သတင်း

သေ့ဘောဘိုးတိုက်ပွဲတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူး သေဆုံး

ယမန်နေ့ ( မေ ၁၉) ညနေက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲအပြီး တွေ့ရှိသော စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်း ၅ ခုတွင် ခြေလျင်တပ်ရင်း ၃၂ ၏ ဒုတပ်ရင်းမှူး၏ ရုပ်အလောင်းလည်း ပါ၀င်သည်ဟု ဝင်တိုက်ခဲ့သည့် ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။

သေ့ဘောဘိုးစခန်းမှူး ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်ငြိမ်းချမ်း၊ ဗိုလ်ဟန်လင်းထွန်း နှင့် အခြားအဆင့် ၃ ဦး၏ ရုပ်အလောင်းများဖြစ်ကြောင်း၊  လက်နက်အချို့ကို ရရှိခဲ့ကြောင်း ထိုစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို အတည်ပြုသည်။ 

စခန်းမှူးသည် လက်ဖြောင့်တပ်သား၏ကျည်ကြောင့် သေဆုံးခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

“မနေ့ ညနေက စခန်းကုန်းကို ရှင်းပြီးတော့ စခန်းပတ်ပတ်လည်ကနေရာတွေကို နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ ဒုတပ်ရင်းမှူးရဲ့အလောင်းကို တွေ့ရှိရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ယူဆရတာတော့ စနိုက်ပါ မှန်တယ်လို့ ယူဆပါတယ်” ဟု ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံအမျိုးသားက ဆိုသည်။

“အလောင်းမှာတွေ့ရတာ ကျည်က ကျွန်တော်တို့ဘက်က စနိုက်ပါ ထိသွားတဲ့ ပုံစံပါခင်ဗျ”

ကော်ဘရာစစ်ကြောင်း (Cobra Column) မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အတူ ပူးတွဲတိုက်ခိုက်နေသည့် ဒေသခံတပ်ဖွဲ့တစ်ခု ဖြစ်သည်။ 

တိုက်ပွဲအတွင်း တပ်ကြပ်ကြီး ၂ ဦး၊ တပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး၊ တပ်သား ၃ ဦး တို့ကို အရှင်ဖမ်းမိထားသည်ဟု ဆိုသည်။ 

ထိုစခန်းကုန်း ကျပြီးနောက် စစ်ကောင်စီတပ်သားတချို့ အနီးရှိ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထွက်ပြေးသွားကြောင်း ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားတာ တွေ့ရတယ်ဗျ။ သောင်ရင်းမြစ်ထဲကနေ သေနတ်တစ်လက် သိမ်းဆည်းရမိတာ ရှိသလို ထိုင်းစစ်သားတွေ ကူညီပေးတဲ့ သက်သေကိုလည်း ရရှိထားပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး ထိုင်းစစ်တပ်ထံမှ တုံ့ပြန်ချက် မရသေးပေ။

မြန်မာ စစ်သား ၁၀ ဦးထက်မနည်းကို ထိုင်းစစ်တပ်က ဖမ်းဆီးထားပြီး မဲဆောက်မြို့တွင် ထိန်းသိမ်းထားကာ ပြန်ပို့ဆောင်ရန် နှစ်ဖက်ညှိနှိုင်းနေကြောင်း တိုက်ပွဲသတင်းများ ဖော်ပြလေ့ရှိသော The Voice Of Spring ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မြဝတီ- ဝေါ်လေ ကားလမ်းဘေး သေ့ဘောဘိုးရွာအနီးရှိ သေ့ဘောဘိုးစခန်းကုန်း ကျသွားပြီးနောက် ယမန်နေ့ မေ ၁၉ က တွေ့ရစဉ်။ (ဓာတ်ပုံ-Cobra Column)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ ၃၂ မှ ခန့်မှန်းအင်အား ၅၀ ခန့် ရှိသော သေ့ဘောဘိုးစခန်းကို KNLA ပူးပေါင်းတပ်များက မေလ ၁၈ တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ 

ထိုစခန်းကို သိမ်းယူရန် ဦးဆောင်သူများမှာ KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း (၂၇)၊ တပ်ခွဲ (၂) မှ ဒုခွဲမှူး ဗိုလ်ဒါ့ဘော (ကော်ဘရာစစ်ကြောင်း၏ စစ်ကြောင်းမှူး)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)မှ ဗိုလ်အယ်စေးဝါးတို့ပါဝင်ကြောင်း KNLA  ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ (KNU) က ယနေ့ ထုတ်ပြန်သည်။ 

ခလရ- ၃၂ နှင့် ခမရ – ၅၅၉ သည် တပ်စခန်းအနီးရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်လေ့ရှိပြီး ဒေသခံ ထိခိုက်သေဆုံးမှုများရှိသောကြောင့် KNLA မှ ထိုစခန်းကို သိမ်းယူရန် စီစဉ်ခဲ့ရကြောင်း ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပါပစ်ကူခဲ့သည့် ထိုစခန်းသိမ်းတိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်များဘက်မှ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရခဲ့သည်။ 

မြဝတီ- ဝေါ်လေ ကားလမ်းဘေး သေ့ဘောဘိုးရွာအနီးရှိ သေ့ဘောဘိုးစခန်းကုန်းသည် ၁၉၉၀ ပြည့်နှစ် ကတည်းက စစ်တပ်က KNU ထံမှ သိမ်းပိုက်ပြီး စခန်းချထားသည့်နေရာ ဖြစ်သည်။ 

KNU တပ်မဟာ ၆ နယ်မြေဖြစ်သော မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသအတွင်း ယမန်နှစ် ဒီဇင်ဘာမှ စတင်၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလာသည်။ 

ပြီးခဲ့သည့် မတ် ၂၁ ကလည်း မြဝတီမြို့နယ်၊ မော်ခီးရွာရှိ စစ်ကောင်စီ၏ မဆုတ်တမ်းစခန်းအဖြစ် သတ်မှတ်ထားသည့်စခန်းကို  KNLA က ဝင်ရောက် တိုက်ခိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းနိုင် ခဲ့သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တွင် တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားတတ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button