သတင်း

စစ်သည်ချွေးနှဲစာ ထည့်ဝင်ရသည့် ဦးပိုင်အမြတ်ငွေ ခွဲမပေးနိုင်ဟု စစ်ကောင်စီ ဝန်ခံ

စစ်သည်များ မဖြစ်မနေ အစုရှယ်ယာထည့်ဝင်ရသည့် စစ်တပ်၏ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ဘဏ္ဍာနှစ် တစ်နှစ်ကုန်တိုင်း ထုတ်ပေးနေကျ အမြတ်ငွေများကို အာဏာသိမ်းပြီးနောက် မပေးနိုင်ဖြစ်နေကြောင်း စစ်ကောင်စီက ယနေ့ (မေ ၁၉) တွင် ဝန်ခံလိုက်သည်။

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်သည် ၂၀၂၁ စက်တင်ဘာလကုန်တွင် ကုန်ဆုံးသွားခဲ့ရာ ထိုနှစ် အောက်တိုဘာ၊ နိုဝင်ဘာလကတည်းက ထုတ်ပေးရမည့် အမြတ်ငွေကို ၇ လ ကျော်လာသည်အထိ စစ်ကောင်စီက မထုတ်ပေးနိုင်၍ အောက်ခြေ စစ်သည်မိသားစုနှင့် ပင်စင်စားများ အခက်ကြုံနေရသည်ကို Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

နေပြည်တော်သတင်းစာရှင်းလင်းပွဲ၌ တပ်ထောက်ခံသူ ဒေါ်ဆွေဇင်ဦးဆိုသူက ယင်းနှင့်စပ်လျဉ်း၍ မေးမြန်းရာတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဟုတ်မှန်ကြောင်း ပြောသည်။

 “ဦးပိုင်ရဲ့ အမြတ်ငွေလေးတွေကို တပ်မတော်သားနဲ့ တပ်မတော်သားမိသားစုတွေဟာ မျှော်လင့်နေကြပါတယ်။ အဲဒါလေး ဗိုလ်ချုပ်ကို သတင်းပေးပါတယ်” ဟု ၎င်းက ပြောသည်။ 

ဒေါ်ဆွေဇင်ဦးသည် ဇွန် ၁၂ ရက် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် တပ်ထောက်ခံသူများကို လက်နက်တပ်ဆင်ပေးရန် တောင်းဆိုခဲ့ဖူးသည်။

ဦးပိုင်အမြတ်ငွေနှင့် ပတ်သက်သည့် မေးမြန်းမှုကို “တပ်မတော်အကြီးအကဲလည်း သိပြီးသား ဖြစ်ပါတယ်။ အားလုံးကလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်သည်။

လွန်ခဲ့သည့် နှစ် ၂၀ ကျော်မှစ၍ ဦးပိုင်တွင် စစ်သားတိုင်း ရာထူးအဆင့်အလိုက် သတ်မှတ်ငွေကြေးကို ရှယ်ယာအဖြစ် ထည့်ဝင်ရခြင်းဖြစ်သည်။

၁၉၉၀ တွင် ထူထောင်ပြီး မြဝတီဘဏ်အပါအဝင် ကဏ္ဍစုံ လုပ်ငန်းကြီး ၅၀ ဝန်းကျင်ရှိသည့် ဦးပိုင်တွင် အောက်ခြေစစ်သည်များမှာ နှစ်စဉ် ထည့်ရသည့် ကျပ် ၁၅သိန်းအတွက် လစာမှ ပုံမှန်ဖြတ်တောက်ခံရသည်။

ဗိုလ်ကြီးအဆင့်မှ ဗိုလ်မှူးအထိ တစ်နှစ်လျှင် သိန်း ၃၀၊ ဒုတိယဗိုလ်မှူးကြီးအဆင့်နှင့်အထက် သိန်း ၅၀ မဖြစ်မနေထည့်ဝင်ရသည်ဟု ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် အရာရှိများထံမှ သိရသည်။

လက်ရှိတွင် နိုင်ငံအနှံ့ ခုခံမှုကြောင့် အောက်ခြေစစ်သည်တို့ စစ်မျက်နှာအများအပြား ရင်ဆိုင်နေရချိန်တွင် ချွေးနှဲစာထဲမှ ခုနှိမ်ခံရကာ ပြန်ရထိုက်သည့် ဦးပိုင်အမြတ်ငွေ မရသဖြင့် မကျေလည်မှုများရှိနေသည်ဟု CDM တပ်မတော်သားအချို့က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ ယခုနှစ် ဧပြီ ၄ တွင် CDM ဝင်လာသူ ဗိုလ်ကြီးရဲမင်းဦးက စစ်ကောင်စီသည် စစ်သည်များ ရထိုက်သည့် ဦးပိုင်အမြတ်ငွေကို မပေးဘဲ စစ်ခေါင်းဆောင် ဂုဏ်ပြုခံသည့် ဗိုလ်ရှုသဘင်၊ တပ်မတော်နေ့နှင့် သင်္ကြန်ကာလ ပျော်ပွဲရွှင်ပွဲများတွင် သုံးပစ်သည်ဟု ယူဆကြောင်း ပြောသည်။

