သတင်း

ပလက်ဝတွင် AA နှင့် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်နေ 

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယနေ့ (၂၆) နံနက်ပိုင်းကတည်း စစ်ကောင်စီ၏ နယ်မြေခံခြေလျင်တပ်ရင်းက လက်နက်ကြီးများနှင့် ပစ်ခတ်နေပြီး ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲ ဖြစ်နေသည်ဟု မြို့ခံအချို့ထံမှ သိရသည်။

စစ်တပ်က AA ရှိရာနယ်မြေအတွင်း ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်နေသည်ဟု ကြားရကြောင်း ပလက်ဝမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။​

“၂၈၉ တပ်ကနေ ပစ်နေတာ ၁၀ နာရီ ၁၂ မိနစ်လောက်ကနေ စပစ်နေတာ၊ အခုဆိုရင် ၂၇ လုံးရှိသွားပြီ။ ဘယ်ဘက်ကို ပစ်လဲဆိုရင် မြို့ရဲ့အနောက်ဘက် ခဝဲ (ရွာ) ဘက်ကို ပစ်နေတာ။ အဲဒီဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောသည်။

ပလက်ဝမြို့မှ အရှေ့ဘက် တစ်မိုင်ကျော်ခန့်အကွာရှိ အမှတ် ၂၈၉ ခြေလျင်တပ်ရင်း (ခလရ) က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေကြောင်း မြို့ခံနောက်တစ်ဦးထံမှလည်း သိရသည်။​

“ဒီမနက်ကတည်းကနေ AA နဲ့ စစ်တပ် တိုက်ပွဲဖြစ်တယ်လို့ ကြားပါတယ်။ အဲဒီဘက်မှာ တိုက်ပွဲဖြစ်နေလို့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။ ခလရ ၂၈၉ ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာ အချက် ၂၀ ကျော်ရှိပြီ” ဟု ထိုမြို့ခံက ပြောသည်။ 

ယမန်နေ့ (မေ ၂၅) တွင် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းတစ်ခု ပလက်ဝမြို့အနောက်ဘက်ရှိ AA တပ်ဖွဲ့ဝင်များ လှုပ်ရှားရာ ပီးချောင်းကျေးရွာအုပ်စုဘက်သို့ ထွက်ခွာသွားသည်ကို ကြားရသည်ဟုလည်း ထိုမြို့ခံအမျိုးသားက ဆိုသည်။

ရခိုင်နှင့် ချင်းပြည်နယ်အစပ်တွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲပြန်ဖြစ်လာသည့်အပေါ် အခြေအနေအသေးစိတ် မသိရသေးပေ။ 

ပလက်ဝမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ပီးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိ ပြီး AA က နယ်မြေစိုးမိုးထားသည်ဟု ဒေသခံများက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ထိစပ်နေသော ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ်ခန့်ကတည်းက AA တပ်ဖွဲ့ ဝင်များ ခြေကုပ်ယူလှုပ်ရှားခဲ့ပြီး အာဏာသိမ်းမီက စစ်တပ်နှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။ 

ထိုဒေသတွင် ရခိုင်လူမျိုးများနှင့် ချင်းလူမျိုးများ ရောနှောနေထိုင်ကြပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းဒေသကာကွယ်ရေး (CDF) အဖွဲ့များ ဖွဲ့စည်းကာ စစ်တပ်ကို ပြန်လည်ခုခံမှုများ ရှိခဲ့ပြီး ပလက်ဝလည်း ပါဝင်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းယူခြင်းမပြုမီ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကတည်းက တိုက်ပွဲများရပ်တန့်နေရာမှ ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဖေဖော်ဝါရီလတွင် ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ကာ ယခုလဆန်းမှစ၍ စစ်ကောင်စီနှင့် AA ကြား အခြေအနေ ပို၍တင်းမာလာသည်။ 

ယခုလ ၁၅ ရက်ကလည်း ပလက်ဝမြို့နယ်ရှိ တပ်စခန်းကို ရိက္ခာလာပို့သော စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို AA တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button