သတင်း

ကျောက်ဖြူတွင် AA ထောက်ပံ့သူဟု ဆိုကာ နှစ်ဦး ဖမ်းဆီးခံရ

ယမန်နေ့ (မေ ၂၆) တွင် စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၂ ဦးကို ရက္ခိုင့်တပ်တော် (AA) အား ထောက်ပံ့သူဟု စွပ်စွဲ ဖမ်းဆီးသွားကြောင်း မြို့ခံတချို့နှင့် မိသားစုဝင်များထံမှ သိရသည်။

“AA အတွက် ထောက်ပံ့ကြေးကောက်နေတယ်ဆိုပြီးတော့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ပါသွားတယ်” ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

ကျောက်ဖြူမြို့ပေါ် စေတီတောင်ရပ်ကွက်တွင် နေထိုင်သူများဖြစ်သော အသက် ၄၀ အရွယ် ဦးမောင်သိန်းလှိုင်နှင့် အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်အုန်းနွဲ့တို့ကို မွန်းလွဲ ၃ နာရီခန့်၌ အရပ်ဝတ် လူ ၉ ဦးခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

လာဖမ်းသူများမှာ ကျောက်ဖြူအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၃၄ မှ တပ်ဖွဲ့ဝင်များဖြစ်သည်ဟု သိရကြောင်း ဒေါ်ခင်အုန်းနွဲ့၏ မိသားစုဝင်တစ်ဦးက ပြောသည်။ 

“AA အတွက် ရန်ပုံငွေရှာတယ်ဆိုပြီး မနာလိုတဲ့သူတွေက တိုင်တယ်လို့ ပြောတယ်။ အခု သူတို့က ကျောက်ဖြူမြို့မရဲစခန်းမှာပါ။ သူတို့နဲ့ တွေ့ခွင့်ရပါတယ်” ဟု ထိုသူက ပြောသည်။

“ဘာပြောလို့ရမလဲ သူတို့လုပ်သလိုတော့ ခံရမှာပေါ့။ သူတို့နှစ်ယောက်ကို မနေ့က အရပ်ဝတ်နဲ့ စစ်တပ် တစ်ခုတည်းက လာဖမ်းသွားတာ။ ၉ ယောက်ပါတယ်လို့ ပြောတယ်။ သူတို့က ခလရ ၃၄ ကလို့ ပြောတယ်”

ဦးမောင်သိန်းလှိုင်၏ ဇနီးဖြစ်သူ ဒေါ်ချိုချိုသိန်းကလည်း ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရခြင်းမှာ ဟုတ်မှန်ပြီး မည်သည့်အတွက် အဖမ်းခံရသည်ကို မသိရကြောင်း ပြောသည်။

“ဖမ်းကတော့ ဖမ်းထားတယ်။ သူ့ကို ဘာကိစ္စနဲ့ ဖမ်းသွားတာလဲ မသိဘူး။ ဖမ်းထားတယ်လို့ပဲ ပြောတယ်။ အိမ်ကနေ ဖမ်းသွားတာမဟုတ်ဘူး။ ဘယ်ကနေဖမ်းသွားတယ်ဆိုတာကိုလည်း ကျွန်မ မသိလိုက်ဘူး။ အဆက်အသွယ်ကတော့ ရတယ်” ဟု ၎င်းက ဆိုသည်။

ဦးမောင်သိန်းလှိုင်သည် ကျောက်ဖြူမြို့တွင် ဘေးတွဲအငှားယာဉ်မောင်းသည့်အလုပ်ကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးသည် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရပြီး လာမည့် ဇွန် ၁၀ တွင် ရုံးထုတ် ရမန်ယူမည်ဟု မိသားစုဝင်များထံမှ သိရပြီး Myanmar Now အနေဖြင့် ကျောက်ဖြူမြို့မရဲစခန်းထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

ထိုကဲ့သို့ ဒေသတွင်း စစ်ရေးတင်းမာနေချိန် ULA/AA က ခန့်ထားသည့် ကျေးရွာတာဝန်ခံများနှင့် တိုက်နယ်မှူးတချို့ကိုလည်း စစ်ကောင်စီတပ်က လိုက်လံရှာဖွေခဲ့သည်။

ယမန်နေ့ နံနက် ၈ နာရီခန့်က ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင်လည်း အလားတူ ရှာဖွေသည်ဟု သိရသည်။

ကျောက်ဖြူအခြေစိုက် ခလရ ၃၄ တပ်ရင်းမှ စစ်သား ၇၀ ခန့်က ရမ်းဗြဲမြို့နယ် သရက်ချိုကျေးရွာဘက်မှ လေးတောင်မြို့သို့ ကားနှစ်စီးဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ဦးမောင်မောင်ကြီးဆိုသူနှင့် ULA တိုက်နယ်မှူးဆိုသူတစ်ဦးတို့၏ နေအိမ်ကို ရှာဖွေခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

၎င်းနေအိမ်ကို ၆ ကြိမ်မြောက် ရှာဖွေခံရခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကာယကံရှင် ULA တိုက်နယ်မှူးက ပြောသည်။

“မနက်ပိုင်း ၈ နာရီ ၅ မိနစ်လောက်မှာ ကျွန်တော်တို့အိမ်ကို အရင်ဆုံးဝိုင်းပါတယ်။ ကျွန်တော်ကတော့ သူတို့ လာတယ်လို့ သတင်းရတာနဲ့ အိမ်ကနေ ထွက်သွားတယ်။ နောက်ပြီးတော့ မောင်မောင်ကြီးအိမ်ကို ဝိုင်းပါတယ်။ သူတို့ကတော့ ကျွန်တော်တို့ကို ရရင်ဖမ်းဖို့ အစီအစဉ်ရှိတယ်” ဟု သူက ဆိုသည်။

ပြီးခဲ့သည့် မေ ၆ ကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာကို စစ်ကား ၂ စီးဖြင့် ရောက်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုက ULA ကျေးရွာတာဝန်ခံများကို ဖမ်းဆီးရန် နေအိမ်များကို မွှေနှောက်ရှာဖွေခဲ့ကြသေးသည်။ 

AA ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး သတင်းပေးပို့ကြရန် ယမန်နှစ် သြဂုတ် ၂၃ တွင် ခလရ ၃၄ တပ်ရင်းမှူးက ကျောက်ဖြူမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ခေါ်ယူသတိပေးခဲ့သည်။ 

ယမန်နှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ရခိုင့်ဦးဆောင်ပါတီမှ အမတ်လောင်း ဦးစိန်ချစ်အပါအဝင် ၁၀ ဦးခန့်ကို ရခိုင်ပြည်နယ်ပြင်ပ၌ စစ်တပ်ကို လက်နက်ကိုင်ပြန်ခုခံနေသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထောက်ပံ့သူ၊ ဆက်စပ်သူဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး တချို့ကို ထောင်ဒဏ်စီရင်ပြီးဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button