“CDM လုပ်လာပြီဆိုကတည်းက ကျန်ခဲ့တဲ့ ပစ္စည်းတွေကော၊ အဲဒီ ဦးပိုင်အမြတ်ငွေတွေကော ဘာတွေကော အကုန်လုံး နိဗ္ဗာနပစ္စယောဟောတုပဲ။ ဒီကောင် (စစ်ခေါင်းဆောင်) တွေ အသုဘစရိတ်လို့ပဲ သတ်မှတ်ထားတာ” ဟု ဗိုလ်ကြီးရဲမင်းဦးက ပြောသည်။

လက်ရှိတွင် လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်နေပြီဖြစ်သည့် ၎င်းမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည်ဟု သိရသည်။

ဦးပိုင်အမြတ်ငွေ ခွဲမပေးနိုင်ခြင်းမှာ လက်ရှိ တပ်အခြေအနေကို ထင်ဟပ်ခြင်းပင်ဖြစ်ကြောင်း တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း (မှော်ဘီ) တွင် သင်ကြားရေးဆိုင်ရာတာဝန်ခံအဖြစ် နောက်ဆုံးတာဝန်ထမ်းခဲ့ပြီး ဧပြီလအတွင်းက CDM ဝင်လာသူ အမျိုးသမီးတပ်အရာရှိ ဗိုလ်ကြီးခင်ပပထွန်းက ပြောသည်။

“မဖြစ်မနေကို ထည့်ထားရပြီး အမြတ်ငွေကို မျှော်လင့်နေကြတဲ့သူတွေ အောက်ခြေမှာ အများကြီးပဲ။ အဲဒီအမြတ်ငွေလည်း မပေးနိုင်ဘဲ အခုဆိုရင် တပ်မတော်အခြေအနေက တော်တော်ဆိုးနေတာပေါ့။ အကုန်ပြိုလဲပြီးတော့” ဟု ၎င်းက ပြောသည်။

ကိုယ်တိုင်လည်း တပ်ကို စွန့်ခွာလာချိန်အထိ အစုရှယ်ယာထည့်ဝင်ထားသည့် ဦးပိုင်အမြတ်ငွေ မရကြောင်း ဗိုလ်ကြီးခင်ပပထွန်းက ဆိုသည်။

“ထည့်ပြီး ပြန်မှမရပဲကိုး။ ပလုံသွားတဲ့ ပိုက်ဆံပေါ့နော်။ အဲဒီတော့ ရေစက်ပဲ ချလိုက်တယ်” ဟု သူက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးဦးပိုင်ထုတ် အရက်၊ ဘီယာ၊ စီးကရက် စသည့် ကုန်ပစ္စည်းများကို ပြည်သူများက မသုံးစွဲဘဲ သပိတ်မှောက်ကြသဖြင့် တပ်ပိုင်စီးပွားရေးလုပ်ငန်းများ ပြိုလဲကာ ဦးပိုင်အမြတ်ငွေများ ထုတ်မပေးနိုင်ခြင်းဟု ယူဆကြောင်းလည်း ဗိုလ်ကြီးခင်ပပထွန်းက ဆက်ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် လုပ်ရပ်ကို ပြည်သူတို့က တုံ့ပြန်ကြရာတွင် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်သည့် နည်းလည်းပါဝင်ရာ မြန်မာဘီယာနှင့် ဆက်သွယ်ရေးကုမ္ပဏီ Mytel တို့၏ အမြတ်ငွေ ထိုးကျခဲ့သည့် ဖြစ်စဉ်များမှာ ထင်ရှားသည်။

မြန်မာဘရူဝါရီကုမ္ပဏီထူထောင်၍ မြန်မာဘီယာကို ဦးပိုင်နှင့် ဖက်စပ်ထုတ်ခဲ့သည့် ဂျပန်ကီရင်ကုမ္ပဏီ၏ ၂၀၂၁ မေလက ထုတ်ပြန်သည့် အစီရင်ခံစာအရ သုံးလအတွင်း ရောင်းအား ၄၆ ရာခိုင်နှုန်း ထိုးကျသွားကြောင်း သိရသည်။

ကီရင်သည် စစ်တပ်နှင့် စီးပွားရေးပူးပေါင်းမှုကို လက်တွဲဖြုတ်၍ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။

ထို့အတူ ဗီယက်နမ်နှင့် စစ်တပ်ချင်းပူးပေါင်းကာ မြန်မာတွင် ထူထောင်ထားသည့် Mytel မှာလည်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး သုံးလအတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅ သန်းခန့် ထိခိုက်ခဲ့သည်ဟု Justice for Myanmar အဖွဲ့က ထုတ်ပြန်ထားဖူးသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ နိုင်ငံအနှံ့ အရှိန်မြင့်နေရာတွင် Mytel တာဝါတိုင်နှင့် ဆက်သွယ်ရေးစက်များ ဖျက်ဆီးခံနေရသည့် ဖြစ်စဉ်များလည်း အထင်အရှားရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button