ပြီး ရှစ်နာရီခန့်အကြာ လူမှုကွန်ရက် Facebook မှတစ်ဆင့် ရန်ကုန် ရဲတပ်ဖွဲ့က “နေ့စဉ်စက်ရုံ သို့အလုပ်ဆင်းသည့် အလုပ်သမားများ နှင့် ဆန္ဒဖော်ထုတ်နေသူ အလုပ်သမားအချင်းအချင်း စကားများရာမှ ရန်ပွဲများ ဖြစ်ပွားခဲ့ ကြောင်း” ထုတ်ပြန်ခဲ့သည်။

ဆန္ဒပြနေသည့် အလုပ်သမား ၅၀ သည် နေ့စဉ်အလုပ်ဆင်းနေသည့် အလုပ်သမား ၈၆၄ ဦးအား “သပိတ်စခန်း နှင့်ပူးပေါင်းရန်၊ အလုပ်ရှင်နှင့်ပူးပေါင်းခြင်း မပြုလုပ်ကြရန်” စက်ရုံ နောက်ဘက်ရှိ အုတ်တံတိုင်း အပေါက်နေရာတွင် ဟောပြောခြင်း၊ ကြွေးကြော်သံများဖြင့် ကြွေးကြော် ခြင်းများပြုလုပ်နေစဉ် နေ့စဉ်စက်ရုံသို့ အလုပ်ဆင်းသည့် အလုပ်သမားများ နှင့် ဆန္ဒဖော်ထုတ်နေသူ အလုပ်သမားအချင်းအချင်း စကားများရာမှ ရန်ပွဲများဖြစ်ပွားခဲ့ကြောင်း ရဲက ထုတ်ပြန်သည်။

အနည်းဆုံး အလုပ်သမား ၃၂ ဦးသည် ရန်ပွဲအတွင်း ဒဏ်ရာရခဲ့သည်ဟု ရဲက ထုတ်ပြန်ပြီး ၎င်းတို့အနက်မှ ခုနစ်ဦးသည် အတွင်းလူနာအဖြစ် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ကုသမှုခံနေရ သည်ဟု လည်း ရဲထုတ်ပြန်ချက်တွင် ရေးသားသည်။ ပြဿနာကို ရဲက စုံစမ်းစစ်ဆေးနေပြီဟုလည်း ရန်ကုန်ရဲ၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

သပိတ်မှောက်အလုပ်သမားများနှင့် စက်ရုံတို့သည် အဆိုပါဖြစ်စဉ်ကို အပြန်အလှန် အမှုဖွင့်ရန် ကြိုးစားနေကြသည်။

အဆိုပါပြဿနာကို Myanmar Now က စက်ရုံဘက်သို့ မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်း မရှိပါ။

သပိတ်ဘယ်ကစ

သြဂုတ်လအတွင်းက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀ ကို အလုပ်မှထုတ်လိုက်သည့်နောက် အလုပ်ရှင်နှင့် အလုပ်သမားအကြား ပဋိပက္ခ စတင်ခဲ့သည်။

စက်ရုံဘက်ကအကြောင်းပြချက်တွင် အလုပ်သမားများသည် သဘောတူညီချက်အတိုင်း အလုပ်မလုပ်သူများ ဖြစ်ပြီး စာချုပ်ချိုးဖောက်သူ၊ ခွင့်မဲ့ပျက်ကွက်သူများ ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုကျဆင်းအောင် သွေးထိုးလှုံ့ဆော်သူများ ဖြစ်သည့်အတွက် အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း အကြောင်းပြထားသည်။

မပြေလည်မှုများဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမားများက စက်ရုံရှေ့တွင် သပိတ်စခန်း ဖွင့်ခဲ့ကြသည်။ အဆိုပါအလုပ်သမားများအား စက်ရုံဘက်က စက်ရုံပိတ်ဆို့မှုဖြင့် သြဂုတ်လနှောင်း ပိုင်းတွင် အမှုဖွင့်ခဲ့သည်။

ရက်သတ္တပတ်ပေါင်းများစွာ တင်းမာမှုများဖြစ်ပွားနေသည့် အဆိုပါအကျပ်အတည်းကို ဖြေရှင်းရန် အလုပ်သမားများက ရန်ကုန်တိုင်းအစိုးရကို တောက်လျှောက်တောင်းဆိုခဲ့သည်။

ရန်ကုန်တိုင်းအစိုးရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၏အဆိုအရ အလုပ်ထုတ်ခဲ့သည့် အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်ရန် ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် တိုက်တွန်းခဲ့သော်လည်း စက်ရုံဘက်က ပယ်ချခဲ့သည်ဟု ဆိုသည်။

နှစ်လနီးပါးကြာ မပြေလည်မှုများအတွင်း အလုပ်သမားများက ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာ ၇ ရက်က ဆန္ဒပြခဲ့ကြသည်။ အဆိုပါဆန္ဒပြပွဲ ဦးဆောင်သူများအား ကျောက်တံတားရဲစခန်းက ခွင့်ပြုချက်မဲ့ ဆန္ဒပြမှု ပုဒ်မ ၁၉ ဖြင့် တရားစွဲထားသည်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading