သတင်း

ရသေ့တောင်တိုက်ပွဲအတွင်း အရပ်သူတစ်ဦး ကျည်မှန်သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ – ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ယခုလ ၂၀ ရက်နေ့ ကဖြစ်ပွားသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲအတွင်း မင်းဖူးကျေးရွာသူတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ရာ အဆိုပါသေဆုံးမှုနှင့် ပတ်သက်ပြီး နှစ်ဖက်လက်နက်ကိုင်များက ၎င်းတို့လက်ချက်ကြောင့် မဟုတ်ကြောင်း ငြင်းဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း နေအိမ်တွင်မိသားစုနှင့် အတူရှိနေသည့် အသက် ၁၈ နှစ်အရွယ်မ ရီရီစိုးမှာ ဦးခေါင်းကိုသေနတ်ထိမှန်ပြီး နေရာတွင်ပင် သေဆုံးသွားသည်။

ရသေ့တောင်မြို့နယ် အနောက်ဘက်ရှိ မင်းဖူးကျေးရွာနှင့် နဝယ်ရွာအကြားတွင် မနက် ၁၀ နာရီ ဝန်းကျင်ခန့်မှစတင်ခဲ့သည့် အဆိုပါတိုက်ပွဲတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA က တပ်မတော်စစ်ကြောင်းကို အဝေးထိန်းရီမုမိုင်းဖြင့် တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲစတင်ရခြင်းဖြစ်သည်ဟု တပ်ဘက်က ဆိုသည်။

AA အဖွဲ့ကရွာတွင်းသို့ ဝင်ရောက်ကာ တပ်မတော်ကို ပြန်လည်ပစ်ခတ်ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြားတွင် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးမှ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက Myanmar Now ကို ယမန်နေ့က ပြောသည်။

“(အခု မရီရီစိုးသေတဲ့ဖြစ်ရပ်က) တပ်ရဲ့ပစ်ခတ်မှုကြောင့်ထက် AA အဖွဲ့ရဲ့ပစ်ခတ်မှုကြောင့်လို့တော့ ကျွန်တော်တို့က သုံးသပ်တယ် ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်က စွပ်စွဲသကဲ့သို့ AA သည် ရွာထဲသို့ဝင်ရောက်ကာ တပ်မတော်ကို တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ ရွာနှစ်ရွာကြားတွင် တိုက်ပွဲဖြစ်ပွားပြီးမှ တပ်မတော်က ရွာထဲသို့ဝင်ရောက်ကာ ပစ်ခတ်ခြင်းဖြစ်ကြောင်း AA အဖွဲ့၏ ပြောခွင့်ရ ခိုင်သုခက ပြောသည်။

“ ကျွန်တော်တို့က ရွာသားတွေလိုပုံဖျက်ပြီးလုပ်တာမရှိဘူး။ စစ်စည်းကမ်းအတိုင်းပဲ စနစ်တကျကို ကျွန်တော်တို့က စစ်တိုက်တာ ” ဟု ခိုင်သုခက ပြောသည်။

ရွာအနီး မိုင်းပေါက်ပြီး မကြာမီတွင် ပစ်ခတ်မှုများ စတင်ဖြစ်ပွားကြောင်း နှင့် ရွာအနီးတွင် တပ်ကသာနေရာယူထားပြီး တစ်ဖက်ကပစ်ခတ်သူများကို မမြင်ရကြောင်း တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မင်းဖူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှစောထွန်းက ရှင်းပြသည်။

တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာတွင်းသို့ တပ်မတော်စစ်သားများ ဝင်ရောက်လာပြီး စစ်ဆေးမှုများပြုလုပ်ကြကာ ကျေးရွာသားနှစ်ဦးကို စေတီပြင်ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးမကြာမီတွင် ၎င်းတို့အား စစ်တပ်က ဖမ်းဆီးထားပြီး မြေပေါ်တွင် မှောက်ခိုင်းထားကြောင်း၊ သေနတ်သံများကြောင့် ၎င်း၏ သမီး မရီရီစိုး အိမ်ပေါ်သို့ ပြေးတက်စဉ် မျက်နှာသို့ သေနတ်ထိမှန်သေဆုံးကြောင်းကို ၎င်း၏ဖခင် ဦးမောင်ထွန်းလှက ပြောသည်။

“ရွာနားမှာ တပ်တွေရှိနေတယ်။ ပေါက်ပြီးမကြာဘူး ပစ်ကြပစ်ကြဆိုပြီး ပစ်ခတ်ကြတော့တာပဲ။ တပ်ကပစ်တာပေါ့ ” ဟု ဦးမောင်ထွန်းလှက ပြောသည်။

မရီရီစိုး၏ အလောင်းအား ခွဲစိတ်စစ်ဆေးရန်အတွက် ရသေ့တောင်ဆေးရုံသို့ မနေ့ကညနေပိုင်းတွင် သယ်ယူသွားပြီး မနက်ဖြန်တွင် မင်းဖူးရွာသို့ ပြန်လည်သယ်ဆောင် သင်္ဂြိုဟ်မည်ဟု ဦးမောင်ထွန်းလှက ပြောသည်။

မင်းဖူးရွာတွင် မရီရီစိုးအပြင် အသက် လေးနှစ်အရွယ် ကလေးငယ်တစ်ဦးလည်း လက်နက်ကြီးစ ဦးခေါင်းတွင် ထိမှန်ထားမှုကြောင့် စစ်တွေဆေးရုံတွင် တက်ရောက်ကုသနေရသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားပြီး ရွာထဲသို့ လုံခြုံရေးအရ တပ်မတော်က ဝင်ရောက်စစ်ဆေးကြောင်းနှင့် စစ်ဆေးမေးမြန်းရန်အတွက် မင်းဖူးရွာသား နှစ်ယောက်အား စေတီပြင်ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုသည်။

ဇန်နဝါရီ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအတွင်း အလားတူတိုက်ပွဲမျိုး တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြားဖြစ်ပွားခဲ့ပြီး သမီးလှကျေးရွာသား အသက် ခုနစ်နှစ်အရွယ် မောင်နိုင်စိုးမှာ ဦးခေါင်းတွင် လက်နက်ကြီးကျည်ထိမှန်ပြီး ရက်ပိုင်းအတွင်း သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button